သံသယတရားခံကို ဗစ်တိုးရီးယား မိသားစု ဘယ်လို သဘောထားလဲ

ဗစ်တိုးရီးယားအမှု
Image caption ကျောင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကို မောင်းတဲ့သူကို သံသယတရားခံ အဖြစ် ဖမ်းဆီးထား။

Wisdom Hill မူကြိုကျောင်းသူလေး သက်ငယ်မုဒိမ်း ပြုကျင့် ခံခဲ့ရမှု ပထဆုံးအကြိမ် ရုံးချိန်းရောက်ဖို့ သီတင်းတစ်ပတ်ပဲ လိုပါတော့တယ်။

ကျောင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကိုမောင်းတဲ့ ကိုအောင်ကြီးကို ရဲက ဖမ်းပြီး မုဒိမ်းမှုနဲ့ ပုဒ်မတပ် တရားစွဲထားတာပါ။

လာမယ့် ဇူလိုင် ၁၅ ရက် တနင်္လာနေ့ဆိုရင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ တရားလိုက နစ်နာသူ ကလေးငယ်ရဲ့ မိခင် ဖြစ်ပါတယ်။

ဘယ်လို အချက်အလက်တွေ အပေါ် အခြေခံပြီး သံသယတရားခံ တစ်ယောက်ကို ရဲက ဖမ်းဆီး တရားစွဲထားလဲ ဆိုတာကို မသိရသေးဘူးလို့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

အကြောင်းကတော့ ဒက္ခိဏ ခရိုင် ဥပဒေရုံးက ဒီအမှုအကြောင်း တရားလို ရှေ့နေတွေနဲ့ လောလောဆယ် မဆွေးနွေး နိုင်သေးဘူးလို့ ငြင်းဆိုထားတဲ့ အတွက် ဖြစ်ပါတယ်။

ဒီ အမှုမှာ ဖမ်းဆီးထားတဲ့ သံသယတရားခံနဲ့ ပတ်သက်ပြီး "ဗစ်တိုးရီးယားလေး" မိသားစုနဲ့ တရားလို ရှေ့နေတွေက ဘယ်လို ထင်မြင်ယူဆထားလဲ၊ ဥပဒေကြောင်း အရ ဘာတွေ ပြင်ဆင် နေလဲ ဆိုတာကို တရားလို ရှေ့နေတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေါ်ရွက်နုအောင်ကို ဘီဘီစီ မေးမြန်းထားပါတယ်။

( ၃ နှစ် မပြည့်တဲ့ ကလေးငယ်လေး ဘယ်သူဘယ်ဝါ ဆိုတာကို မဖော်ပြရမယ့် ကျင့်ဝတ်ကို မြန်မာလူမှု ဝန်းကျင်က လိုက်နာပြီး အောင်နိုင်သူ "ဗစ်တိုးရီးယား" ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။ )

ဘီဘီစီ။ ။ ဒေါ်ရွက်နုအောင်က တရားလို ရှေ့နေ အဖြစ်ဆောင်ရွက်မယ် ဆိုတာ အောင်ကြီးကို သံသယတရားခံ အဖြစ် စစ်ဆေးမယ့် တရားခွင်မှာ တရားလို မိသားစု ဘက်က ရှေ့နေ အဖြစ် လုပ်ဆောင်မယ် ဆိုတဲ့ အဓိပ္ပာယ်လား၊ ဒါမှမဟုတ် ဗစ်တိုးရီးယားလေးနဲ့ ပတ်သက်သမျှ ကိစ္စ အထွေထွေတွေမှာ ဥပဒေကြောင်းဆိုင်ရာ ကိုယ်စားပြု ဆောင်ရွက်ပေးမှာလား။

ဒေါ်ရွက်နုအောင်။ ။ ဒီအမှုမှာ လောလောကတော့ ကျွန်မရယ်၊ တရားလွှတ်တော် ရှေ့နေ ကိုမျိုးဇော်ဦးရယ် နှစ်ဦးက လိုက်ပါ ဆောင်ရွက်မှာပါ။ ကျွန်မတို့က တရားလိုရဲ့ ရှေ့နေတွေ ဖြစ်တဲ့ အတွက် ဥပဒေအရာရှိရဲ့ ကြီးကြပ်မှုအောက်ကနေ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၃ အရ ကျွန်မတို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဓိက အားဖြင့် အောင်ကြီး တရားခံ အဖြစ်ပါတဲ့ အမှုမှာ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒါပေမယ့် လိုအပ်မယ်ဆိုရင် နောက်ထပ် ဘယ်လို ကိစ္စတွေပဲ ရှိရှိ ဗစ်တိုးရီးယားလေး အတွက်ကို တတ်နိုင်တဲ့ ဘက်က ဥပဒေနဲ့အညီ ကူညီ ဆောင်ရွက်ပေးမှာပါ။

ဘီဘီစီ။ ။ ဒီအမှုမှာ ရဲက အောင်ကြီးဆိုသူကို သံသယ တရားခံ အဖြစ် ဖမ်းတယ်၊ ရုံးတင်တယ်၊ ဒါပေမယ့် ဗစ်တိုးရီးယားတို့ မိသားစုက တရားလို၊ အဲဒီလိုလား။

ဒေါ်ရွက်နုအောင်။ ။ ဒီအမှုမှာ တရားလိုက ဗစ်တိုးရီးယားလေးရဲ့ မိခင်ပါ။

ဘီဘီစီ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားလေးရဲ့ မိသားစုက ရှေ့နေကို ဘာတွေ ပြောလဲ။

ဒေါ်ရွက်နုအောင်။ ။ သူတို့က အခင်းဖြစ်တဲ့ ဖြစ်စဉ် အတိုင်းပဲ ပြောပါတယ်။ အဲဒီနေ့က ကျောင်းပို့တယ်၊ ကျောင်းပြန်လာတာ နောက်ကျတယ်၊ ထမင်းချက်တယ် လုပ်တဲ့ အခါမှာ သမီးလေး ဆီးသွားချင်တယ်၊ မရဘူး၊ နောက်ပိုင်း ဖင်ဘုနာတယ် ဆိုပြီး သမီးလေး ငိုတယ်၊ ဒီ ဖြစ်စဉ် ဖြစ်တယ်ပေါ့၊ ဖြစ်တဲ့အခါမှာ ချက်ခြင်းပဲ ဆေးရုံနဲ့ ရဲစခန်းတွေကို သွားတယ်။ အဲဒီ အဖြစ်မှန်တွေကို ဗစ်တိုးရီးယားလေး မိသားစုက တိုင်ကြားခဲ့တယ်။ တိုင်ကြားလိုက်တဲ့ အခါမှာ ဘယ်သူဟာ တရားခံလဲ ဆိုပြီး တာဝန်ရှိသွားတာ တရားစွဲအဖွဲ့အစည်းနဲ့ ရဲမှာပဲ တာဝန်ရှိတယ်။ ခရိုင်တရားရုံးမှာ စွဲတင်လိုက်တဲ့ အချိန်ကျတော့မှ အောင်ကြီးကို တရားခံ အဖြစ် တရားစွဲ တင်ပို့ထားတယ် ဆိုတာ သိရတယ်။ ရဲသည် တရားစွဲ အဖွဲ့အစည်းသည် ဘယ်လို အချက်အလက်တွေအပေါ် မူတည်ပြီးတော့မှ ဒီ အောင်ကြီးကို တရားခံ အဖြစ် စွဲခဲ့တာလဲ ဆိုတာကို ဗစ်တိုးရီးယားလေးရဲ့ မိသားစု အပါအဝင် သူတို့ရဲ့ ရှေ့နေ ကျွန်မတို့တောင် အတိအကျ မသိရသေးဘူး။

ဘာ့ကြောင့်လဲဆိုတော့ သံသယတရားခံ အောင်ကြီးကို ရုံးတင် တရားစွဲထားတယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာပဲ၊ ဇူလိုင် ၅ ရက် သောကြာနေ့မှာ ကျွန်မတို့ ခရိုင် ဥပဒေရုံးကို သွားပြီး အဲဒီအမှုတွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့်တောင်းတယ်။ ခရိုင်ဥပဒေ အရာရှိက ဆွေးနွေးခွင့် မပေးနိုင်သေးဘူး၊ လောလောဆယ် ဆွေးနွေးခွင့် မပြုနိုင်သေးဘူးလို့ ငြင်းဆို လိုက်တယ်။ ဒါ့ကြောင့် ကျွန်မတို့က အဲဒီ အမှုတွဲကို လေ့လာခွင့် မရခဲ့ဘူး။

ဒီတော့ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ဒီအမှုကို တည်ဆောက်တဲ့ စီအိုင်ဒီနဲ့ ရဲဟာ ဘယ်အချက်အလက်တွေ၊ ဘယ်တွေ့ရှိချက်တွေ အရ၊ ဒီလိုမျိုး အောင်ကြီးကို တရားခံအဖြစ် စွဲတာလည်း ဆိုတာကို ကျွန်မတို့ ကောင်းကောင်း မသိရဘူး။

ကျွန်မတို့ ဒီ (ဇူလိုင် ၉ရက်) အင်္ဂါနေ့မှာ ခရိုင် ဥပဒေ အရာရှိနဲ့ ပြန်ပြီးတော့ ချိန်းဆို ထားတာတော့ ရှိပါတယ်။ အဲဒီအခါ ကျွန်မတို့ ဘာတွေ ဆွေးနွေးခွင့် ရမလဲ၊ မရဘူးလဲဆိုတာ အဲဒီအချိန်မှ သိရမှာပါ။

Image caption ဒီအမှုမှာ တရားလိုက ဗစ်တိုးရီးယားလေးရဲ့ မိခင်

ဘီဘီစီ။ ။ ပုံမှန် အတိုင်းဆိုရင်ရော ရုံးတော်ဘက်က ဘယ်လောက် အချိန်ယူပြီးမှ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို နှစ်ဘက် ရှေ့နေရှေ့ရပ်တွေကို အသိပေးတာ၊ မိတ္တူကူးတာတွေ ခွင့်ပြုလဲ။

ဒေါ်ရွက်နုအောင်။ ။ အခု ကျွန်မတို့ တွေ့နေရတဲ့ အခက်အခဲက တရားရုံးတော်နဲ့ မဆိုင်ပါဘူး၊ ဥပေဒရုံးပါ။ တရားရုံးတော်ကို ရောက်နေတဲ့ အမှုတွဲကိုလည်း တနင်္လာနေ့ (ဇူလိုင် ၈ ရက်) မှာ ကျွန်မတို့ တရားဝင်ကူးဖို့ စီစဉ်ထားတယ်။ အဲဒီဟာတော့ ကျွန်မတို့ ချက်ခြင်းရလိမ့်မယ်လို့ ယူဆတယ်။

တရားရုံးမှာ ရှိတဲ့ အမှုတွဲနဲ့ ဥပဒေရုံးမှာ ရှိတဲ့ အမှုတွဲ ဆိုတာ မတူဘူးရှင့်။ တရားရုံးမှာ ရှိတဲ့ အမှုတွဲကတော့ တိုင်စာတို့၊ တိုင်ချက်၊ ရှာဖွေပုံစံနဲ့ စာရွက်စာတမ်းတွေ ပါတာပေါ့။ ဥပဒေရုံးမှာ ရှိနေတဲ့ အမှုတွဲထဲမှာ အောင်ကြီးကို တရားစွဲခွင့်ပြုဖို့ ပေးလိုက်တဲ့ ဥပဒေအရာရှိရဲ့ အကြံပြုချက်တွေ ပါတာပေါ့။

ဘီဘီစီ။ ။ အောင်ကြီးကို တခါ ပြန်လွှတ်ပေးပြီးမှ အခု တရားခံပါဆိုပြီး ထပ်ဖမ်းပြီး တရားရုံးတင်ထားတဲ့ အပေါ် ဗစ်တိုးရီးယားလေးတို့ မိသားစုက ဘယ်လို သဘောထားမျိုး ရှိနေပါလဲ။

ဒေါ်ရွက်နုအောင်။ ။ အမှန်အတိုင်းပဲ ဖြစ်စေချင်တာပါ။ ဗစ်တိုးရီးယားလေးရဲ့ မိသားစု အနေနဲ့ လူတစ်ယောက်ကို ထောင်ချချင်တဲ့အတွက် ဒီအမှုကို တရားစွဲဆိုတာ မဟုတ်ပါဘူး။ သမီးလေးရဲ့ နစ်နာမှု အပေါ်မှာ တရားစွဲတာပါ။ ကျွန်မတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းတွေ၊ မုဒိမ်းမှုတွေဟာ တရားရုံးကိုရောက်တာ တော်တော်လေး ရှားပါတယ်။ တရားခွင်ကို ရောက်လာတဲ့ မုဒိမ်းမှုတွေဟာလည်း တကယ့်ကို အမှန်တရား ဖြစ်ဖို့ လိုအပ်ပါတယ်။

အခုအမှုက တရားခွင်ကို မရောက်ခင် စပြီး တိုင်လိုက်ချိန်ကတည်းက အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အမှုတွဲ တည်ဆောက်ပြီးတဲ့ နောက်မှာ တရားခံဟာ ကိုအောင်ကြီးပါ ဆိုပြီး ပြောလိုက်တဲ့ အခါမှာလည်း ဘယ်လောက် အတိုင်းအတာထိ မှန်ကန်မလဲ ဆိုတာ ကျွန်မတို့ အနေနဲ့ မပြောနိုင်သေးတဲ့ အနေအထား ရှိနေတယ်ပေါ့။

ဆိုလိုချင်တာက တရားမျှတမှုနဲ့ အမှန်တရားကိုပဲ ရှာဖွေတာပါ။ လူတစ်ယောက်ကို ထောင်ကျစေချင်တဲ့ စိတ်နဲ့ ဒီအမှုကို တိုင်ခဲ့တာ မဟုတ်ဘူး။ မဖြစ်မနေ တရားခံပဲ ဆိုပြီး ဆွဲထုတ်လာတဲ့ အခြေအနေမျိုးကိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် မလိုချင်ဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption စီအိုင်ဒီရုံးရှေ့ လူထောင်ချီ ဆန္ဒပြ

ဘီဘီစီ။ ။ လူမှု အသိုင်းအဝိုင်းထဲမှာလည်း ရန်ကုန်အပါအဝင် တချို့မြို့တွေမှာ ဗစ်တိုးရီးယားလေး အတွက် တရားမျှတမှု ဖော်ဆောင်ပေးပါဆိုတဲ့ တောင်းဆိုသံတွေနဲ့ လူတွေ စုဝေး လှည့်လည်တာတွေ လုပ်လာတယ်။ တရားရုံးတော်ကို တရားခံတစ်ယောက်ရောက်လာတဲ့ အခြေအနေမှာလည်း တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ ထပ်ပြီး လိုနေသေးတယ်ဆိုတဲ့ သဘောတာအမြင်မျိုးတွေ တွေ့နေရတယ်။ ဒီတော့ ကာယကံရှင် မိသားစုနဲ့ ဒေါ်ရွက်နုအောင်တို့လို ရှေ့နေတွေ အနေနဲ့ရော အခုအခြေအနေဟာ အမှန်တရားကို ဆက်ပြီး ဖော်ထုတ်ပေးဖို့ လိုအပ်နေသေးတဲ့ အခြေအနေလို့ ယူဆထားကြလား။

ဒေါ်ရွက်နုအောင်။ ။ အမှန်တရားကို ဆက်ပြီး ဖော်ထုတ်ပေးဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ အခြေအနေ ဆိုပြီး တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ သတ်မှတ်ထား ကြတာဟာ အားလုံး သိသာနေတဲ့ အခြေအနေတစ်ခု ဖြစ်နေတာပေါ့။ ကျွန်မတို့ကတော့ တရားခွင်မှာ ရှိနေတဲ့ ကျွန်မတို့ရဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်မယ်။

ဘီဘီစီ။ ။ ဒီအမှုမှာ လွတ်မြောက်နေဆဲ ကျူးလွန်သူ/ကျူးလွန်သူတွေ ရှိနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာလား။

ဒေါ်ရွက်နုအောင်။ ။ ပြည်သူတွေက တရားမျှတမှုကို တောင်းဆိုနေတယ် ဆိုတာ တရားမျှတမှု ရရှိဖို့ လိုအပ်နေသေးတယ်လို့ ယူဆတဲ့ အတွက် တောင်းဆိုကြတာပါ။ ဥပမာ ဆိုလိုရှိရင်၊ တရားခံဟာ အောင်ကြီးဆိုပြီး တရားခွင်ကို ရောက်လာခဲ့တယ်၊ ဒါဆိုရင် ဒီကျောင်းရဲ့ ပရိဝုဏ်ထဲမှာ ဖြစ်ခဲ့ရဲ့သားနဲ့ သမီးငယ်လေးရဲ့ အင်္ကျီကိုလဲပြီးတော့ ဆေးကြော ပေးခဲ့တယ် ဆိုတဲ့ ဆရာမနှင်းနု၊ နောက်ပြီးတော့ သမီးငယ်လေးက အစကတည်းကပြောတဲ့ "ကိုကို" ဆိုတဲ့ဟာ။ အမှန်တရားရှာဖွေတဲ့ အခါ ဒါတွေဟာ ဘာ့ကြောင့် မပါလာရတာလဲ ဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်လေ။ အဲဒီလို ရှိနေတဲ့ အတွက် ဒါဟာ အမှန်တရား ဖော်ထုတ်ဖို့ လိုအပ်နေသေးတယ်လို့ ပြည်သူတွေက ယူဆနေကြတာ။

ဘီဘီစီ။ ။ အောင်ကြီးကို ရုံးတင်ပြီး စစ်တော့မယ့် တရားခွင်မှာ ဒေါ်ရွက်နုအောင်တို့လို တရားလိုရှေ့နေတွေက ဒီလူကတော့ ကျူးလွန်သူပါ၊ အပြစ်ရှိပါတယ် ဆိုပြီး လျှောက်လဲ ရမှာ မဟုတ်ဘူးလား။

ဒေါ်ရွက်နုအောင်။ ။ အမှုတွဲရဲ့ ပေါ်ပေါက်ချက်က ဘာတွေ ရှိတယ်ဆိုတာ ကျွန်မတို့ မသိသေးဘူး ဆိုတာ စောစောက ကျွန်မပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ လူတစ်ယောက် ထောင်ကျဖို့ အတွက် ဗစ်တိုးရီးယား ဘက်က လိုက်ပါ ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှုနဲ့ အမှန်တရား ပေါ်ပေါက်ရေး အတွက်သာ ဆောင်ရွက်တာ ဖြစ်တဲ့ အတွက်၊ အမှုတွဲရဲ့ ပေါ်ပေါက်ချက် အခြေအနေကို ကြည့်ပြီးတဲ့ နောက်မှာမှ သုံးသပ်ပြီး လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Hnin Nu