တိုင်းနဲ့ပြည်နယ် ၇ ခုမှာ ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိလာ

ခန္တီးမြို့အတွင်းက ဆင်သေကျေးရွာဘက်မှာ နေအိမ်အချို့ ရေမြုပ်နေ ဓာတ်ပုံ မူပိုင် Soe Moe Thu
Image caption ခန္တီးမြို့အတွင်းက ဆင်သေကျေးရွာဘက်မှာ နေအိမ်အချို့ ရေမြုပ်နေ

မိုးဆက်တိုက်ရွာပြီး မြစ်ရေတွေကြီးလာတာကြောင့် ကချင်၊မွန်၊ချင်း၊မကွေး၊ ပဲခူး၊စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရေဘေးကြောင့် နေအိမ်တွေကနေရွှေ့ပြောင်းပေးထားရသူဦးရေဟာ သောင်း နဲ့ချီရှိလာပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ကာကွယ်ရေးဦးစီးဌာနကနေ သိရပါတယ်။

ဇူလိုင် ၁၃ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေ အရ ပြည်နယ်နဲ့ တိုင်း ၆ခုမှာတင် လူဦးရေ တစ်သောင်းတစ်ထောင်ကျော်အထိ နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း သိရ ပါတယ်။

ဇူလိုင်၁၄ရက်နေ့မှာတော့ ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမှာရှိတဲ့ ဒုက္ခသည် စခန်း တွေမှာပါ ရေတွေကြီးနေပြီး ရေဘေးသင့်ပြည်သူတွေရှိလာသလို ကချင်ပြည်နယ်မှာလည်း ရေဘေးသင့်သူ ဦးရေက ထပ်တိုးလာတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Soe Moe Thu
Image caption ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိလာ

'' ကချင်မှာကတော့ အများဆုံးပဲ။ ရေကတော့မြစ်ကြီးနားမှာ နည်းနည်း ပြန်ကျနေပြီလို့ သိရ တယ် ။ အပေါ်ကနေရေကျရင်တော့ အောက်ကမြို့တွေမှာရေတိုးမှာပဲ။ ဒါပေမယ့် အလယ်ပိုင်းမြို့ တွေ ကတော့ ရေနည်းနေတော့ ရေမကြီးလောက်ဘူး။ မန္တလေးထိတော့ မရောက်ဘူးလို့ မှန်း တယ်။ အခုချိန်ထိပေါ့နော်။ မိုးကဆက်တိုက်ထပ်များရင်တော့ ပြောလို့မရဘူး။'' လို့ ဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ရေဘေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းလာပေမယ့် ဗန်းမော်နဲ့ရွှေကူမြို့တွေမှာတော့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

ကသာမြို့မှာတော့ နောက် ၂ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၂ပေခန့်မြင့်တက်နိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သတိပေးထုတ်ပြန်ထား ပါတယ်။

ဓာတ်ပုံ မူပိုင် Soe Moe Thu
Image caption ခန္တီးမြို့ရေထိန်းတံခါးကို ရေကျော်နေ

ဧရာဝတီမြစ်နည်းတူ ချင်းတွင်းမြစ်ရေလည်း ဆက်လက်မြင့်တက်လာနေတဲ့အတွက် စစ်ကိုင်းတိုင်း အတွင်းက ခန္တီးမြို့မှာ တော့ ဇူလိုင် ၁၄ရက် ညနေ ၃နာရီမှာ ၁၃၉၉ စင်တီမီတာ (စိုးရိမ်ရေမှတ် အထက်) ကို ရောက်ရှိလာသလို မြို့ရေထိန်းတံခါး တွေကိုလည်း ရေကျော်နေတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

'' မြို့ရဲ့ စိုးရိမ်ရေမှတ်က ၁၃၆၀ စင်တီမီတာပါ။ အခု ဒီနေ့မနက်မှာတော့ စိုးရိမ်ရေမှတ်ကိုကျော် နေပြီ။ ဒါကြောင့် ဒီမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဖွင့်ဖို့ကိုလည်း အသင့်ပြင်ထားတယ်။ မြို့ပေါ်ရပ်ကွက်တွေ မှာတော့ သိပ်မသိသာသေးပေမယ့် ရွာ ၃ရွာလောက်မှာတော့ အိမ်တွေကနေပြောင်းထားရပြီ''လို့ ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မြို့ရေထိန်းတံခါး ၃ခုအနက် အောင်သာရေထိန်းတံခါးကို ကျော် လွန်ပြီး ရေဆက်တိုက် တိုးလာနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ ညအချိန်မှာ ရေရုတ်တရက် ကြီးမြင့်လာနိုင်တဲ့အတွက် ဇူလိုင် ၁၃ ရက်ညပိုင်းကစပြီး သတိပြု နေထိုင်ကြဖို့ သက်ဆိုင်ရာကနေ လိုက်လံအသိပေးနှိုးဆော်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

'' မြို့ပေါ်ရပ်ကွက် ၃ခုရှိတဲ့ထဲမှာ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက် ၂ခုမှာ တော့ရေဝင် နေပြီ။ ဆင်သေရွာ နာဂတိုင်းရင်းသားတွေနေတဲ့ဘက်မှာတော့တော်တော်လေးအခြေအနေဆိုးနေပြီ၊ ရေအမှတ် က ၁၄၀၀ ကျော်ပြီဆို ရွာတွေရောမြို့ပါမလွယ်ဘူး။ပြောင်းရရွှေ့ရတော့မှာ။ ကယ်ဆယ် ရေးစခန်း တွေက ပြင်ထားတယ်ပြောပေမယ့် လက်တွေအဆင်သင့်လုပ် ထားတော့မတွေ့ရသေးဘူး။'' ခန္တီး မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ပေါ်မိုင်းရပ်ကွက်မှာနေထိုင်တဲ့ ကိုစိုးမိုးသူကဘီဘီစီ ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေဟာ နောက် ၃ရက်အတွင်းမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေ အနေ နဲ့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနကနေ သတိပေးထုတ်ပြန်ထားပါတယ်။

၂၀၁၈ခုနှစ်တုံးကလည်း ရေကြီးရေလျှံမှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေး ကယ်ဆယ်ရေးစခန်းတွေကိုရွှေ့ပြောင်းနေထိုင်ရသူ သိန်းနဲ့ချီရှိခဲ့ပြီး လူ ၂၀ ကျော်သေဆုံးခဲ့ ရပါတယ်။