ကိုအောင်ကြီး ရှေ့နေ ဦးခင်မောင်ဇော် - တကယ် ဘယ်သူ ကျူးလွန်ခဲ့သလဲ ဆိုတာ ပေါ်ပေါက်နိုင်အောင် ဖော်ထုတ်ကြည့်မယ်

ကိုအောင်ကြီး ရှေ့နေ ဦးခင်မောင်ဇော် ဓာတ်ပုံ မူပိုင် Zaw Win Ko Facebook
Image caption ကိုအောင်ကြီး ရှေ့နေ ဦးခင်မောင်ဇော်

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သံသယတရားခံလို့ ယူဆထားတဲ့ ကိုအောင်ကြီး ဘက်ကနေ ရှေ့နေလိုက်ဖို့ မြန်မာနိုင်ငံလွတ်လပ် သော ရှေ့နေများအသင်း ဗဟို အလုပ်အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဦးဆောင်ပြီး သူနဲ့အတူ ရှေ့နေ ၂ဦးက ဇူလိုင် ၁၅ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာကို တရားဝင် ရယူသွားမှာဖြစ်ပါတယ်။ သံသယတရားခံကိုအောင်ကြီးအပါအဝင် သူ့ရဲ့ မိဘတွေနဲ့ လည်း တွေ့ဆုံပြီးဖြစ်သလို ကိုအောင်ကြီးကလည်း ကိုယ်စားလှယ် လွှဲစာကို လက်မှတ်ထိုးပေးထားတယ်လို့ သူကပြောပါတယ်။ ဘာကြောင့် ဒီအမှုကို လိုက်ဖြစ်တာလဲဆိုတာ ရှေ့နေ ဦးခင်မောင်ဇော်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး-ကိုအောင်ကြီးဘက်ကနေဘာကြောင့်ဒီအမှုကို လိုက်ဖြစ်တာလဲ။

ဖြေ-မုဒိမ်းမှုဆိုတဲ့ ပုဒ်မ ၃၇၆ ကျွန်တော်ဘယ်တော့မှ တရားခံဘက်က မလိုက်ခဲ့ ဖူးဘူး။ အထူးသဖြင့် သက်ငယ်မုဒိမ်းဆိုရင်တော့ ပိုတောင်မှ မလိုက်ဖြစ်ဘူးဗျ။ ဒီအမှုတွေကို သာမန်အားဖြင့်တော့ စက်ဆုပ်တယ်။ ဒါပေမဲ့ အခုကိစ္စမှာ ကိုအောင်ကြီးဘက်က ဥပဒေအကူအညီလိုတယ်လို့ သုံးသပ်တဲ့အတွက်ကြောင့် ခုလို ကျွန်တော်လိုက်တာပါ။ ဒါကျွန်တော်လိုက်ဖြစ်ရတဲ့ အကြောင်းအရင်းပဲ။ ကျွန်တော့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှာ ဒီအကြောင်း တင်ပြတယ်။ တခုခုအတွက်တော့ ဖော်ထုတ်ဖို့ အတွက်တော့ လိုနေပြီထင်တယ်။ ဒီနေရာမှာ တခုခုတော့ မှားယွင်းနေတယ်။ တရားဥပဒေစိုးမိုးမှု အတွက်လည်း အင်မတန်လိုအပ်တဲ့ မှားယွင်းမှု တခုတော့ ဖြစ်နေလောက်တယ်လို့ သူတို့ကလည်း ဝိုင်းပြီး သဘောထားပေးလို့ ဒီအမှုကို လိုက်တာပါ။

မေး-ဒီအမှုကိုရော လက်ရှိအချိန်မှာ ဖတ်ခွင့်ရပြီလား။

ဖြေ-ကျွန်တော်တို့က ပါဝါမတင်ရသေးတဲ့အတွက် ရှေ့နေကိုယ်စားလှယ်စာတော့ ပါတယ်။ အဲဒါနဲ့သွားတောင်းရင် ရုံးအနေနဲ့ ငြင်းမှာစိုးလို့ ကိုအောင်ကြီးဆီကပဲ မိတ္တူ ကူးခွင့်လျှောက်လွှာကို ကိုအောင်ကြီးကလက်မှတ်ထိုး အချက်အလက်တွေယူ အဲဒါတွေနဲ့ပဲ ကျွန်တော်တို့သွားပါတယ်။ သွားတော့ ခရိုင်တရားရုံးကတော့ ရဲက ပေးတဲ့ မှတ်ပုံတင်နံပါတ်နဲ့ လျှောက်လွှာမှာပါတဲ့ ကိုအောင်ကြီးမှတ်ပုံတင်နံပါတ် ကွဲလွဲနေတယ်။ အဲဒါကြောင့် ထောင်ပိုင်ကြီးဆီက ထပ်ပြီးတော့ မှန်ကန်ကြောင်း ထောက်ခံစာတောင်းဖို့ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ကလည်း ထောင်ပိုင်ကြီးဆီ သွားတောင်းဖို့က အချိန်က အခက်အခဲရှိတော့ သူ့ရှေ့နေအနေနဲ့ပဲ ကူးပါဆိုတော့ သူ့ရှေ့နေအနေနဲ့က ၁၅ ရက်နေ့ ရှေ့နေပါဝါတင်မှပဲ ကူးပါဆိုတော့ ကျွန်တော်အဲဒါတွေ မကူးရသေးပါဘူး။ သာမန်အားဖြင့် သက်သေ ၂၆ ယောက်ပါတယ်။ ရဲက ပြောထားတဲ့အတိုင်းပဲ အဲဒီအချက်အလက်တွေပဲ ကျွန်တော်တို့ သိပါသေးတယ်။

မေး-ကိုအောင်ကြီးနဲ့လည်း သွားတွေ့ခဲ့တယ်ဆိုတော့ တွေ့တဲ့အချိန် ကိုအောင်ကြီးက ဘာတွေပြောခဲ့လဲ။

ဖြေ-ကိုအောင်ကြီး ညွှန်ကြားချက်ကို ယူတာပေါ့။ သူ့ရဲ့အမှုအကြောင်းအရာ၊ သူ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မချွင်းမကျန် ကိုအောင်ကြီး ပြောပြပါ တယ်။ အပြန်အလှန်မေးတာတွေလုပ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ အဲဒီနေ့ အလုပ်ကို သူဝင်ရတယ်။ ဝင်ရပြီးတော့ အဲဒီနေ့ပဲသွားပြီးတော့ မနက်ပိုင်း ကလေး တွေကို ပို့တယ် ကြိုတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ၃ နာရီမှာ လာဖို့ ပြောထားတဲ့ အတွက် သူက ၃ နာရီမှာသွားတယ်။ သွားတဲ့အခါမှာ သူ့ရဲ့ အလုပ်ရှင် မူကြို အုပ်ချုပ်တဲ့ ဆရာမကနေပြီးတော့ ထိုင်ခိုင်းတဲ့နေရာမှာ ထိုင်တယ်။ တလျှောက်လုံး အဲဒီမှာပဲထိုင်နေတယ်။ ပြီးတော့မှပြန်ထွက်လာတယ်။ ဒါပဲသူလုပ်ခဲ့ တယ်ပြော တယ်။ အထဲလည်း မဝင်ဘူး၊ ဘယ်သူနဲ့မှလည်း မတွေ့ဘူးလို့ ပြောပါ တယ်။ အဲတော့ အဲဒီဟာကို ဘီဘီစီကထွက်လာတဲ့ စီစီတီဗီနဲ့ တိုက်ဆိုင် ကြည့်လိုက်တဲ့ အခါကြတော့ သူပြောတာ တိုက်ဆိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

မေး-ကိုအောင်ကြီးအနေနဲ့ကရော အချုပ်ထဲမှာ ဘယ်လိုနေနေရလဲ။ ရိုက်နှက်ခံရတယ်ဆိုတဲ့သတင်းတွေကလည်း ထွက်နေတော့ သူဘယ်လိုနေနေလဲ။

ဖြေ-ဒီလိုအမှုမျိုးရဲ့ထုံးစံပဲဗျ။ အချုပ်သားတွေက မိသားစုနဲ့ ခွဲနေရတယ်ဆိုတော့ ဒီလို အမှုမျိုးဆို မုန်းတီးစက်ဆုပ်တာပေါ့။ အချုပ်ထဲကို ဝင်ရတဲ့ အချိန်မှာ အဲဒီနေ့ကတော့ သူ့ကို နည်းနည်းလေးကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်လို့ ပြောပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ချက်ခြင်းတန်းတက်လာတဲ့ အခါကျတော့ သူ့ကို နားလည်သွားကြတယ်။ နားလည်သွားပြီးတော့ အခုနောက်ပိုင်း အေးဆေးဖြစ်သွားတယ်။ အကုန်လုံးနဲ့လည်း ပြဿနာမဖြစ်ပါဘူး အဆင်ပြေပါတယ်။

ဓာတ်ပုံ မူပိုင် Zaw Win Ko
Image caption တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

မေး-ရဲတပ်ဖွဲ့အနေနဲ့ကလည်း အထောက်အထား အပြည့်အစုံနဲ့ အမှုစွဲထားတယ်လို့ ပြောထားတယ်။ ဒီလို အထောက်အထားတွေကို ဘယ်လို ချေဖျက်သွားဖို့ရှိလဲ။

ဖြေ-ဘယ်သူ့ကိုမှ မစစ်ရသေးပေမယ့် ဒါက တရားသူကြီးရဲ့ လက်ထဲကို ရောက်နေပြီ။ တရားသူကြီးရဲ့ စစ်ဆေးဆဲအမှုပေါ့။ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်သူမှ အဲလို ပြောခွင့်မရှိတော့ဘူး။ ကျွန်တော်ကလည်း ရဲက ပြောထားတဲ့ဥစ္စာတွေ ဘယ်ဟာက မှန်တယ် ဘယ်ဟာကမှားတယ်ဆိုတာ စစ်ဆေးတဲ့ အခါ ကျွန်တော်က ပြောပါ့မယ်။ ဒါပေမဲ့ အကျအပေါက်တွေအများကြီးရှိတယ်။ ဒီအမှုမှာ ကျွန်တော့်မှာ မစ်ရှင် ၃ ခု ရှိတယ်လို့ သတ်မှတ်ပါတယ်။ ပထမတခုက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းပကားနဲ့ ကိုအောင်ကြီး အပြစ်မရှိကြောင်း ဖော်ထုတ်ပြီးတော့ ကိုအောင်ကြီးကို လွတ်အောင် လုပ်မယ်။ ဒါတင်ကျွန်တော်တို့မပြီးဘူး။ ဒုတိယတခုက တကယ်ဘယ်သူကျူးလွန်ခဲ့သလဲဆိုတာ ပေါ်ပေါက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဖော်ထုတ်ကြည့်မယ်။ တတိယကတော့ အဲဒီဟာကို ဖုံးကွယ်ပြီးတော့ ကိုအောင်ကြီးကို တွန်းချရာရောက်အောင် ဘယ်သူတွေက ဘာတွေလုပ်ခဲ့သလဲ အဲဒါကို ဖွင့်ချမယ်။

မေး-ကိုအောင်ကြီးကို တွန်းချတယ်ဆိုတဲ့ ယူဆချက်ကရော ခိုင်လုံတဲ့ အထောက်အထား ဘယ်လို ပြမလဲ။

ဖြေ-အချက်အလက်တွေက အခုချိန်မှာ ကျွန်တော်တို့ ပြောလို့မရပါဘူး။ သက်သေ တွေထဲမှာ ဘယ်သူတွေက အဖြစ်ပျက်အမှန်တွေကို ထွက်လာနိုင် သလဲဆိုတာ ကျွန်တော်တို့ မှန်းဆထားပါတယ်။ အဲတော့ အခုချိန်မှာ ကျွန်တော်တို့ရဲ့ ခုခံရေး လမ်းကြောင်းကို ပြောလိုက်မယ်ဆိုရင် ပျက်သွားမယ် အန္တရာယ်ပေါ့ဗျာ။

ဆက်စပ် အကြောင်းအရာများ