မြေယာပြဿနာ၊ လူကုန်ကူးခံရမှု၊ စင်္ကာပူရခိုင်အသင်းအကြောင်း အစုံပြောထားတဲ့ မစ္စလီရဲ့ ထုတ်ပြန်ချက်

ယန်ဟီးလီ ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာပြည်ထဲ ဝင်ခွင့်မရတဲ့ မစ္စလီ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနေတဲ့ ပြဿနာဟာ ဒေသတွင်း နိုင်ငံတွေအပေါ် အပြင်းအထန် ဆက်လက်သက်ရောက် နေတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ပြောပါတယ်။

မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်မရတဲ့ မစ္စလီဟာ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ရှိရာ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေကို သွားရောက်ခဲ့အပြီး အဲဒီလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အခုလို ထိုင်းနဲ့ မလေးရှား ခရီးစဉ် အတွင်း သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ လာမယ့် စက်တင်ဘာလထဲ တင်သွင်း သွားမှာ ဖြစ်ပြီး၊ အထွေထွေ ညီလံခံကိုလည်း အောက်တိုဘာလထဲမှာ တင်သွင်းမယ်လို့ မစ္စလီက ဆိုပါတယ်။

မြန်မာ နိုင်ငံက ထွက်လာကြတဲ့ ဒုက္ခသည် တစ်သန်းခွဲဟာ ဒေသတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ရောက်ရှိ နေကြတယ်လို့ မစ္စလီက သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။

ဒီ ဒုက္ခသည် ပြဿနာနဲ့ အတူ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေအနှံ့ ဖြတ်သွားတဲ့ လူကုန်ကူးမှုတွေ၊ အဲဒီ ဒေသတွေ အပြင်ဘက်ထိကို စီးဆင်းနေတဲ့ မူးယစ်မှောင်ခိုမှုတွေ ပေါ်ပေါက် လာစေတယ်ဆိုပြီး မစ္စလီက ထောက်ပြထားပါတယ်။

မြန်မာအစိုးရက နှောင့်ယှက်နေတယ်လို့ မစ္စလီ စွပ်စွဲ

မြန်မာ အစိုးရအနေနဲ့ သူတို့ရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စိစစ် စောင့်ကြည့် တာမျိုးကနေ လွတ်ကင်းနိုင်အောင် ကြိုးစားတဲ့ အနေနဲ့ အိမ်နီးချင်း အစိုးရတွေ အပေါ်မှာပါ ဖိအားပေး တောင်းဆိုတာတွေ ပြုလုပ်နေတယ်လို့ မစ္စလီက စွပ်စွဲပါတယ်။

သူ ထိုင်းနိုင်ငံထဲမှာ ရှိနေတုန်း ကုလသမဂ္ဂလူ့ အခွင့်အရေး ကောင်စီက နှင်းအပ်ထားတဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို မဆောင်ရွက်နိုင်အောင် မြန်မာ အစိုးရက နှောင့်ယှက်ခဲ့တယ်လို့ မစ္စလီရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

စွက်ဖက်နှောင့်ယှက်တာတွေ ကြုံခဲ့ရတဲ့ အတွက် ထိုင်းနိုင်ငံထဲ သူသွားဖို့ စီစဉ်ထားတဲ့ နေရာတွေကို မသွားတော့ပဲ ဖျက်သိမ်းခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လို့ မစ္စလီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ထိုင်းထဲ ခရီးစဉ် တချို့ ဖျက်ခဲ့ရတယ်လို့ မစ္စလီပြော

ဒါပေမယ့် ဘယ်လို စွက်ဖက် နှောင့်ယှက်မှုတွေ ကြုံခဲ့ရတာလဲ၊ ဘယ် သူတွေနဲ့ တွေ့ဖို့ စီစဉ်ထားပြီးမှ ဖျက်ခဲ့ရတာလည်း ဆိုတဲ့ အသေးစိတ်တွေကိုတော့ အခု ထုတ်ပြန်ချက်ထဲ ဖော်ပြ မထားပါဘူး။

ဒါပေမယ့် သူတွေ့ကြုံခဲ့ရတာတွေ အပေါ် ပေါပေါ့တန်တန် သဘောထားမှာ မဟုတ်ပဲ၊ အလေးအနက်ထား ကိုင်တွယ်သွားမယ်လို့ မစ္စလီက ဆိုထားပါတယ်။

စင်္ကာပူအစိုးရကိုလည်း မစ္စလီ ဝေဖန်

ဒေသတွင်း အစိုးရတွေ အပေါ်မှာပါ မြန်မာ အစိုးရက ဖိအားပေးနေတယ် ဆိုတဲ့ ကိစ္စနဲ့ တဆက်တစပ်တည်းမှာပဲ အစိုးရက ရခိုင်အသင်းက သူတွေကို ဖမ်းပြီး ပြည်နှင်ဒဏ် ပေးခဲ့တဲ့ ကိစ္စကိုပါ မစ္စလီက ပြောထားပါတယ်။

သူ ထိုင်းနိုင်ငံထဲမှာ ရှိနေတုန်းပဲ အဲဒီ သတင်းကို ကြားခဲ့ရတာ ဖြစ်ပြီး၊ စင်္ကာပူက ပြည်နှင်ဒဏ် ပေးလိုက်တဲ့ ၆ ယောက်ဟာ မြန်မာပြည် ပြန်အရောက် မြန်မာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံရပြီး အခုဆို အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက် ခံထားရတယ်လို့ မစ္စလီက ဆိုပါတယ်။

အေအေနဲ့ ဆက်စပ်သလား ဆိုတဲ့ သံသယနဲ့ ရခိုင်ပြည်နယ်ထဲ ဖမ်းခံရသူတွေထဲက တချို့ သေဆုံးနေတဲ့ လတ်တလော သတင်းတွေကြောင့် အခု စင်္ကာပူရခိုင်သင်း အဖြစ် လှုပ်ရှားခဲ့သူတွေလည်း ဘယ်လို ကြမ္မာမျိုးနဲ့ ကြုံနေရလဲ ဆိုတဲ့ အပေါ် အလွန်စိုးရိမ်ရတယ်လို့ မစ္စလီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် TOMMORROW FB
Image caption မြန်မာအစိုးရက ဖမ်းမယ်မှန်းသိရက် ပြန်ပို့တာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်

ပြန်ပို့ရင် မူလ နိုင်ငံတွေမှာ အဖမ်းအဆီး အနှိပ်စက် ခံရဖို့ အန္တရာယ် ရှိနေသူတွေကို သူတို့ရဲ့ မူလနိုင်ငံဆီ ပြန်မပို့ဖို့ တားမြစ်ထားတဲ့ နိုင်ငံတကာ ဥပဒေကို စင်္ကာပူအစိုးရ လေးစား လိုက်နာပါ ဆိုပြီး မစ္စလီက တိုက်တွန်းပါတယ်။

မလေးရှားနိုင်ငံထဲက မြန်မာ ဒုက္ခသည်တွေ အကြောင်း

မြန်မာနိုင်ငံ နေရာအနှံ့ကနေ လာကြတဲ့ ဒုက္ခသည်တွေနဲ့ မလေးရှားမှာ သူတွေ့ဆုံခဲ့တယ်လို့ မစ္စလီက ဆိုပါတယ်။

သူတွေ့ဆုံခဲ့သူတွေထဲ ရခိုင်၊ ချင်း၊ ကရင်၊ ရှမ်း ၊ ကချင် ဒေသက သူတွေနဲ့ ရန်ကုန်က ပြေးလာကြသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တချို့ဆိုရင် မလေးရှားမှာ သောင်တင်နေတာ ဆယ်စုနှစ် တစ်ခု ကျော်နေပြီ ဖြစ်တယ်လို့ မစ္စလီက ပြောပါတယ်။

မြန်မာပြည်ကနေ ဒုက္ခသည်တွေ ဒေသတွင်း နိုင်ငံတွေဆီ ရောက်လာနေတဲ့ "ဒုက္ခသည် ထုတ်လုပ်ရာ နိုင်ငံ" ဖြစ်နေရတဲ့ ပြဿနာဟာ အသစ်အဆန်း မဟုတ်တော့ပဲ၊ အခုအချိန်ထိ မလေးရှားကို မြန်မာဒုက္ခသည်တွေ ရောက်လာနေကြဆဲ ဖြစ်တယ်လို့ မစ္စလီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SEACSN
Image caption ပီနန်းမှာ ရှိတဲ့ စာသင်ခန်း

သူတို့ မြန်မာပြည်ပြန်ရင် လုံခြုံမှာ မဟုတ်ဘူး ဆိုပြီး သူနဲ့ တွေ့တဲ့ ဒုက္ခသည်တိုင်းက ထွက်ဆိုကြတယ်လို့ မစ္စလီက ဆိုပါတယ်။

မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ကလေးတွေ အတွက် လေ့လာ သင်ယူစရာ နေရာတွေ ဖန်တီးပေးထားတာကို မလေးရှား အစိုးရက သူ့ကို ပြသခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည် အမြောက်အများ လက်ခံထားရတဲ့ တခြား နိုင်ငံတွေ အနေနဲ့လည်း မလေးရှား ပုံစံမျိုး ဒုက္ခသည် ကလေးငယ်တွေ အတွက် ဖန်တီး ပေးကြဖို့ မစ္စလီက တိုက်တွန်းပါတယ်။

မြေယာ ပြဿနာ

မြန်မာနိုင်ငံထဲ မြေယာ အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ ပြဿနာဟာ ခုချိန်တိုင်အောင် မဖြေရှင်း နိုင်သေးတဲ့ အရာ ဖြစ်တယ်လို့ မစ္စလီက ဆိုပါတယ်။

မြေယာ သုံးစွဲခွင့် မူဝါဒနဲ့ ကိုက်ညီတဲ့ ဥပဒေတစ်ရပ် ထွက်လာဖို့ ဆောင်ရွက် နေကြပေမယ့် တိုးတက်မှု လုံးဝ မရှိဘူး ဆိုပြီး သူ့ကို ပြောကြသူတွေ ရှိတယ်လို့ မစ္စလီက ဆိုပါတယ်။

မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေမှာ အပြစ်အနာအဆာတွေ ရှိနေပြီး၊ အဲဒီ ဥပဒေကိုသုံးပြီး လူတွေကို သူတို့မြေတွေကနေ ကုမ္ပဏီတွေက နှင်ထုတ်နေတဲ့ အမှုတွေ ပို တိုးတိုးပြီး ရှိလာနေတယ်လို့ မစ္စလီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြေလွတ် ဥပဒေရဲ့ဒဏ် တနိုင်ငံလုံး ခံနေရတယ်လို့ မစ္စလီပြော

ဥပမာ တောင်ငူမှာ ဆိုလို့ရှိရင် အဲဒီ ဥပဒေနဲ့ အရေးယူ ခံနေရတဲ့ ရွာတချို့ ရှိနေပြီး ရွာခံတွဗဟာ လစဉ် ဆိုသလို တစ်လနှစ်ကြိမ် မြို့တက်ပြီး ရုံးချိန်း လာနေရတယ် ဆိုတဲ့ အချက်မျိုးတွေ သူ ကြားသိထားရတယ်လို့ မစ္စလီက ပြောပါတယ်။

လူတွေကို သူတို့ပိုင် မြေတွေကနေ နှင်ထုတ်မခံရအောင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေက အကာအကွယ် ပြုထားတယ်လို့ မစ္စလီက ဆိုပါတယ်။

ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာတော့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြောင့် နေစရာသာမက စားစရာနဲ့ အသက်မွေး ဝမ်းကျောင်းမှုတွေ ဆုံးရှုံး နေရသူတွေ သန်းနဲ့ချီ ရှိနေတဲ့ အတွက် ဆင်းရဲမွဲတေမှုထဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး ဆိုပြီး မစ္စလီ ဝေဖန် ထားပါတယ်။

"အဲဒါတွေဟာ ဘာမြေလွတ်မြေလပ်မှ မဟုတ်ဘူး၊ ကျုပ်တို့မြေတွေ။ ကျုပ်တို့ရွာ ကျုပ်တို့ ခရိုး ကျုပ်တို့အိမ်"ဆိုပြီး ရွာသား တစ်ယောက်က သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အရေး

မြန်မာနိုင်ငံ မြောက်ပိုင်းမှာလည်း လိင်မှု ကိစ္စအတွက် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူး ခံနေရတဲ့ ပြဿနာ ကြုံတွေ့ နေရတဲ့ အတွက် သူ့ အနေနဲ့ အင်မတန် စိတ်မသက် မသာ ဖြစ်ရတယ်လို့ မစ္စလီက ဆိုပါတယ်။

အဲဒီလို အိမ်နီးချင်း နိုင်ငံတွေဆီ လူကုန်ကူး ခံနေရသူတွေထဲ အသက် ၉ နှစ် အထိ ငယ်တဲ့ မိန်းကလေးငယ်တွေတောင် ပါဝင် နေတယ်လို့ ကြားသိရတယ် ဆိုပြီး မစ္စလီက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတာ နှစ်တွေ ကြာလာတာနဲ့အမျှ မိသားစုတွေ ဆင်းရဲကြပ်တည်း နေကြရပြီး လူကုန်ကူးသူတွေရဲ့ သားကောင်တွေဘဝ ကျဆင်း နေကြရတယ်လို့ မစ္စလီက ထောက်ပြပါတယ်။

တိုက်ပွဲတွကြောင့် အိုးအိမ်တွေကို စွန့်ခွာ ပြေးခဲ့ကြရပြီး ဒုက္ခသည် စခန်းတွေထဲ နေနိုင်နေကြရတဲ့ မိသားစုတွေ အတွက် လူကုန်ကူး သားကောင်ဘဝ ကျရောက်ဖို့ အန္တရာယ် ပိုပြီးများတယ်လို့ မစ္စလီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် THAUNG TUN
Image caption ကြော်ငြာစာတွေပါ မူဆယ်လို နယ်စပ်မြို့တွေမှာ တွေ့လာရ

ရှမ်း၊ ကချင်၊ လားဟူ၊ ပအိုဝ်းနဲ့ တခြား တိုင်းရင်းသား မျိုးနွယ်စုထဲက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ လူပွဲစားတွေရဲ့ စနက်နဲ့ တရုတ်နိုင်ငံထဲ ခေါ်သွားခံရပြီး အဲဒီမှာ တရုတ်ဇနီးမယား အဖြစ် ရောင်းစား ခံကြရတယ်လို့ မစ္စလီက ပြောထားပါတယ်။

အဲဒီလို တရုတ်ဇနီးမယား အဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အနေနဲ့ အဓမ္မ လိင်ဆက်ဆံခံရ၊ ကိုယ်ဝန် မဖြစ်မနေ ဆောင်ရ၊ ကလေး မဖြစ်မနေ မီးဖွား ပေးရတာမျိုးတွေ ကြုံရကြောင်း တုန်လှုပ်စဖွယ် အကြောင်းတွေ ကြားသိထားရတယ်လို့ မစ္စလီက ဆိုပါတယ်။

လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီး တစ်ဦးဆိုရင် တရုတ်နိုင်ငံထဲ အနှစ် ၂ဝ လုံးလုံး တစ်နေကနေ တစ်နေရာ ခေါ်သွားခံရပြီး ယောက်ျား အများအပြားနဲ့ အတူအိပ်ရ၊ ကလေးမွေး ပေးရတာမျိုး ခိုင်းစေခံခဲ့ရတာမှာ အနှစ် ၂ဝ အတွင်း ကလေး ၁၈ ယောက် အထိ မွေးပေးခဲ့ရတဲ့ ရင်ကွဲဖွယ် အကြောင်းတွေ သိထားရတယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီးဟယ ကိုယ်မွေးတဲ့ ကလေး ကိုယ် ပြုစုခွင့် ပြုစုချိန်တောင် မရပဲ ကလေးတွေကို သူ့ဆီက ချက်ခြင်း သိမ်းသွားတာ ခံရတယ်လို့ မစ္စလီ မှတ်တမ်းတင်ထားပါတယ်။

မျက်နှာနှစ်မျိုး ဝါဒ

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း ရှေ့မတိုး တိုင်ပဲ ရပ်တန့် နေပြီး ရခိုင် ပြည်နယ် စစ်မီးကတော့ ဆက်လက် တောက်လောင်နေတယ်လို့ မစ္စလီက ဆိုပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း နယ်မြေတွေမှာ အစိုးရတပ်က အပစ်ရပ် ကြေညာ ပေးထား ပေမယ့် တကယ်တမ်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ဝင်လာအောင် မစွမ်းနိုင်ဘူးလို့ မစ္စလီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရခိုင်စစ်မီး အကြောင်းလည်း မစ္စလီပြော

အေအေအဖွဲ့ကို အစိုးရတပ် စကားအတိုင်း"ချေမှုန်း" နေသ၍တော့ တပ်မတော် အနေနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ငြိမ်းချမ်းရေး လက်မှတ်ထိုးလာဖို့ ပြောနိုင်မှာ မဟုတ်ဘူးလို့လည်း မစ္စလီက ဆိုပါတယ်။

အပစ်ရပ် ကြေညာထားတယ် ဆိုတဲ့ ကာလတွေမှာလည်း ရှမ်းပြည်နယ်ထဲ တိုက်ပွဲတွေ ရှိနေခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း တပ်လို့ အသိများတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နဲ့ ဆိုရင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ခရီးစဉ် အပြီးလေးမှာတင် အစိုးရတပ်က တိုက်တာမျိုး "မျက်နှာနှစ်မျိုး မူဝါဒ" နဲ့ ဆက်ဆံနေတယ်လို့လည်း မစ္စလီက ဆိုပါတယ်။

အမေရိကန် ပြည်ဝင်ခွင့်ပိတ်တာ မလုံလောက်

တပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် တချို့ကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်တာသက်သက်လို အရေးယူတာမျိုးက မလုံလောက်ဘူးလို့လည်း ထရမ့်အစိုးရကို မစ္စလီ ဝေဖန်ပါတယ်။

မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ အမေရိကန်ဆီလာဖို့ အစီအစဉ်လည်း ရှိနေမှာ မဟုတ်တဲ့ အတွက် အခုလို ခရီးသွားလာခွင့် ကန့်သတ်တာမျိုး သက်သက်က ဘာမှ သက်ရောက်မှု မရှိဘူးလို့ မစ္စလီက ဆိုပါတယ်။

သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းလိုမျိုး အရာတွေကို ထိန်းချုပ်တာမျိုးက ပိုထိရောက်လိမ့်မယ်လို့ မစ္စလီက သူ့ထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။