Wisdom Hill ကျောင်း ဗစ်တိုးရီးယား အမှု - သမီးလေး အတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆရာမတောင်းဆို

သက်ငယ်မုဒိန်း
Image caption သမီးလေးနဲ့ရင်းနှီးတဲ့ ဆရာမ နှင်းနု

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့် သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကလေးဖြစ်သူရဲ့ ဆရာမ ဒေါ်နှင်းနှင်းနု နဲ့ ဘီဘီစီက သွားရောက် မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ ။ အရင်ဆုံး ဆရာမ နာမည် နဲ့ ဒီမှာ တာ၀န် ယူထားတာလေး မိတ်ဆက်ပေးပါ။

နှင်းနု ။ ကျွန်မ နာမည်ကတော့ ဒေါ်နှင်းနှင်းနုပါ။ တာဝန်ယူထားတာကတော့ အတန်းပိုင်ပေါ့။

ဘီဘီစီ ။ အခင်းဖြစ်တဲ့နေ့ မေလ ၁၆ နေ့၊ အဲ့ဒီနေ့က ဆရာမ ဘယ်အချိန်ရောက်လဲ သိရှိခဲ့တဲ့ အခြေအနေလေး ပြောပြပေးပါဦး။

နှင်းနု ။ ကျောင်းကိုတော့ ၇ နာရီခွဲလောက်မှာ ရောက်တယ်၊ အခင်းဖြစ်တယ်လို့ သိရှိခဲ့ရတာကတော့ နောက်နေ့ မနက်ခင်းမှပေါ့ ။

ဘီဘီစီ ။ အခုပြောနေတဲ့ ဗစ်တိုးရီးယားလေးဟာ ၁၆ ရက်နေ့မှာ ကျောင်းကို ဘယ်အချိန်ရောက်နေတာလဲ။

နှင်းနု ။ ဗစ်တိုးရီးယား က ကျောင်းကို ၉ နာရီကျော်မှ ရောက်လာတာ၊ ၉ နာရီကျော်မှာ ရောက်တဲ့ အခါ ကလေးတွေက ကဗျာတွေ ဆိုနေပြီ နိုင်ငံတော် သီချင်းတွေ ဆိုနေပြီ၊ နိုင်ငံတော် သီချင်း ဆိုတယ် ကဗျာ ဆိုတယ်။ ဆိုပြီး သွားတဲ့အချိန်မှာ ကလေးတွေကို ရှူးတယ်ဖို့ ဆိုပြီး ဆရာမ နှစ်ယောက်က အိမ်သာကို လိုက်ပို့ပေးတယ်၊ မိန်းကလေး တဖွဲ့ ယောက်ျားလေး တဖွဲ့ပေါ့ ၊ အဲလို လိုက်ပို့ပြီးတဲ့ အချိန်မှာ သူတို့ ရှူးတွေ ဘာတွေ ပေါက်ပြီးတော့မှ Roll Call ခေါ်တယ် ၊ အဲ့လို ခေါ်ပြီးမှ ကလေးတွေနဲ့ ဆရာမ မိတ်ဆက်တယ်၊ ကလေးတွေအချင်းချင်း မိတ်ဆက်တယ်။ မိတ်ဆက်ပြီးမှ ကလေးတွေကို နေ့ ၇ နေ့ လ ၁၂လ အကြောင်း သင်ပေးတယ်၊ ပြီးမှ ဒီနေ့ သင်မယ့် သင်ခန်းစာနဲ့ ပတ်သက်တဲ့ ဂိမ်းတွေ ဘာတွေ လုပ်တယ် Activity လုပ်တယ်။

ဘီဘီစီ ။ အဲ့ဒီနေ့မှာ သမီးလေး ဘယ်အချိန် ပြန်သွားလဲ။

နှင်းနု ။ လေးနာရီ ကျော်လောက်မှ ပြန်သွားတယ်။

ဘီဘီစီ ။ ဆရာမနဲ့ ဗစ်တိုးရီးယား နဲ့ ရင်းနှီးတာ ကြာပြီလား။

နှင်းနု ။ ကျောင်းအပ် ကတည်းက ကိုယ့်ကို အပ်ခဲ့တာ ဆိုတော့ ကိုယ်ကပဲ ထမင်းကျွေး အစစ အရာရာ လုပ်ပေးတာ ဆိုတော့ သမီးလေးက ရင်းနှီးတယ်ရှင့်။

ဘီဘီစီ ။ အခင်းဖြစ်တဲ့နေ့ ကကော အောင်ကြီးက ကျောင်းကို လာတယ်လို့ စီစီတီဗီ မှတ်တမ်း အရ သိရတယ်။ အောင်ကြီး ကျောင်းကို ရောက်လာတဲ့၊ သူပြန်သွားတဲ့ အခြေအနေ ပြောပြပေးပါ။

နှင်းနု ။ အဲ့ဒီ အောင်ကြီးကိုလည်း မသိဘူး ၊ သူဘယ်အချိန် ရောက်လာလည်း မသိဘူး ။ ကျွန်မက တီချယ် ဒေါ်ဥမ္မာလှိုင် ပြန်သွားမယ်လို့ ပြောတဲ့အချိန်မှာ သူဧည့်ခန်းမှာ ထိုင်နေတာ တွေ့လိုက်တယ် ဒါတောင် နောက်က ပြင်တာ ဆိုဖာပေါ်မှာ ထိုင်နေတာ မြင်လိုက်တယ်။

ဘီဘီစီ ။ အောင်ကြီး ဒီကျောင်းထဲ ရောက်နေချိန်မှာ ဆရာ ဆရာမတွေ ကလေးတွေရော ရှိသေးလား ။

နှင်းနု ။ ဟုတ်ကဲ့ ၊ ကျောင်းထဲမှာ ဆရာ ဆရာမတွေကော ကလေးတွေလည်း ရှိပါတယ်။

ဘီဘီစီ ။ ဒီကလေးဟာ ပြန်ချိန်မှာ ဖယ်ရီ ပျက်သွားတယ် ဆိုတော့ အဲဒီ အကြောင်း သိသလောက် ပြောပြပေးပါ။

နှင်းနု ။ ဖယ်ရီ ပျက်တယ် ဆိုတာတော့ မသိဘူးရှင့်။

ဘီဘီစီ ။ ဒီကလေး ကျူးလွန်ခံရတယ် ဆိုတာကို ဆရာမ အနေနဲ့ ဘယ်တော့မှ သိရတာလဲ။

နှင်းနု ။ အခင်းဖြစ်ပြီးနေ့ ၁၇ ရက်နေ့ကျမှ သမီးလေးရဲ့ မိဘတွေရယ် ရဲအရာရှိတွေရယ် လာလို့ သိရတာပါ။

ဘီဘီစီ ။ အဲဒီအချိန်မှာ သူတို့ ဘာလုပ်ကြလဲ ။

နှင်းနု ။ သမီးလေးကို ခေါ်လာတော့ သမီးလေးကလည်း အဲဒီ အချိန်မှာ ကိုယ့်ကိုပဲ ချစ်တဲ့ အခါကျတော့ ကိုယ့် နာမည် လှမ်းခေါ်တယ်၊ ခေါ်တဲ့ အချိန်မှာ ဟယ် သမီးလေး လာတယ်လို့၊ ကိုယ်က ထွက်ကြိုတယ်၊ ဒီအခန်းထဲကို ရဲအရာရှိတွေရယ် သမီးလေး မိဘတွေရယ် လာတယ်၊ လာပြီးတော့ သမီးလေး ဒီလို ဖြစ်သွားတယ် ဆိုတာ ပြောပြတယ်၊ သမီးလေးကိုလည်း အခန်းတွေ အကုန် လိုက်ပြတယ်၊ တခြားသူတွေကိုလည်း ပြတယ် သူက သူ့သူငယ်ချင်းတွေပါ၊ သမီးဘယ်နေရာမှာ ဖြစ်တာလဲ၊ ဘယ်နေရာလဲလို့ ပြောတယ်၊ သူ အပေါ်ထပ်တွေလည်း လိုက်ပြတယ်၊ ဒီအခန်းထဲမှာ မဟုတ်ဘူးလို့ သမီးလေးက ပြောတယ်၊ အိမ်သာဘက် လည်း လိုက်ပြတယ် ၊ မဟုတ်ဘူးလို့ပဲ ပြောတယ်။ အဲဒီအခါမှာ ဒီကလေးလေးတွေ အိပ်နေတာ ပြတယ်၊ သူကတော့ ဒါသူ့သူငယ်ချင်းတွေပါလို့ ပြောတယ်။

ဘီဘီစီ ။ ဘာလာလုပ်တာလဲ။

နှင်းနု ။ ဒီကလေးတွေ အိပ်နေတာကို သမီးလေးကို ဘယ်ကိုကို လုပ်တာလဲ ဆိုပြီး လိုက်မေးတယ် ၊ သမီးလေးကတော့ ဒါသူ့သူငယ်ချင်းတွေလို့ပဲ ပြောတယ်။

ဘီဘီစီ ။ ခု အင်တာနက်မှာ ပြန့်နေတာ ရှိတယ်၊ ဆရာမ နှင်းနု သိတယ်၊ ကိုကို လုပ်တာ ပါ ။ ဆရာမနှင်းနုတောင် ဆူလိုက်သေးတယ်လို့ ပြောနေတဲ့ အပေါ်မှာ ဒီစကားက ဘာကို ရည်ညွှန်းတာလဲ၊ အဲဒါကို ဆရာမ ဘယ်လို ယူဆလဲ။

နှင်းနု ။ ကလေးကတော့ အဲဒီ အချိန်မှာ ကိုကို လုပ်တာလို့လည်း လာမတိုင်ဘူး ၊ အဲဒီ ကိုကို ကိုလည်း ကျွန်မ မဆူလိုက်ဘူး ရှင့် ။

ဘီဘီစီ ။ ကလေးက ကိုကို ဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ။

နှင်းနု ။ ကိုကိုဆိုတာကတော့ သူ ဒီကျောင်းခန်းထဲမှာ တခါမှ မခေါ်ဘူးရှင့်၊ ကလေးတွေထဲလည်း ကိုကို ဆိုတာ မရှိဘူးရှင့် ။

ဘီဘီစီ ။ အဲဒီတော့ ဆရာမ နှင်းနု သိတယ်၊ ဆရာမ နှင်းနု ကတောင် ဆူလိုက်သေးတယ် ဆိုတဲ့ ပြောဆို ဝေဖန်မှုတွေကို ဆရာမ အနေနဲ့ ဘာပြန်ရှင်းပြချင်လဲ ။

နှင်းနု ။ ဘယ်လို ရှင်းပြချင်လဲ ဆိုတော့ ၊ အကယ်ရွေ့ ကလေးက ဆရာမကို လာပြောရင်တော့ အခန်းထဲမှာ ကိုယ်တယောက်တည်း ရှိတာလည်း မဟုတ်ဘူး ၊ ကိုယ့်ကို လာပြောရင် တခြား ဆရာမတွေလည်း ကြားမှာပဲ၊ အဲဒီနေ့က သမီးလေး ကလည်း လာမတိုင်ဘူး အဲဒီ ကိုကို ကိုလည်း မဆူလိုက်ဘူး ။ ပြောချင်တာကတော့ ကိုယ်ကတော့ အမှန် တရားကိုပဲ ပေါ်ချင်တာပါပဲ။

ဘီဘီစီ ။ အဲဒီ ကိုကို ကို မဆူလိုက်ဘူး ဆိုတာ ဘယ် ကိုကို ကို ပြောတာလဲ။

နှင်းနု ။ ဘယ် ကိုကို ကိုမှ မဆူလိုက်တာ ဆရာ၊ ကိုကို ဆိုတဲ့ နာမည်လည်း မရှိဘူး ၊ သမီးကလည်း ကိုကို ဆိုတဲ့ နာမည်နဲ့ လာမတိုင်ဘူး။

ဘီဘီစီ ။ ဒီကျောင်းရဲ့ ကျောင်းအုပ် ဆရာမ ဒေါ်ဥမ္မာရဲ့ သားတွေ ကျောင်းကို လာလေ့ ရှိလား။

နှင်းနု ။ ဆရာမကြီးသားတွေက ဒီကျောင်းကို လာလေ့ မရှိဘူး။ လာတာလည်း တခါမှ မတွေ့ဖူးဘူး၊ ကျွန်မ ရှိနေတဲ့ အတောအတွင်း ပေါ့။

ဘီဘီစီ ။ ခု ဆရာမကို စီအိုင်ဒီက ခေါ်ယူ စစ်ဆေးတယ် သိရတယ်၊ ဘယ်နှစ်ကြိမ် အစစ်ရလဲ။

နှင်းနု ။ စီအိုင်ဒီက စစ်တာ ကိုးကြိမ် ရှိပြီ။

ဘီဘီစီ ။ အဓိက သူတို့က ဘာတွေ မေးလဲ။

နှင်းနု ။ သူကတော့ အဓိက ကျောင်းရဲ့ နေ့စဉ် လှုပ်ရှားမှု မေးတယ်။

ဘီဘီစီ ။ ဒီကလေး အခုလို ဖြစ်သွားတော့ ကိုယ့်စိတ်ထဲ ဘယ်လို ဖြစ်သွားလဲ။

နှင်းနု ။ ကလေးကိုလည်း ကိုယ်ကချစ်၊ ကိုယ်ကလည်းချစ် ၊ ကြားကြားချင်းတုန်းကဆိုရင် ပြောမပြတက်အောင်ပါပဲ၊ ကိုယ်က သူ့ရဲ့ ဒုတိယ မိခင်လို ဖြစ်နေတာလေ၊ မအေ ဆိုတာကနော့ သမီးလေးကို ကျောင်းလွှတ်လိုက် တာပဲ ၊ အဓိက ပြုစုစောင့်ရှောက် ရတာ ကိုယ်က ၂၄ နာရီ ကိုယ်ပဲ ဆိုတော့ ကြားကြားချင်း အတိုင်းမသိအောင်ပါပဲ။ ဘယ်လို ပြောရမှန်းကို မသိဘူး၊ ဖြစ်တဲ့နေ့ကတည်းက ခုချိန်ထိ လုံး၀ အိပ်မရဘူး။

ဘီဘီစီ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါ်ဥမ္မာမျိုး ရဲ့ ဒရိုင်ဘာ အောင်ကြီးကို ဖမ်းဆီး ရုံးတင် ဖမ်းချုပ်လိုက်တယ် ဆိုတော့ ဒီဖြစ်စဉ်မှာ အောင်ကြီး ကျူးလွန်တယ်လို့ ယူဆလား။

နှင်းနု ။ ကျွန်မ မျက်စိရှေ့မှာ ကလေးတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ဒီအမှုကို ကျူးလွန်တာ မမြင်လိုက်မိဘူးရှင့်။

ဘီဘီစီ ။ တကယ်လို့ အောင်ကြီးဘက်က သက်သေ ထွက်ဆို ပေးပါ ဆိုရင် ဆရာမ ဘယ်လို ထွက်ဆိုမလဲ။

နှင်းနု ။ ကျွန်မဘက်ကတော့ အမှန်အတိုင်း ထွက်ဆို ပေးမှာပါ ။

ဘီဘီစီ ။ စီစီတီဗီ မှတ်တမ်း အရ ကလေးကို အောင်ကြီး ပုံပြတယ်၊ ကလေး ထွက်ဆိုချက် မှတ်တမ်း နဲ့ တရားစွဲဆို လိုက်တယ်၊ စီစီတီဗီမှတ်တမ်း အရ အောင်ကြီး ဖြစ်နိုင်လား။

နှင်းနု ။ ကျွန်မ တို့ ဆရာမ တွေ ရှိနေတဲ့ အတောအတွင်း သမီးလေးကလည်း အထဲမှာ ရှိနေတဲ့ အတွက် ဖြစ်နိုင်ခြေ မရှိပါဘူး။

ဘီဘီစီ ။ အခု Justice For Victoria ဆိုပြီး အမှုမှန် ပေါ်ပေါက်ဖို့ ဝိုင်းပြောနေတာ ရှိတယ်လေ ဆရာမ အနေနဲ့ ဘယ်လို မြင်မိလဲ။

နှင်းနု ။ သူတို့က သမီးလေး အတွက် စိုးရိမ်လို့ အမှန်တရား ပေါ်ပေါက်စေချင်တာပေါ့နော်၊ အမှန်တရားကို ဖော်ထုတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ဘီဘီစီ ။ ဆရာမ အနေနဲ့ကော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်စေချင်လဲ။

နှင်းနု ။ ကျွန်မ အနေနဲ့လည်း သမီးလေး အတွက် အမှန်ပဲ ပေါ်ချင်တာပါ။

ဘီဘီစီ ။ အခု ဒီအမှုနဲ့ ပတ်သက်ပြီး လူတွေကို ဘာပြောပြချင်လဲ ။

နှင်းနု ။ ကလေးလေး ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောမပြတက်အောင် ခံစားရပါတယ်။ သူကလည်း သမီးလေးလို ဖြစ်နေတော့ ပြည်သူတွေ အားလုံး ဝန်းရံပေးပါလို့။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆရာမ နှင်းနုနဲ့ ဘီဘီစီ သီးသန့် မေးမြန်းချက် ရုပ်သံ

ဒီသတင်းနဲ့ပတ်သက်သမျှ