ကာချုပ်၊ ဒုချုပ်နဲ့ တပ်မမှူး နှစ်ယောက်ကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်

ရခိုင်အရေး ဓာတ်ပုံ မူပိုင် Reuters
Image caption မော်စကိုက လုံခြုံရေး ကွန်ဖရင့်စ် တက်ခဲ့တဲ့ ကာချုပ်။ ဧပြီ၊ ၂ဝ၁၉

ရခိုင်ပြည်နယ် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာရဲ့ အရင်းခံ အကြောင်းတွေကို အမေရိကန် အနေနဲ့ ပိုပြီး သဘောပေါက် နားလည် သင့်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါဟာ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုချုပ် အပါအဝင် တပ်မမှူး နှစ်ယောက်တို့ကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေယိုက ကြေညာလိုက်တဲ့ အပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တုံ့ပြန် ပြောဆိုတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှုတွေ ကျူးလွန်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင်၊ လူ့အခွင့်အရေး အပြင်းအထန် ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိကြသူကို ပြည်ဝင်ခွင့် ပိတ်ရတာ ဖြစ်တယ်ဆိုပြီး မစ္စတာ ပွန်ပေယိုရဲ့ ထုတ်ပြန်ချက် ပထမဆုံး အပိုဒ်မှာ ရေးသား ထားပါတယ်။

အဲဒီလိုမျိုး အကြောင်းအရာတစ်ခုအပေါ် ဘက်တစ်ဘက်တည်း အမြင်နဲ့ ဆုံးဖြတ်ရင် အမှန်နဲ့ နီးစပ်နိုင်မှာ မဟုတ်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၂ဝ၁၂၊ ၂ဝ၁၅ နဲ့ ၂ဝ၁၇ ခုနှစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို တိုင်းရင်းသား မဟုတ်တဲ့ အဖွဲ့အစည်းတွေက စတင်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေရဲ့အသက်အိုးအိမ် လုံခြုံရေး၊ နယ်မြေဒေသ လုံခြုံရေး အတွက် တပ်မတော်က ဝင်ရောက် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ခုလိုမျိုး ပိတ်ပင်တာမျိုးတွေ ဖြစ်လာတဲ့ အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူထားတဲ့ တပ်မတော်၊ တခါ စံချိန်မီ တပ်မတော် Standard Army အဖြစ်တည်ဆောက် နေတဲ့ တပ်မတော် အနေနဲ့ ဂုဏ်သိက္ခာပိုင်း ထိခိုက်မှု ရှိတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်ပြည်ဝင်ခွင့် ပိတ်ကြောင်း မစ္စတာ ပွန်ပေယို ထုတ်ပြန်

မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူတဲ့ အစိုးရထဲ အမေရိကန် ပထမ

မြန်မာ စစ်တပ်ရဲ့ ထိပ်ပိုင်း တာဝန် အရှိဆုံးသူတွေ အပေါ် အခုလိုမျိုး လူသိရှင်ကြား အရေးယူ ဆောင်ရွက် လာပြန်တာဟာ နိုင်ငံတကာ အစိုးရတွေထဲ အမေရိကန် အစိုးရက ပထမဆုံးပဲလို့လည်း ဝန်ကြီး ပွန်ပေယိုက သူ့ရဲ့ ကြေညာချက်ထဲ ရေးသားထားပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်ထောက် ဒုချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင်၊ ရခိုင်မြောက်ပိုင်းမှာ လှုပ်ရှားတဲ့ အစိုးရစစ်တပ် တပ်မတွေရဲ့ ခေါင်းဆောင်နှစ်ယောက်တို့ကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ကြောင်း မစ္စတာ ပွန်ပေယိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

တပ်မမှူး နှစ်ယောက်ဟာ ၉၉ ခြေမြန်တပ်မရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦးနဲ့ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်ပါတယ်။

တပ်မမှူးအဆင့် စစ်အရာရှိတွေကို အရေးယူရတာနဲ့ ပတ်သက်ပြီးတော့လည်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေထဲ အဲဒီ တပ်မမှူးတွေရဲ့ ပါဝင်ပတ်သက်မှုတွေ အကြောင်း စိတ်ချယုံကြည်ရဖွယ် ရှိတဲ့ သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ဝန်ကြီး မိုက်ပွန်ပေယိုက ဆိုပါတယ်။

အဲဒီ စစ်ခေါင်းဆောင် ၄ ယောက်ကိုတင်မက သူတို့ရဲ့ မိသားစုဝင်တွေကိုပါ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုပြီး ဝန်ကြီး မိုက်ပွန်ပေယိုရဲ့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂ဝ၁၈၊ ဇွန်လ တုန်းကတော့ မြန်မာ စစ်ဘက်နဲ့ ရဲဘက် ထိပ်တန်း အရာရှိ ၇ ယောက် အပေါ် ပိတ်ပင် ကန့်သတ်တဲ့ အရေးယူမှုတွေကို ဥရောပ သမဂ္ဂ အီးယူက ချမှတ် ခဲ့ပါတယ်။

အီးယူက အရေးယူ ထားသူတွေသူတွေထဲ အမှတ် ၃ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး အပါအဝင် စစ်ဘက် ခေါင်းဆောင် ၅ ယောက် (အဲဒီ ၅ ယောက်ထဲ အခု အမေရိကန် ပြည်ဝင်ခွင့်ပိတ်ခံ ရတဲ့ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ ပါဝင်)၊ ရဲမှူးချုပ် ဖြစ်ခဲ့တဲ့ သူရစန်းလွင်နဲ့ နောက် ရဲ အဆင့်မြင့် အရာရှိ တစ်ဦးတို့ ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်ရွာ လူသတ်မှုနဲ့ ထောင်ချထားသူတွေကို စောလွှတ်တာကို အမေရိကန် ထောက်ပြ

ပြည်ဝင်ခွင့် ဘာ့ကြောင့် ပိတ်တာလဲ

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မူဝါဒတွေဟာ တာဝန်ခံမှု တာဝန်ယူမှု ရှိတတ်စေဖို့၊ ပြုမူ ကျင့်ကြံပုံတွေ ပြောင်းလဲဖို့ ဆိုတာတွေ အပေါ် အဓိက အာရုံစိုက် ချမှတ်ထားတာ ဖြစ်တယ်လို့ ဝန်ကြီး မစ္စတာ ပွန်ပေယိုက ဆိုပါတယ်။

သူ အဓိက ထောက်ပြတာက အင်းဒင်ရွာ ရိုဟင်ဂျာတွေ အစုလိုက် အသတ်ခံခဲ့ရမှုထဲ ပါဝင် ပတ်သက်ခဲ့တဲ့ တပ်မတော်သားတွေကို ထောင်လ အနည်းငယ်ပဲ ချပြီး ပြန်လွှတ်ခဲ့တဲ့ လုပ်ရပ် ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ကျုးလွန်သူ ရာဇဝတ်သားတွေကို ထောင်ထဲ လအနည်းငယ်ပဲ ထားခဲ့ပေမယ့်၊ ဒီအမှုအကြောင်း ကမ္ဘာသိအောင် ပြောပြတဲ့ စာနယ်ဇင်းသမား နှစ်ယောက်ကတော့ ထောင်ထဲ ရက် ၅ဝဝ ကျော် နေခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ နိုင်ငံတွင်း ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ဖို့ မြန်မာ အစိုးရ ပျက်ကွက်နေသလို၊ အစိုးရစစ်တပ် အနေနဲ့လည်း နိုင်ငံရဲ့ နေရာအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်ကြောင်း သတင်းတွေ ရနေတယ်လို့ ဝန်ကြီး မိုက်ပွန်ပေယိုက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်တွေကို ပယ်ချပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ရပ်တွေအပေါ် တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေ ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့တွေ ဖွဲ့ စစ်ဆေးခဲ့ပြီး၊ ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေးအရ တာဝန်ယူ ခဲ့ရတာလို့ တပ်မတော် တုံ့ပြန်

တပ်မတော်က ဘာတွေ လုပ်ဆောင်ထားလဲ၊ ဘာတွေ လုပ်ဆောင်နေလဲ

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ရည်ညွှန်း ပြောတာဟာ ၂ဝ၁၇ အောက်တိုဘာလတုန်းက ဖွဲ့ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့နဲ့ ၊ ၂ဝ၁၉ မတ်လထဲ ဖွဲ့စည်းလာတဲ့ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းရေး ခုံရုံးတို့ ဖြစ်ပါတယ်။

အင်းဒင်ရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိ ၄ ယောက်နဲ့ အခြားအဆင့် ၃ ယောက်တို့ကို ထောင် ၁ဝ နှစ်ချခဲ့တာဟာ ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေကြောင့် ဖြစ်ပါတယ်။

လက်ရှိ စုံစမ်းရေး ခုံရုံး အနေနဲ့လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေကို အခု ဇူလိုင် လထဲမှာပဲ ထပ်မံ ကွင်းဆင်း စစ်ဆေးနေပေမယ့် ဘယ်အကြောင်း အရာတွေ အပေါ် စုံစမ်း နေတာလဲ၊ သူတို့ဆီ တိုင်တန်းချက်တွေ ဘယ်လောက်ရထားလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

အမေရိကန်ရဲ့ အရေးယူမှုက ဘယ်လို သက်ရောက်နိုင်လဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို ထိပ်ဆုံးက ခေါင်းဆောင်ကို တိုက်ရိုက် အရေးယူဆောင်ရွက်တာ ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ သူတို့ အဖွဲ့အစည်းတစ်ခုလုံးကို ပစ်မှတ်ထား ခံရသလိုမျိုး ပြင်းထန်တဲ့ ဆောင်ရွက်မှု အဖြစ် သဘောထားနိုင်တယ် ဆိုပြီး စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အထူးပြု လေ့လာတဲ့ တကောင်း သုတေသန အဖွဲ့ရဲ့ ဒါရိုက်တာ ကိုရဲမျိုးဟိန်းက သုံးသပ်ပါတယ်။

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာခဲ့တုန်းက နိုင်ငံတကာ ပိတ်ဆို့မှုတွေ တဖြည်းဖြည်း ရုပ်သိမ်း ပေးခဲ့ရာက အခုလို ပိတ်ဆို့တာတွေ ပြန်လည် ဖြစ်လာတာဟာ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့လည်း ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာစာအုပ်အကြောင်း သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်း

ထိပ်ဆုံး ခေါင်းဆောင်ကို စပြီး ပစ်မှတ်ထား အရေးယူတဲ့ အမေရိကန်ဆီကနေ တပ်မတော်နဲ့ ပတ်သက်ပြီး နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက် လုပ်လာမလား ဆိုတဲ့ တွက်ဆမှုတွေလည်း ရှိနေတယ် ဆိုပြီး ကိုရဲမျိုးဟိန်းက ပြောပါတယ်။

အခုလို အမေရိကန် ပြည်ဝင်ခွင့် ပိတ်တယ် ဆိုတဲ့ ကြေညာချက် ထွက်လာချိန်မှာပဲ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC က ကိုယ်စားလှယ် အဖွဲ့ လည်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အဲဒီ အဖွဲ့ သီတင်းတစ်ပတ် အချိန်ယူ နေထိုင်သွားမှာ ဖြစ်ပေမယ့် ဒီ ခရီးစဉ်ဟာ သက်သေစုဆောင်းတာမျိုး လုပ်ဖို့ မဟုတ်ပဲ ICC ရဲ့ တရားရေး လုပ်ငန်းစဉ်ကို သိသင့်သိထိုက်သူတွေကို ရှင်းပြဖို့ ဖြစ်တယ်လို့ ICC ဘက်က ထုတ်ပြန် ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဒီသတင်းနဲ့ပတ်သက်သမျှ