ဗစ်တိုရီးယား အမှု အလှူခံနေသူတွေကို ရဲတပ်ဖွဲ့က စောင့်ကြည့် အရေးယူနေသလား

ဗစ်တိုရီးယား အမှု အလှူခံနေသူတွေ ကို ရဲတပ်ဖွဲ့ ကစောင့်ကြည့် ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗစ်တိုရီးယား အမှု အလှူခံနေသူတွေကို ရဲတပ်ဖွဲ့ ကစောင့်ကြည့်

ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ်ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့အမှုဖွင့်တာ ဟာ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုတွေနဲ့ ဆက်စပ်နေတယ် လို့ ရဲတပ်ဖွဲ့ ကတရားဝင်ထုတ်ပြန်လိုက်ပါတယ် ။

ဒါ့ အပြင် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ စွပ်စွဲချက်တွေ ၊ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်တဲ့အရေးအသားတွေ နဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးထုတ်ပြန်သွားမယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နေပြည်တော် ဗစ်တိုရီးယား အမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက ရရှိခဲ့တဲ့ စီစီတီဗီ မှတ်တမ်း နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က မှတ်ချက်ပေးစရာမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုး က ဘီဘီစီကိုပြောပါတယ် ။

ဒါအပြင် CID မှုခင်းတပ်ဖွဲ့ အနေနဲ့ CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရထားတယ် ၊ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ထားပြီးလို့လည်း ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Police FB
Image caption သက်သေခံဆေးစာလည်းမပျောက်ဘဲတရားရုံးသက်သေခံတင်ပြထားတယ်လို့ဆို

သက္ကမိုးညို အကောင့် ပိုင်ရှင်ကို ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရတာနဲ့ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆက်စပ်ပတ်သက်မှုတွေကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမယ်လို့လည်းရဲတပ်ဖွဲ့ကပြောပါတယ်။

ဒါ့အပြင် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံက တရားဝင်လက်မှတ်ရေးထိုး ပြန်ကြားတဲ့ သက်သေခံဆေးစာလည်း မပျောက်ဘဲတရားရုံး သက်သေခံ တင်ပြထားတယ်လို့လည်း ဖော်ပြထားပါတယ်။

"အခုလိုအမှုဖွင့်လဲ ကျွန်တော်ကဆက်ပြီးကူညီသွားမှာပဲ။ ရေးတာအမှန်ရေးတာ၊ သက်သေအထောက် အထားတွေမရှိဘဲ မဟုတ်တာပြောတာမဟုတ်ဘူး" လို့ ဒေါက်တာဝင်းကိုကိုသိန်းက ဘီဘီစီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒေါက်တာဝင်းကိုကိုသိန်းက ဗစ်တိုးရီးယားအမှုနဲ့ပက်သက်ပြီး ဇူလိုင်လ ၄၊ ၅၊ ၆ ရက်နေ့တွေမှာ ရေးသားခဲ့တဲ့ စီစီတီဗီမှတ်တမ်းကို Hard disk မဖြုတ်ဘဲ Download စွဲခဲ့တဲ့အပေါ်၊ ဆေးစာပျောက်ဆုံးတာ စတာတွေကို ဝေဖန်ရေးသားခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေတယ်လို့ အကြောင်းပြထားပါတယ်။

Wisdom Hill မူကြိုကျောင်းရှေ့ အခင်းဖြစ်တဲ့နေ့က စီစီတီဗီပုံရိပ်များ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားတွေ နဲ့ပက်သက်ပြီး ဆက်လက်စစ်ဆေးထုတ်ပြန် သွားမယ်လို့လည်း ရဲတပ်ဖွဲ့ ကပြော

ဒေါက်တာဝင်းကိုကိုသိန်းကို ဇူလိုင်လ ၁၀ရက် မနက်ပိုင်းမှာ ရဲစခန်းကိုခေါ်ယူစစ်ဆေးပြီး နေလယ် ၁၂နာရီကျော်လောက်မှာ တော့ ကျပ် သိန်း ၁၀၀ အာမခံ နဲ့ ပျဉ်းမနား ရဲစခန်းက ဒေါက်တာဝင်းကိုကိုသိန်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) အရ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ဂုဏ်သိက္ခာကျဆင်းစေရန်သတင်းအချက်အလက်ကိုအီလက်ထရောနစ်နည်းပညာနဲ့ ပြုပြင်ပြောင်းလဲတာ၊ အဲဒီလိုလုပ်ထားတဲ့ဟာကို ရေးသား၊ ဖြန့်ဝေတယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅နှစ်နဲ့ ဒဏ်ငွေ ချမှတ်နိုင်ပါတယ်။

ဒေါက်တာဝင်းကိုကိုသိန်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်လို့ ရဲတပ်ဖွဲ့က သူ့ကိုအရေးယူနိုင်ဖို့ ဝန်ကြီးဌာန ခွင့်ပြုချက်ကို တောင်းယူထား တာဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် ပြည်သူအများစုကတော့ ဝေဖန်မှုတွေအပြင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်ပြီး ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓာတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူတွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေ အပါအဝင် တခြား အထောက်အထားတွေ ရယူကာ ခရိုင်ဥပဒေရုံးရဲ့ အကြံပြုချက်နဲ့အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါတယ် လို့ လည်းရဲတပ်ဖွဲ့ကပြောပါတယ် ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

ဆက်စပ် အကြောင်းအရာများ