ဗစ်တိုးရီးယား အမှုအတွက် လူသက်သေ၊ ရုပ်ဝတ္ထုသက်သေများ

ဓာတ်ပုံ မူပိုင် MOI Myanmar
Image caption ဒုရဲချုပ် အောင်နိုင်သူရဲ့ ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲ

ဗစ်တိုးရီးယားရဲ့ အမှုမှာ သက်သေအထောက်အထား အများအပြားရှိပါတယ်။ လူသက်သေတွေရော၊ သက်မဲ့သက်သေတွေပါရှိကြပါတယ်။

Wisdom Hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား (နာမည်ရင်းမဟုတ်)ကို တစုံတယောက်က မုဒိမ်းပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိဘတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဗစ်တိုးရီးယားရဲ့ မအင်္ဂါမှာ သွေးစတွေ့လို့ ဆေးရုံမှာ သွားပြခဲ့ရာမှာ ဆရာဝန်က ထိုးသွင်းဒဏ်ရာတွေ့ကြောင်း၊ သုက်ပိုးတွေ့ကြောင်းပြောခဲ့လို့ မိဘတွေက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်က သုက်ပိုးတွေ့ကြောင်း ပြောတာဟာ ဒီအမှုရဲ့ ပထမဆုံး သက်သေတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်က ရဲအရေးပိုင်တဲ့အမှု ဖြစ်သွားတဲ့အတွက် ဆေးမှတ်တမ်းဟာ စောင့်ထိန်းရမယ့် အရာဖြစ်သွားပြီမို့ မိဘကို မပေးခဲ့ဘူးလို့ ဗစ်တိုးရီးယားရဲ့ ဖခင်က ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဗစ်တိုးရီးယားက သူ့ရဲ့ အမျိုးသမီး အင်္ဂါက ဒဏ်ရာကို ကိုကိုလုပ်တာ၊ တီချယ် နှင်းနုသိတယ်၊ ကိုကို့ကိုတောင် ဆူလိုက်သေးတယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာ သူ့မိခင်ကို ပြောခဲ့ကြောင်း ဗစ်တိုးရီးယားရဲ့ ဖခင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။ ရဲရှေ့မှာလည်း အဲသလို ပြောကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် အောင်နိုင်သူ က အတည်ပြုပြောကြားပါတယ်။

Image caption ဗစ်တိုးရီးယားပြောတဲ့ ဆရာမနှင်းနုသိပါတယ်ဆိုသူ

ဒီအချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက ဆရာမ ဒေါ်နှင်းနှင်းနုကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ - အခုအင်တာနက်မှာ ပျံ့နေတာလည်း ရှိတယ်။ နောက်ကလေးရဲ့ မိဘက မီဒီယာတခုမှာ အင်တာဗျူးဖြေထားတယ်ပေါ့။ ဆရာမနှင်းနုသိတယ်၊ ကိုကိုလုပ်တာပေါ့လေ။ ဆရာမနှင်းနုတောင် ဆူလိုက်သေးတယ်လို့ ပြောပါတယ်။ ဒီပြောဆိုတာနဲ့ ပတ်သက်ပြီး ကိုကိုဆိုတာ ကလေးက ဘယ်သူ့ကိုရည်ညွှန်းတာလဲ။ အဲဒါကို ဆရာမအနေနဲ့ ဘယ်လိုယူဆလဲ။

ဆရာမဒေါ်နှင်းနှင်းနု - ဟို ကလေးကတော့ အဲဒီနေ့မှာ ကျွန်မကို ဟို ဥစ္စာပေါ့။ ကိုကိုလုပ်တယ်လို့လည်း လာမတိုင်ဘူးရှင့်။ အဲဒီကိုကိုကိုလည်း ကျွန်မ မဆူလိုက်ဘူးရှင့်။

ဘီဘီစီ - ကလေးက ကိုကိုဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ။

ဆရာမဒေါ်နှင်းနှင်းနု - ကိုကိုဆိုတာတော့ ဒီကျောင်းခန်းထဲမှာ သူတခါမှ မခေါ်ဖူးဘူးရှင့်။ ဒီကလေးတွေကလည်း ကိုကိုဆိုတဲ့ နာမည်မရှိဘူး။

ကျောင်းရဲ့ တာဝန်ရှိသူတွေက ကျောင်းထဲကို အမျိုးသား အဝင်အထွက် မရှိဘူး၊ ကျောင်းထဲမှာ သက်ငယ်မုဒိမ်းမှု မဖြစ်နိုင်ဘူးလို့ မိဘတွေနဲ့ ရှင်းလင်းပြောဆိုရာမှာ ပြောခဲ့ပါတယ်။

ကျောင်းစာသင်ခန်းရှေ့က စီစီတီဗွီ လုံခြုံရေး ကင်မရာကို ဗစ်တိုးရီးယားရဲ့ ဖခင်က ကြည့်ခွင့်ရခဲ့ရာမှာတော့ ကျောင်းထဲကို အမျိုးသားတယောက် အဝင်အထွက် ရှိကြောင်း တွေ့ခဲ့ပါတယ်။ အဲဒီအချက်ကို ဗစ်တိုးရီးယားရဲ့ ဖခင်က ထောက်ပြခဲ့ပါတယ်။

အဲဒီအမျိုးသားက ကျောင်းရဲ့ ယာဉ်မောင်းအသစ် အောင်ကျော်မျိုး ခေါ် အောင်ကြီး ဖြစ်ပါတယ်။

ကျောင်းစာသင်ခန်းထဲကနေ အောင်ကြီးထွက်လာတဲ့ စီစီတီဗွီပုံရိပ်ကို ဗစ်တိုးရီးယားက တွေ့ချိန်မှာ အဲဒါကိုကိုပဲလို့ ကလေးက ပြောပါတယ်။ သူကိုယ်တိုင် သူ့မိဘရှေ့မှာ ပြောပါတယ်။ အဲဒီကိုကိုက သမီးကို ဘာလုပ်တာလဲလို့ မေးတော့ သမီးကို ပထမ ဟောဒီပေါင်ကို ဆွဲလိမ်တယ်။ ပြီးတော့ သမီးရဲ့ ဒီထဲကို နှိုက်ပါတယ်လို့ ကလေးကိုယ်တိုင်က ပြောတာပါ။ ကလေးက ညာပြောစရာ အကြောင်းမရှိဘူးလို့ ဒုရဲချုပ် အောင်နိုင်သူက ဇူလိုင်လ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကလေးရဲ့ဖခင်ကလည်း " CCTV မှတ်တမ်းကို သမီးလေးကို ပြကြည့်တဲ့အခါမှာတော့ မိမိဖင်ဘုကို ဆိတ်တာ ဒီကိုကိုဆိုပြီးတော့ လက်ညိုးထိုးပြီး ပြဖူးတယ်။ ကျွန်တော်တို့က အဲဒါကို ဗီဒီယို မှတ်တမ်းတင်ထားတယ်။ အဲဒါကို ကျွန်တော်တို့က တင်ပြထားတယ်။ အဲဒီသက်သေ တစ်ခုထဲနဲ့ ဖမ်းတယ်လို့တော့ မထင်ဘူးဗျ ၊ တခြားဒီထက်ပိုပြီးခိုင်မာတဲ့ သက်သေတော့ ပြဖို့လိုမယ်ထင်တယ် " သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို စာနဲ့ ဖြေကြားခဲ့ပါတယ်။

ဒီထွက်ဆိုချက်ဟာ ကာယကံရှင်ရဲ့ အရေးကြီးဆုံး လူသက်သေထွက်ဆိုချက် ဖြစ်နိုင်ပါတယ်။

Wisdom Hill မူကြိုကျောင်းက ဆရာမ ဒေါ်နီလာအေးကတော့ အောင်ကြီး ဖြစ်နိုင်မယ်မထင်ဘူးလို့ ပြောပါတယ်။ အောင်ကြီး ဘယ်အချိန်ဝင်လာပြီး ဘယ်အချိန်ပြန်ထွက်သွားတယ်ဆိုတာကို သူမသိပါဘူး။ ဒါပေမယ့် ဗစ်တိုးရီးယားဟာ ဆရာမ ၄ ယောက်အနီးမှာ တချိန်လုံးရှိနေတယ်၊ တနေ့တာလုံးမှာ ဗစ်တိုးရီးယားလေး ရောက်တဲ့အချိန်ကနေ ပြန်တဲ့အချိန်ထိ ညီမတို့လက်ဝယ်မှာ ကလေးက လက်ပူးလက်ကြပ် ရှိနေတယ်လို့ ဆိုပါတယ်။

ဒုရဲချုပ် အောင်နိုင်သူကတော့ အောင်ကြီးကို မသင်္ကာ လို့ ပထမအကြိမ် ခေါ်ယူစစ်ဆေးစဉ်က သိမ်းထားတဲ့ အောင်ကြီးရဲ့ အတွင်းခံဘောင်းဘီမှာ သုက်ပိုးတွေ့ရတယ်လို့ ဆိုပါတယ်။

DNA သက်သေအထောက်အထားနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးမြန်းရာမှာတော့ ဗစ်တိုးရီးယားရဲ့ မိခင်က အဝတ်အစားတွေကို ရေစိမ်ပစ်လိုက်လို့ DNA သက်သေအထောက်အထားကို အားကိုးလို့ မရတော့ဘူးလို့ ပြောပါတယ်။

ဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ ပြုကျင့်ခံရတဲ့ အနေအထားတွေ့တယ်၊ သွေးလည်းတွေ့တယ်၊ သွေးနဲ့အတူ သုက်ပိုးတွေ့တယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီသုက်ပိုးကနေ DNA ဘာ့ကြောင့် စစ်ဆေးလို့ မရသလဲဆိုတဲ့ အချက်ကတော့ မရှင်းလင်းပါဘူး။

Image caption နစ်နာသူမိန်းကလေး တက်ခဲ့တဲ့ မူကြိုကျောင်း

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အဲဒီစီအိုင်ဒီတို့ ဘာတို့ ဆိုတာလည်း နိုင်ငံတကာ ကျွမ်းကျင်သင်တန်းတွေ ဘာတွေ တက်ထားတာ မဟုတ်ဘူးဗျ။ စစ်တပ်အသွင်ပြောင်းရဲတွေ၊ ဘာမှ မကျွမ်းကျင်ဘူး။ အဲဒီ DNA ကြောင့် လွတ်သွားတဲ့ အမှု၊ DNA ကြောင့် ချလိုက်တဲ့ အမှု တမှုမှ မရှိဘူးလို့ ဆိုပါတယ်။

ကျောင်းဆောင်ထဲက ထွက်လာတဲ့ အောင်ကြီးဟာ သူ့လက်ကို သူနမ်းနေတာကို စီစီတီဗွီကင်မရာထဲမှာတွေ့ခဲ့ရတယ်လို့လည်း ဒုရဲချုပ် အောင်နိုင်သူက ပြောပါတယ်။

ဒါ့အပြင် ဒုရဲချုပ် အောင်နိုင်သူက သူ့ရဲ့ မှန်းဆတွေးတောချက်ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

ကလေးက ဒီအရွယ်လေးမှာ ဒီလူကြီးက လုပ်တာကို ကလေးက ဒီလောက်လေးပဲလားလို့ (ဒီလောက်လေးပဲ ဒဏ်ရာရသလားလို့)အဲသလို သုံးသပ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ သို့သော် ကျွန်တော်တို့ ဒါနှမချင်း မစာနာလို့ ပြောတာ မဟုတ်ပါဘူး။ ကလေးက ပြောနေတာ သူလက်နဲ့ လုပ်ပါတယ်လို့ ပြောနေတာ။ အဲသလိုဆိုရင် ဘာပြုလို့ sperm (သုက်ပိုး) ရှိနေတာလဲလို့ ခင်ဗျားတို့ မေးမှာပေါ့။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားမယ်လို့ (ပေါင်ကြားကို ညွှန်ပြရင်းပြော)ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင်တော့ ဒီ sperm ဟာ ပါသွားနိုင်ပါတယ်။

ဒါက ဒုရဲချုပ်ရဲ့ ယူဆချက်၊ မှန်းဆချက်ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

Image caption အစွပ်စွဲခံရသူ အောင်ကြီးရဲ့ မိခင် ဒေါ်ရီ

အောင်ကျော်မျိုး ခေါ် အောင်ကြီးအပါအဝင် လူတချို့ကို တန်းစီရပ်ခိုင်းပြီး ကလေးငယ် ဗစ်တိုးရီးယားကို ရွေးချယ်ညွှန်ပြခိုင်းဖို့ အစီအစဉ်လည်းရှိကြောင်း အောင်ကြီးရဲ့ မိခင်က ဘီဘီစီကို ပြောပါတယ်။

လူမှုကွန်ရက်မှာ ဒီအမှုကို ဖွင့်ချခဲ့သူတွေကတော့ မူကြိုကျောင်းအုပ် ဒေါ်ဥမ္မာလှိုင်နဲ့ စီအိုင်ဒီရဲအုပ်ဟောင်း ဦးရဲနောင်စိုးတို့ရဲ့ သားနှစ်ဦးကို စွပ်စွဲမှုတွေ ရှိပါတယ်။ ကလေးငယ်က ပြောတဲ့ ကိုကိုဆိုတာ ဒေါ်ဥမ္မာလှိုင်ရဲ့သားတွေကို ပြောတာလို့ ယူဆကြောင်း စွပ်စွဲချက်တွေ ရှိပါတယ်။ ဒေါ်ဥမ္မာလှိုင့်သားနှစ်ယောက်ရဲ့ ပုံတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

တန်းစီရပ်ပြမယ့် လူတွေထဲမှာ အဲသလို အများစွပ်စွဲခံရတဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက် ဘာ့ကြောင့် မပါဝင်တာလဲလို့ အောင်ကြီးရဲ့ မိခင် ဒေါ်ရီက စောဒက တက်ပါတယ်။ ဒေါ်ဥမ္မာလှိုင့်ရဲ့ သားနှစ်ယောက်ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အတွက် ဗစ်တိုးရီးယားက မြင်ဖူးနေပြီး လက်ညှိုးထိုးပြလိုက်ရင် သူ့သားတွေနားကားသွားမယ်လို့ ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း စီအိုင်ဒီအရာရှိဟောင်းက ပြောကြောင်း ဒေါ်ရီက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ကလေးမုဒိမ်းမှု အများအပြား တိုးပြီးဖြစ်ပေါ်နေတဲ့ အနက် အခု ဗစ်တိုးရီးယား အမှုဟာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ကန့်ကွက် အရေးဆိုမှု အများဆုံး အမှုလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ