အေအေ အားပေးသူတွေကို နေထိုင်ခွင့် ပြန်ရုပ်သိမ်းမယ်လို့ စင်ကာပူ ကြေညာ

စုံစမ်းစစ်ဆေးခံထားရသူ တစ်ယောက်ဟာ အေအေ ထိပ်ပိုင်း ခေါင်းဆောင် တစ်ယောက်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ဆို ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စုံစမ်းစစ်ဆေးခံထားရသူ တစ်ယောက်ဟာ အေအေ ထိပ်ပိုင်း ခေါင်းဆောင် တစ်ယောက်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ဆို

မြန်မာနိုင်ငံသားတချို့ဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေးကူညီလို့ အရေးယူမှုတွေလုပ်နေတယ်ဆိုပြီး စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အားပေးကူညီမှုဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးကို ထိပါးစေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို နေထိုင်ခွင့်ရုပ်သိမ်းပြီး စင်ကာပူနိုင်ငံကနေ ပြန်ပို့မယ်လို့လည်း ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်ကို ရခိုင်အသင်း-စင်ကာပူက မြန်မာတချို့ အဖမ်းခံခဲ့ရတဲ့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စင်ကာပူ မြန်မာသံရုံးက စင်ကာပူရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး သူတို့ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို မေးမြန်းထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

စင်ကာပူ အခြေစိုက် ရခိုင်အသင်း-စင်ကာပူရဲ့ ဥက္ကဋ္ဌ အပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ယောက်ကို ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်မှာ စင်ကာပူရဲနဲ့ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးသွားတယ်လို့ စင်ကာပူရောက် ရခိုင် အသိုင်းအဝိုင်းကလည်း ပြောခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေ အနက် တစ်ဦးဟာ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ဖြစ်တယ်လို့ စင်ကာပူရောက် ရခိုင် အသိုင်းအဝိုင်းက ပြောထားပါတယ်။

စင်ကာပူမှာရောက်နေတဲ့ မြန်မာတချို့ကို အေအေ ရက္ခိုင့်တပ်မတော်နဲ့ အေအေရဲ့နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အားပေးကူညီအောင် မြန်မာနိုင်ငံသားတချို့က စီစဉ်လှုံ့ဆော်နေတယ်လို့ စင်ကာပူနိုင်ငံက လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Press Release, Ministry of Home Affairs- Singapore
Image caption လူမှုရေးအသင်းကလူတွေကို ခေါ်ဆောင်မေးမြန်းတဲ့ ဖြစ်ရပ်ဟာ ပထမဆုံးဖြစ်တယ်လို့ စင်ကာပူရောက် ရခိုင် အသိုင်းအဝိုင်းက ပြော

ဆက်လက်ပြီး အေအေဟာ မြန်မာနိုင်ငံမှာ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အေအေကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားတဲ့ အဖွဲ့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စင်ကာပူမှာ အရေးယူစုံစမ်းစစ်ဆေးခံထားရသူ တစ်ယောက်ဟာ အေအေ ထိပ်ပိုင်း ခေါင်းဆောင် တစ်ယောက်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

သူဟာ စင်ကာပူက မြန်မာတွေ အေအေကို ငွေကြေးထောက်ပံမှုတွေလုပ်အောင် တက်တက်ကြွကြွလုပ်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

စုံစမ်းစစ်ဆေးခံရသူတစ်ယောက်ကတော့ အေအေကို လစဉ်ငွေကြေးထောက်ပံ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အခု စုံစမ်းစစ်ဆေးခံရသူအားလုံးဟာ စင်ကာပူမှာလုပ်တဲ့ အေအေ တည်ထောင်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပြီး အေအေ အမှတ်အသားပါတဲ့ အဝတ်အစားတွေဝတ်ဆင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စင်ကာပူ အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေး ပတ်သက်တဲ့သူတွေကို စင်ကာပူရဲ့ လုံခြုံရေးကို ထိပါးတဲ့သူတွေ အဖြစ်သတ်မှတ်လို့ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ စင်ကာပူကို လာရောက်လည်ပတ်တဲ့သူတွေ၊ လာရောက်နေထိုင်သူတွေ၊ လာရောက်အလုပ်လုပ်ကိုင်သူတွေဟာ ဥပဒေကို လိုက်နာဖို့လိုတယ်လို့ ထည့်သွင်းကြေညာထားပါတယ်။