စရဖကို လုပ်ကြံသတ်ဖြတ်မှု ဖမ်းဆီးသူများ လွတ်မြောက်အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Hpauyam La Awng
Image caption ဗန်းမော်မှာ စိုးရိမ်ရေမှတ်ထက်ကျော် ၊ အကူအညီများလိုအပ်

(၁) ဗန်းမော်မှာ စိုးရိမ်ရေမှတ်ထက်ကျော် ၊ အကူအညီများလိုအပ်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မြစ်ရေများဆက်တက်နေတာကြောင့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီဖြစ်ပြီး ရေဘေးသင့်သူတွေကို ကယ်ဆယ်ဖို့ အကူအညီများလိုအပ်နေပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက်တွေက လူအများစုမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းတချို့နဲ့ ကုန်းပေါ်နေရာလွတ်တွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလေဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁၆ ရက် ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက် အရ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ရဲ့ အထက် ၁,၂၂၂ စင်တီမီတာ မှာ ရှိနေပါတယ်။

ရေဖုံးလွှမ်းနေတဲ့ ရပ်ကွက်တွေကတော့ ဆင်ကုန်းရပ်ကွက်၊ မဟာဒီးရပ်ကွက်၊ ခွန်သာနဲ့ တပ်ကလေး ရပ်ကွက်တို့ဖြစ်ပြီး ဆင်ကုန်းနဲ့ ဗဟာဒီးရပ်တွေမှာ ရေဘေးတိမ်းရှောင်သူတွေအတွက် ရေနဲ့အစားအသောက်များ လိုအပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် ကလေးများနဲ့ သက်ကြီးရွယ်အိုတွေမှာ ဝမ်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption စရဖကို လုပ်ကြံသတ်ဖြတ်တဲ့အမှုနဲ့ ဖမ်းဆီးသူများ လွတ်မြောက်

(၂) စရဖကို လုပ်ကြံသတ်ဖြတ်တဲ့အမှုနဲ့ ဖမ်းဆီးသူများ လွတ်မြောက်

မနှစ်က စက်တင်ဘာလအတွင်း စစ်တွေမှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ် ၄ ဦးထဲက ၃ ဦးဟာ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာသူတွေက ကိုခိုင်ဘိုဘို၊ ကိုခိုင်ဇော်လင်းနဲ့ ကိုမေယုထွန်းတို့ ဖြစ်ပြီး လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီလိုတရားစွဲဆိုထားသူတွေကို စစ်တွေတရားရုံးက ဂျုလိုင်လ ၁၄ ရက်နေ့မှာ စွဲချက်မတင်တဲ့ အမိန့်ချလိုက်တာကြောင့် အခုလို လွတ်လာတာဖြစ်တယ်လို့ သူတို့အမှုမှာ လိုက်ပါပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ ဆက်စပ်မှုနဲ့ အဖမ်းခံထားရသူ ၁၀၀ကျော် ဆက်လက်ရှိနေပြီး အခုအခါ သူတို့ကို အရင်လိုမဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ပါ တရားစွဲဆိုမှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီနှစ် မတ်လအထိ ၁၇ (၁) / (၂) တို့နဲ့ တရားစွဲဆိုတာက လေးငါးမှုလောက်ပဲ ရှိပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု၊ ဖောက်ခွဲမှု ပုဒ်မတွေနဲ့သာ တရားစွဲဆိုတာဖြစ်တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

(၃) ဝါရှင်တန်တွင် သမ္မတထရမ့်နဲ့ တွေ့မည့် အစီအစဉ် ဂွာတီမာလာဖျက်သိမ်း

သမ္မတထရမ့်ရဲ့ ဂွာတီမာလာနိုင်ငံကို တတိယနိုင်အဖြစ် သတ်မှတ်ပြီး ဗဟိုအမေရိက ခိုလှုံသူများ နေရာချထားရေး အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဝါရှင်တန်မှာ ပြုလုပ်မယ့် သမ္မတ နှစ်ယောက်တွေ့ဆုံ ဆွေးနွေးပွဲကို ဂွာတီမာလာ သမ္မတရုံးက အချိန်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်ပါတယ်။

ဂွာတီမာလာ နိုင်ငံသားတွေဟာ အခုနှစ်အတွင်း တခြားနိုင်ငံကို ထွက်ကာ ခိုလှုံတာတွေ များပြားခဲ့ပြီး လူကုန်ကူးခံရမှုတွေလည်း များပြားခဲ့ပါတယ်။

တရားဝင်နိုင်ငံသားအဖြစ် အမေရိကန်ကို ခိုလှုံခွင့်ရမယ်ဆိုရင်တော့ အဲဒီလူကုန်ကူးမှုတွေက လျော့ချနိုင်မှာဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတထရမ့်နဲ့ သမ္မတ မော်ရဲလက်စ်တို့ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သမ္မတထရမ့်ဘက်ကတော့ ဟွန်ဒူးရပ်စ်၊ အယ်ဗာဗေဒို စတဲ့နိုင်ငံတွေကနေ ရွှေ့ပြောင်းနိုင်ငံခိုလှုံသူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့်တောင်းနေတာကို တားဆီးဖို့အတွက် ဂွာတီမာလာကို တတိယနိုင်ငံအဖြစ် သတ်မှတ်ကာ ဂွာတီမာလာက တစ်ဆင့် အမေရိကန်နိုင်ငံကို ခိုလှုံခွင့် တောင်းဖို့အထိ အစီအစဉ်သစ်ကို ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) က စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူတိုးလာ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ