ဦးဝီရသူကို ဝရမ်းကပ် ပြီ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန် တိုက်ခိုက်တဲ့ ဧပြီလ ၂၉ရက်နေ့ တနင်္သာရီတိုင်း မြိတ်မြို့ကဟောပြောပွဲ ဓာတ်ပုံ မူပိုင် Aung Kyaw
Image caption နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန် တိုက်ခိုက်တဲ့ ဧပြီလ ၂၉ရက်နေ့ တနင်္သာရီတိုင်း မြိတ်မြို့ကဟောပြောပွဲ

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံ ဖြေရှင်းဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့က အမိန့်ချမှတ် လိုက်ပါတယ်။

တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ ဝရမ်းထုတ်ဆင့်လိုက်ပြီး ဦးဝီရသူ နေထိုင်ခဲ့တဲ့ နေရာတွေမှာ တရားရုံးကြေညာချက် လိုက်ကပ်မှာ ဖြစ်တယ်လို့ တရားရုံးက သတင်းထောက်တွေကို ပြောပါတယ်။

"ထွက်ပြေးတိမ်းရှောင်သူ နေထိုင်ခဲ့တဲ့ မြို့ကျေးရွာ နေရာတွေမှာ စာကပ်ရမယ်၊ အဲဒါ ရဲ က ကပ်ရမယ် "လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃)ဦးမင်းသန့်က ဇူလိုင် ၉ ရက်နေ့ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဒီ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ ဆိုရင်တော့ နေထိုင်ခဲ့တဲ့ မြို့ကျေးရွာ နေရာတွေမှာ စာကပ်ရမှာ ဖြစ်သလို ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ်ပြီးသိမ်းဆည်းလို့ရတယ် လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် ကပြောပါတယ်။

"ဒါပေမဲ့ ရဟန်းသံဃာတွေနဲ့ ပက်သက်လို့ ကျောင်းကို ဝရမ်းကပ် ချိတ်ပိတ်တာ မျိုးတော့ မတွေ့ဘူးသေးဘူး"လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။

ဦးဝီရသူကို ဘယ်သူက အရေးယူမှာလဲ

တရားရုံးက တရားခံပြေး မသတ်မှတ်သေးတဲ့ ဦးဝီရသူ

ဦးဝီရသူ၊ ကမ္မဋ္ဌာန်းနည်းကို ရှုတ်ချရေးရာက ပေါက်သွားသူ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစိုးရိမ်တိုက်သစ်တွင်း က ဓမ္မသဟာယကျောင်းတိုက်

ဦးဝီရသူတရားခံပြေး ဖြစ်ပြီလား

တရားရုံးလုပ်ထုံးလုပ်နည်းအရ ဆိုရင်တော့ အခုထိတော့ တရားခံပြေး ကြေညာ တာမျိုး မရှိသေးပါဘူး ။

အခုလို တရားရုံးက ရက် ၃၀ အတွင်း လာရောက်ဖို့ ထုတ်ပြန်ကြေညာ ချက်အမိန့်ထုတ်တာဟာ ဦးဝီရသူကို တရားခံ ပြေး အဖြစ်သတ်မှတ်ဖို့ အတွက် လုပ်ငန်းစဉ် တစ်ခုဖြစ်တယ် လို့လည်း တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကပြောပါတယ်။

"ရက် ၃၀ အတွင်းမလာရင် သူက တရားခံပြေး ဖြစ်ပြီ၊ တရားခံပြေးဖြစ်ရင် ရဲတပ်ဖွဲ့တင်မဟုတ်ဘူး လူတွေကပါ ဖမ်းပြီး စခန်းအပ်လို့ ရပြီ" လို့လည်း သူ ကပြောပါတယ်။

ဦးဝီရသူအမှုကိုစစ်ဆေးနေရာမှာ ရုံးချိန်း ၇ ခါစစ်ဆေးပြီး တရားလို သက်သေ ၉ ဦးစလုံး ကို စစ်ဆေး ပြီးပြီဖြစ်လို့ ဇူလိုင်လ ၉ ရက်နေ့ က တရားရုံးကအခုလို မိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။

ဦးဝီရသူ အရင်နေထိုင်တဲ့ မစိုးရိမ်တိုက်သစ်တွင်း က ဓမ္မသဟာယကျောင်းတိုက် မှာတော့ တရားရုံးကြေညာချက်ကပ်တာ မတွေ့ရသေးဘူးလို့လည်း မန္တလေးက ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် VEN-VICITTAR BHIVAMSA'S VK VIDEO
Image caption လာမယ့် သြဂုတ် လ ၉ရက်နေ့ မှာ ရဲက ၀ရမ်းကို ပြန်သွင်းဖို့ ရုံးချိန်းဆင့်ထားပါတယ် ။

နောက်ရုံးချိန်းဘယ်တော့လဲ

လာမယ့် သြဂုတ် လ ၉ရက်နေ့ မှာ ထုတ်ပြန်ချက် ရက် ၃ဝ ပြည့်မှာဖြစ်ပြီး တော့ ရဲက ၀ရမ်းကို ပြန်သွင်းဖို့ ရုံးချိန်းဆင့်ထားပါတယ် ။

အဲဒီနောက် တရားခံပြေး ကြေညာဖို့ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ တရားရုံးကပြောဆိုခြင်းမရှိပါဘူး။

ဒါပေမဲ့ ဒါဟာ တရားခံပြေးကြေညာဖို့အတွက် တရားရုံး ရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်တယ်လို့လည်း တရား လွှတ်တော်ရှေ့နေဦးကြီးမြင့် ကပြောပါတယ်။

"တရားရုံးကတော ရှေ့လုပ် ငန်းစဉ်ကို ကြိုပြော လေ့မရှိပါဘူး "လို့လည်း အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃)ဦးမင်းသန့်က သတင်းထောက်တွေကို ပြောပါတယ်။

တစ်လအတွင်း လာရောက်အဖမ်းခံ ဖြေရှင်းဖို့ထုတ်ပြန်ချက်တွေကိုထွက်ပြေးတိမ်းရှောင်နေသူ နေတဲ့မြို့ ရွာ မှာ အများသိအောင် ထင်ရှားတဲ့အဆောက်အဦးတို့တရားရုံးတို့မှာ ကပ်ရမှာဖြစ်တယ်လို့လည်း ဦးမင်းသန့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဦးဝီရသူအမှု ရုံးချိန်း ၇ ခါစစ်ဆေးပြီး တရားလို သက်သေ ၉ဦးစလုံး ကို စစ်ဆေး ပြီးပြီ

လာအဖမ်းခံရင် ဘယ်လိုပြန်စစ်မလဲ

ဦးဝီရသူ အမှုကို တရားလို အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ တရားလိုပြ သက်သေတွေဖြစ်တဲ့ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးဌာန အရာရှိစတဲ့ ပုဂ္ဂိုလ် တွေကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးပြီး ဖြစ်ပါတယ်။

ဇူလိုင် ၃ ရက် ရုံးချိန်းမှာတော့ ရဟန်းသံဃာတွေ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်တယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။

ဦးဝီရသူကို ရဲတပ်ဖွဲ့ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပြီး မေလ ၂၈ ရက်နေ့ကတည်းက ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။

ဒီနောက်တော့ အနောက်ပိုင်းခရိုင်တရားရုံးကနေ အမှုနဲ့ သက်ဆိုင်တဲ့ တရားလိုသက်သေအားလုံးကို စစ်ဆေးခဲ့ပြီး ခုလို အမိန့်ချမှတ်လိုက်တာပါ။

ဦးဝီရသူဟာ တကယ် လို့ ရက် ၃ဝ အတွင်း လာအဖမ်းခံရင်လည်း အမှုပြန်စစ်ရနိုင်ပါတယ်၊ဒါ့ပေမယ့် အခုစစ်ထားတဲ့ သက်သေတွေ ဟာ အကြောင်းကြောင်းကြောင့် မလာနိုင်ရင်၊ ကွယ်လွန်သွားရင် ပြန်စစ်တော့မှာ မဟုတ်ဘဲ အရင်စစ်ထားတာကို အတည် ယူမယ့် သဘောဖြစ်တယ်လို့လည်း တရား လွှတ်တော်ရှေ့နေဦးကြီးမြင့် ကပြောပါတယ်။