ရခိုင် ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

AA အဖွဲ့အစည်းက ခေါင်းဆောင် တွေကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုတယ်ဆိုတာဟာ အခုကြားဖူးတဲ့အတွက် အံ့သြမိပါတယ်လို့ဆို
Image caption AA အဖွဲ့အစည်းက ခေါင်းဆောင် တွေကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုတယ်ဆိုတာဟာ အခုကြားဖူးတဲ့အတွက် အံ့သြမိပါတယ်လို့ဆို

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူအညီပေးရေး လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘောထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

မေး။။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာဟာ ဆရာတို့လွှတ်တော်နဲ့ တွေ့ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာဘာတွေဆွေးနွေးဖြစ်ခဲ့ပါလဲ

ဖြေ။။ ဟုတ်ကဲ့။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ကိုယ်စားလှယ်က ရခိုင်ပြည်နယ်လွှတ်တော်ကို ကျွန်တော်တို့လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ဆိုပြီးတော့ ရောက်ရှိလာပါတယ်။ အဲ့ဒီလာတဲ့အခါမှာ သူကကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စတွေ၊ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ အခက်အခဲတွေကို သိချင်လို့လာတာပါ ဆိုပြီးတော့ သူကပြောပြပါတယ်။

ကျွန်တော်တို့ လွှတ်တော်ဥက္ကဌကြီးက စစ်ဘေးရှောင်တွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာတယ်။ နောက်ပြီး စစ်ဘေးရှောင်စန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးဟာလည်း အခက်အခဲရှိ နေတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတာတွေကို ပြောပြပါတယ်။ ပြောပြတဲ့အခါကျတော့ သူက ဒီကိစ္စအပေါ်မှာ ရခိုင်ပြည်နယ်အစိုးရနဲ့တွေ့တဲ့အခါမှာ တင်ပြပေးပါမယ်ဆိုပြီးတော့ သူကပြောသွားပါတယ်။

Image caption ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ်က လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို မေးမြန်းခဲ့

မေး။။ အဲ့ဒီထဲမှာ AA နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက စစ်ဘေးရှောင်ဒုက္ခသည်တွေကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ပြောဆိုခဲ့တာတွေများရှိလား။

ဖြေ။။သူက AA နဲ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးအနေနဲ့ ကြားဝင်ပြီးတော့မှ ဒီကိစ္စမှာ ဘယ်လိုဖြန်ဖြေပေးနိုင်ရင် အဆင်ပြေမလဲလို့ မေးတဲ့အခါ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စမှာ နှစ်ဖက် ဖြစ်ပွားနေတဲ့ကိစ္စက တစ်ဘက်ကလည်း AA က သူ့ရဲ့ရခိုင်ပြည်နယ်မှာ နေရာလိုချင်တာတို့၊ တပ်မတော်ဘက်ကလည်း လိုင်ဇာမှာပဲ နေရာပေးချင်တာတို့ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ဒီကိစ္စကို ပြည်တွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် နိုင်ငံတကာရဲ့အကူအညီနဲ့၊ တစ်နည်းအားဖြင့် တရုတ်ပြည်၊ အမေရိကန်တို့လို နိုင်ငံကြီးတွေက ဝင်ပါပြီးတော့မှ ကြားဝင်ဖြန်ဖြေပေးရင်တော့ ဒါဟာအ ဆင်ပြေနိုင်ပါတယ် ဆိုပြီးတော့ ပြောသွား ပါတယ်။

မေး။။ စစ်ဘေးဒုက္ခသည်တွေအပေါ် အကူအညီပေးရေးနဲ့ပတ်သက်လို့ရော သူ့ရဲ့သဘောထားအမြင် လေးတွေကို ဆွေးနွေးဖြစ်တာတွေများရှိလား။

ဖြေ။။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားဝတ်နေရေးနဲ့ပတ်သက်လို့တော့ သူ့သဘောထားအမြင်ကိုတော့ ပြောပြခဲ့ တာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကပြောပြလိုက်တာကတော့ ဒီစစ်ဘေးရှောင်တွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကော ပြည်ထောင်စုအစိုးရအဖွဲ့ကကော ထောက်ပံ့တာတွေ နည်းပါးနေတဲ့အတွက်ကြောင့် တစ်ဖက်ကလည်း လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ ချင်ပေမယ့် ထောက်ပံ့လို့မရတဲ့ အခက်အခဲတွေရှိနေတဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ တော်တော်ရှိနေပါတယ်။ အဲ့ဒါကိုတော့ သူကတင်ပြ လိုက်ပါတယ်။

မေး။။ နောက်တစ်ခုက အစိုးရက ICRC နဲ့ WFP နှစ်ဖွဲ့တည်းကိုပဲ အကူအညီပေးခွင့်ပြုထားတယ်။ ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေကို ကူညီပေးခွင့်မပြုဘူး။ ဒုက္ခသည်တွေမှာလည်းပဲ အကူအညီတွေအများကြီး လိုနေတယ်။ လက်ရှိ ရရှိနေတဲ့အကူအညီတွေနဲ့ လုံလောက်မှုမရှိဘူးဆိုတာကိုလည်း သိရတယ်။ ဆိုတော့ ထိရောက်စွာ ကူညီပေးဖို့ အတွက် ဘယ်လိုတွေဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့ မြင်လဲ။

ဖြေ။။ ဒီဒုက္ခသည်စခန်းမှာ စားဝတ်နေရေးအဆင်ပြေဖို့အတွက်ကို အကူအညီထောက်ပံ့ပေးဖို့အတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ်လွှတ်တော်ကလည်း အဆိုတစ်ရပ်ကိုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအဆိုဟာလည်း အောင်မြင်ပါတယ်။ အောင် မြင်ခဲ့တဲ့အဆိုကိုလည်း ရခိုင်ပြည်နယ်အစိုးရဆီကို ပေးပို့ခဲ့ပြီဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့မှ စားနပ်ရိက္ခာတွေကို ထောက် ပံ့ပေးဖို့အတွက် အဆိုကိုအောင်မြင်ပေမယ့် အစိုးရအဖွဲ့က ဒီနေ့ထိ ဆောင်ရွက်တာမျိုး မရှိတာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် စားဝတ်နေရေး အဆင်ပြေဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ NGO အဖွဲ့အစည်းတွေ၊ INGO အဖွဲ့အစည်းတွေ၊ တခြား မြို့နယ် တွေကနေပြီးတော့မှ ထောက်ပံ့မယ့်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုကိုတော့ ခွင့်ပြုပေးသင့်ပါတယ်။ ဖြေလျှော့ပေး သင့်တယ်လို့မြင်ပါတယ်။

ဓာတ်ပုံ မူပိုင် MIN MYAT KHINE
Image caption လေးမြို့မြစ်ရေကြီးလို့ မင်းပြားတစ်မြို့လုံးရေကြီး

မေး။။ ဒါတွေအတွက်ရော ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ဘယ်လိုတွေစွမ်းဆောင်ပေးနိုင်မလဲ။ ဘာတွေကိုဆက်ပြီးလုပ်ဖို့ရှိလဲ။

ဖြေ။။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ကတော့ စောစောကပြောသလိုပါပဲ။ စားနပ်ရိက္ခာတွေကို ပိုမိုထောက်ပံ့ပေးဖို့အတွက်ကို အဆိုတင်ခဲ့လို့ အဆိုအောင်မြင်ခဲ့ပေမယ့်၊ အစိုးရအဖွဲ့ကိုလည်းတွန်းအားပေးခဲ့ပေမယ့် အစိုးရအဖွဲ့ကတော့ ဆောင်ရွက်မှုအားနည်းနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီအဆိုအပေါ်မှာ ဆက်ပြီးတော့မှ အစိုးရအဖွဲ့ကို ဒီအဆိုနဲ့ပတ်သက်လို့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် ဆက်ပြီးတွန်းအားပေးသွားဖို့ အစီအစဉ်ရှိ ပါတယ်။

မေး။။ ဟုတ်ကဲ့ပါ။ မစ္စဘူဂနာဘက်ကရော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့သဘောထားတွေ၊ အကြံဉာဏ် တွေကို မေးမြန်းခဲ့တာတွေများ ရှိပါသလား။

ဖြေ။။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ်က ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို၊ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာကို မေးမြန်းတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဌက ခုနက ပြောသလို ပါပဲ။ အဖွဲ့အစည်းတွေကို သွားလာခွင့်ပေးဖို့။ နောက်ပြီးတော့ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်ရွာနဲ့တစ်ရွာကို လည်း စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးဖို့အတွက်ကို ဆောင်ရွက်ပေးသင့်ပါတယ်။ အဲ့ဒီကိစ္စကိုလည်း အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရနဲ့ တွေ့ဆုံတဲ့အခါမှာ တွန်းအားပေးပါ ဆိုပြီးတော့မှ မှာကြားလိုက်ပါတယ်။

မေး။။ ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၈ မြို့နယ်မှာ အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့ကိစ္စအပေါ် မှာရော သူ့အနေနဲ့ ဘာတွေပြောကြားခဲ့တာရှိလဲ။

ဖြေ။။ အဲ့လို မြို့နယ် ၈ မြို့နယ်မှာ အင်တာနက်လိုင်းဖြတ်တာနဲ့ပတ်သက်လို့ သူကဘာမှတော့ပြောတာမရှိပါဘူး။

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်မှာ ရေကြီးလို့ သွားလာရေး ခက်ခဲ

မေး။။ မကြာခင်ကပေါ့နော်။ စစ်ပွဲတွေဖြစ်နေတဲ့ အာဖရိကနိုင်ငံတစ်ခုမှာ ဒီလိုမျိုးအင်တာနက်လိုင်းတွေကို ဖြတ်လိုက် တယ်။ တစ်လအကြာဖြတ်ပြီးမှ ပြန်ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တဲ့အချိန်မှာ စစ်တပ်ဘက်ကနေပြီးတော့ စစ်ရာဇဝတ် မှု ကျူးလွန်ထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တို့၊ ဓါတ်ပုံတို့ထွက်လာတယ်ရခိုင်ပြည်မှာရော ဒီလိုမျိုးအင်တာနက်လိုင်းတွေကို ဖြတ် ထားတဲ့အတွက် အဆက်အသွယ်ပြတ်နေတဲ့အချိန်မှာ ဒီလိုမျိုးပြဿနာတွေ ဖြစ်လာနိုင်တဲ့အနေအထားတွေကို စိုးရိမ်ကြတဲ့ အသံတွေလည်း ကြားရတယ်။ လွှတ်တော်ဘက်ကရော ဒီကိစ္စအပေါ်မှာ ဘယ်လိုအရေးယူဆောင်ရွက်ဖို့တွေရှိနေလဲ။

ဖြေ။။ ဟုတ်ကဲ့ခင်ဗျား။ အင်တာနက်လိုင်း ဖြတ်လိုက်တဲ့နောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေမှာ စစ်တပ် ဘက်က ပြုမူဆောင်ရွက်တဲ့ အချက်တွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ ဗီဒီယိုအထောက်အထား တွေကို သက်ဆိုင်ရာကိုယ်စားလှယ်တွေက နယ်မြေအသီးသီးကိုဆင်းပြီးတော့ ယူနေကြပါတယ်။ တကယ်လို့ အဲ့ဒီသတင်းအချက် အလက်တွေကို စုဆောင်းပြီးတော့မှ ကျွန်တော်တို့လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးကြီးအဆိုကို တင်သင့်ရင် လည်း တင်သွင်းဖို့အစီစဉ်ရှိပါတယ်။

မေး။။ နောက်ထပ်မေးခွန်းတစ်ခုက မစ္စဘူဂနာ ရခိုင်ပြည်နယ်ကိုလာတာ အခုဆိုရင်သုံးကြိမ်ရှိပြီပေါ့နော်။ အရင်ကခရီး စဉ်တွေနဲ့ရော အခုနောက်ဆုံးခရီးစဉ်တွေအပေါ်မှာရော ခြုံငုံသုံးသပ်လို့ရှိရင် လွှတ်တော်ရဲ့ သဘောထားအမြင်လေးကို သိချင်ပါတယ်။ (အထူးသဖြင့် မစ္စယန်ဟီးလီနဲ့စာရင် သူ့ရဲ့လုပ်ဆောင်ချက်၊ ရပ်တည်ချက်တွေက ဘယ်လောက် အတိုင်းအတာထိကို တွေ့မြင်ရလဲ။ သမာသမတ်ကျမှုရှိရဲ့လား။)

ဖြေ။။ အခုလာတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကတော့ သမာသမတ်ကျပါတယ်။ မျှတပါတယ်။ သူကလည်းပြောသွားပါတယ်။ မြေပုံဒုက္ခသည်စခန်းကိုသွားခဲ့တယ်။ အဲ့ဒီမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ တွေ့ခဲ့တဲ့ အကြောင်း၊ နောက်ပြီး ရခိုင်အမျိုးသမီးတွေနဲ့ တွေ့ခဲ့တဲ့အကြောင်းလေးတွေလည်း ပြောပြပါတယ်။ ပြီးတော့ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိတယ်ဆိုပြီးတော့လည်း ပြောပြပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ပြောတာဆိုတာ၊ ဆွေးနွေး တာ၊ ဆက်ဆံတာတွေသည် အရင်က မစ္စယန်ဟီးလီထက် သဘောထားပြည့်ဝတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါ တယ်။

မေး။။ နောက်တစ်ခုက ရခိုင်ပြည်နယ်ဖြစ်စဉ်။ AA နဲ့ဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ AA အဖွဲ့နဲ့ဖြစ်တဲ့ကိစ္စမှာ တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။ အစိုးရက စစ်ပွဲကိုရပ်ပေးပါလို့ဆိုလို့ရှိရင် ရပ်ပေးမယ်လို့ သူတို့ကပြောပါတယ်။ အဲ့ဒါကြောင့် အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကိစ္စသည် အစိုးရအရပ်ရပ်မှာ တာဝန်ရှိနေပါတယ်။ အစိုးရကသာ ရပ်ပေးပါလို့ ဆိုလို့ရှိရင်တော့ တပ်မတော်က ရပ်ဖို့အဆင်သင့် ရှိတယ်လို့ သတင်းထုတ်ပြန်ရေးမှာ ကြားသိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အစိုးရမှာ တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့သည် လာမယ့် ပုံမှန်လွှတ်တော်အစည်းအဝေးမှာ ဒီကိစ္စနဲ့ပတ်သက်လို့ အဆိုတင်သွင်းဖို့ အစီစဉ်တွေရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

မေး။။ ဆိုတော့တပ်မတော်ကဒီလိုပြောတဲ့အချိန်မှာ အစိုးရဘက်က ဘာကြောင့် ဒီလိုဆက်လက်ပြီးတော့ ရေငုံနှုတ်ပိတ်နေနေတယ်လို့ ယူဆပါသလဲ

ဖြေ။။ အဲ့ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ လွှတ်တော်ဥက္ကဌကြီးက ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ်ကို တစ်ချက်မှာလိုက်တာက "ဒီမိုကရေစီမင်းသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်လို့၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စကားတစ်ခွန်းမျှမဟတာသည် ကျွန်တော့်အနေနဲ့ အလွန်အံ့သြတယ်။" အဲ့ဒီစကားလေးကို လက်ဆောင်ပါးလိုက်ပါရစေဆိုပြီးတော့မှ မှာလိုက်ပါတယ်။

မေး။။ ပြီးတော့ AA ခေါင်းဆောင်တွေကို အမှုဖွင့်လိုက်တယ်။ ပြီးတော့ တရားခံပြေးတွေအဖြစ် ကြေညာထားတယ်။ ဒီအပေါ်မှာရော ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ဖြစ်ဖြစ်။ ဆရာ့အနေနဲ့ဖြစ်ဖြစ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ AA တပ်မတော်က ခေါင်းဆောင်လေးဦးကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ တရားခံပြေး ကြေညာထားတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကလည်း ဥပဒေ သမား တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအမြင်အရ သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ ဒါက သူတို့ဟာ ပြစ်မှုကျူးလွန်တဲ့အချိန်မှာ၊ ပြစ်မှုကျူးလွန်တဲ့နေရာမှာ မရှိတဲ့အတွက်ကြောင့် ပြစ်မှုမမြောက်ဘူးလို့ သုံးသပ်မိပါတယ်။

မေး။။ ဒီလိုမျိုးဖြစ်စဉ်တွေက အရင်ကလည်းဖြစ်ခဲ့ဖူးတယ်။ ဒါဟာ ရခိုင်မှာလည်းရှိတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း တခြားတိုင်းနှင့်ပြည်နယ် တွေမှာလည်းရှိတယ်။ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသ တိုင်းမှာ ဒီလိုမျိုးဖြစ်စဉ်တွေကရှိတယ်။ သံသယနဲ့ဖမ်းဆီးတာတို့ဆိုတာ။ ဒါပေမဲ့လို့ အရင်ကလက်နက်ကိုင်အဖွဲ့အစည်း တွေက ပုဂ္ဂိုလ်တွေကို ဖမ်းဆီးတဲ့အချိန်မှာ ဒီလိုမျိုးခေါင်းဆောင်တွေကို အရေးယူတာတို့၊ အမှုဖွင့်တာတို့၊ တရားခံပြေး အဖြစ်သတ်မှတ်တာတို့ဆိုတာ မရှိခဲ့ဘူး။ ဥပဒေကြောင်းအရ ဖြစ်သင့်သလား။ ဘယ်လိုမြင်လဲ။

ဖြေ။။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် တွေကို အဲ့လိုတရားစွဲဆိုခဲ့တာတော့ မတွေ့ဖူးပါဘူး။ ကြားလည်းမကြားဖူးပါဘူး။ အခုမှ AA အဖွဲ့အစည်းက ခေါင်းဆောင် တွေကို ဒီလိုအကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုတယ်ဆိုတာဟာ အခုကြားဖူးတဲ့အတွက် အံ့တောင်အံ့သြမိပါတယ်။

မေး။။ နောက်တစ်ခုက မူဆလင်ဒုက္ခသည်တွေနေရပ်ပြန်ရေးအပေါ်မှာ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ သဘောထား အမြင်လေး ဘယ်လိုရှိလဲဆိုတာ သိလိုပါတယ်။ (မူဆလင်ဒုက္ခသည်တွေကတော့ သူတို့ ပြန်လာလို့ ရှိရင် နိုင်ငံသားပြုခွင့်ပေးရမယ်။ လွတ်လပ်စွာသွားလာခွင့်ပေးရမယ်။ စသဖြင့်ပေါ့လေ။ သူတို့တောင်းဆိုချက်တွေရှိတယ်။ ဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘယ်လိုသဘောရလဲ။)

ဖြေ။။ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံတော်အစိုးရက လက်ခံဖို့အတွက် တရားဝင်စခန်းနှစ်ခုဖွင့်ထား ပါတယ်။ သူတို့ဘက်က ပြန်မဝင်လာတာသည် ပြောသံကြားတာကတော့ သူတို့ဘက်ကလည်း ဖိအားတွေ ပေးထားတဲ့ အတွက်ကြောင့် ပြန်ဝင်လာတာမရှိဘူးလို့တော့ သိရပါတယ်။ ကျွန်တော်တို့အစိုးရဘက်ကတော့ ဘင်္ဂါလီတွေကို စနစ်တကျနဲ့လက်ခံဖို့အတွက်လည်း စခန်းနှစ်ခုကို ဖွင့်ထားပါတယ်။ အဲ့ဒီအပေါ်မှာ သူတို့ကတောင်းဆိုတဲ့၊ ဝင်လာလို့ရှိရင် နိုင်ငံသားပေးရမယ်ဆိုတာဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့အညီ စိစစ်ပြီးမှ ပေးသင့်တဲ့လူကို ပေးရမှာပါပဲ။ ရသင့်တဲ့လူရရမှာပါပဲ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

မေး။။ တစ်ဖက်နိုင်ငံကိုရောက်နေတဲ့ မူဆလင်တွေပြန်လာရေးနဲ့ပတ်သက်ပြီးတော့ မြန်မာဘက်ကလည်း လုပ်ဆောင် နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကပြောနေတာက မြန်မာဘက်ကနေပြီးတော့ ဒီလူတွေမပြန်ရဲအောင် အတားအဆီးတစ်ခုခု ကိုလုပ်နေတယ်။ သူတို့ဟာ အဲ့ဒါကြောင့်မို့လို့ ဒီကိုပြန်မလာရဲတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာရော ဆရာ့ အနေနဲ့ ဘာတွေတုံ့ပြန်ချင်လဲ

ဖြေ။။ အစိုးရဘက်က အခုနကပြောသလိုပါပဲ။ လုပ်ဆောင်နေတာက တရားဝင်သမာသမတ်ကျကျနဲ့ လုပ်ဆောင် နေတာတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို တစ်ဖက်အဖွဲ့အစည်းတွေက ဖိအားပေးနေတယ်လို့ ကြားသိရတဲ့အတွက် သူတို့က ပြန်မလာရဲဘူးလို့သိရှိရပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဘက်က လက်ခံမယ့်ဟာကို သူတို့မလာတာဟာ သူတို့ဘက်ကအပိုင်းပဲဖြစ်တယ်။ သူတို့ဘက်မှာပဲ တာဝန်ရှိပါတယ်။

မေး။။ နောက်ဆုံးအနေနဲ့။ ဒါနဲ့ပတ်သက်လို့ အစိုးရဘက်က ပြင်ဆင်နေမှုတွေနဲ့ လုပ်နည်းလုပ်ဟန်တွေအပေါ်မှာရော လွှတ်တော်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ တဖက်နိုင်ငံကိုရောက်နေတဲ့ ဘင်္ဂါလီတွေကို လက်ခံဖို့အတွက် အစိုးရက စနစ်တကျပြင်ဆင်ထားတာကို တွေ့ရှိ ရပါတယ်။ သူတို့သည် ဥပဒေနဲ့အညီဆောင်ရွက်နေတာဖြစ်တဲ့အတွက် လွှတ်တော်အနေနဲ့ကတော့ အထူးပြောစရာမရှိပါဘူးခင်ဗျား။