အစိုးရ စစ်ရေယာဉ်ကို အေအေ လက်နက်ကြီးနဲ့ လက်တုံ့ပြန် ပစ်ခတ်

ရခိုင် ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရခိုင်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်

ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာမှာ အစိုးရ စစ်ရေယာဉ် နှစ်စင်းကို ရခိုင်လက်နက်ကိုင် အေအေက ဇူလိုင် ၁၉ ရက် မနက်ပိုင်းတုန်းက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို အစိုးရ စစ်ရေယာဉ် နှစ်စင်း တိုက်ခိုက် ခံခဲ့ရတဲ့ နေရာဟာ အမ်းနဲ့ မြေပုံ မြို့နယ် နှစ်ခု အစပ်က ကျောက်မော်ဆိုတဲ့ နေရာ အနီး ဖြစ်ပါတယ်။

အဲဒီ နေရာကို ကမ်းကပ်ဖို့ စစ်သင်္ဘောတစ်စင်းနဲ့ ရေဆွဲယာဉ်တစ်စင်း ချည်းကပ်လာနေတုန်း အေအေတွေက လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာလို့ ဒေသခံတွေကို ကိုးကားပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မီးခိုးတွေ လုံးတက်လာတာ တွေ့လိုက်ရတယ်လို့ ပြောဆိုသူတွေ ရှိပြီး တပ်မတော် ရေဆွဲယာဉ် ထိခိုက်သွားတယ်လို့ ကနဦး ထွက်လာတဲ့ သတင်းတွေက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ဇူလိုင် ၁၈ ရက်နေ့ကလည်း အစိုးရတပ်နဲ့ အေအေကြား အမ်းမြို့နယ်ထဲက မဲသံကြိုးအနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အဲဒီ မဲသံကြိုးနားက တောင်တန်းတွေကို နောက်တစ်ရက် ဇူလိုင် ၁၉ မှာ စစ်သင်္ဘောပေါ်ကနေ အမြောက်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်လာလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အမြောက်တွေနဲ ပစ်ခတ်ခဲ့တဲ့ စစ်သင်္ဘောကို အေအေက လက်နက်ကြီးနဲ့ လှမ်းပစ်တာ ဖြစ်ပါတယ်။

ဆွဲယာဉ်နံဘေးကို ထိမှန်ပြီး မီးလောင်သွားတယ်လို့ မျက်မြင်တစ်ယောက်ဖြစ်တဲ့ ရေကောင်းရှိန် ကျေးရွာက လူကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ နောက်မှာတော့ စစ်သင်္ဘောက အမြောက်နဲ့ လက်တုံ့ပြန် ပစ်ခတ်တာတွေ ပြုလုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုတွေထဲက ကျည် နှစ်လုံးကတော့ ၂ မိုင် ဝန်းကျင်လောက် အကွာမှာ ရှိတဲ့ ပေါက်တူးတောင်ရွာက နေအိမ် နှစ်လုံးကို ထိမှန်သွားတယ်လို့ ရွာခံတွေက ပြောကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

ဇူလိုင် ၁၉ ဖြစ်ပေါ်ခဲ့တဲ့ တပ်မတော် ရေယာဉ် ပါဝင် ပတ်သက်နေတဲ့ တိုက်ပွဲ အကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို ဘီဘီစီက မေးမြန်းတဲ့ အခါမှာတော့ တိုက်ပွဲ ပေါ်ပေါက်ခဲ့ကြောင်း ကြားသိရပေမယ့်၊ အသေးစိတ်တွေ မသိရသေးဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဖြေဆိုပါတယ်။

ဇူလိုင် ၁၉ ရက် တစ်နေ့တည်းမှာပဲ အရင်ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ မဲသံကြိုးအပါအဝင် ဒုက္ကံ၊ မရွတ်ချောင်း စတဲ့ ရွာနား တွေမှာလည်း အစိုးရတပ်နဲ့ အေအေကြား တိုက်ပွဲ တစ်နာရီ ဝန်းကျင် ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲ ဖြစ်တဲ့ နေရာဟာ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ၁၅ မိုင် လျော့လျော့သာ ဝေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။