ကချင်နဲ့ မကွေးမှာ မိုးများပြီးရေထဲမျောပါလို့ လူ ၃ ဦးသေဆုံး

ရခိုင်ကဒုက္ခသည်စခန်းတွေမှာလည်း ရေတွေကြီးခဲ့ ဓာတ်ပုံ မူပိုင် Myanmar Red Cross Society
Image caption ရခိုင်ကဒုက္ခသည်စခန်းတွေမှာလည်း ရေတွေကြီးခဲ့

ရေဘေးဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအတွင်းက ဒေသအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မိုးများပြီးတောင်ကျရေပြိုကျလာတဲ့အတွက် လူ ၃ ဦးရေထဲမျောပါပြီးသေဆုံးခဲ့ရတယ်လို့ ဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

' ' ကချင်ပြည်နယ်ဆော့လော်မှာတော့ ရေကြီးနေတုံး လူတစ်ယောက် ရေစီးနဲ့မျောပါပျောက်ဆုံးသွားတယ်။ သေဆုံး လောက်တဲ့သဘောပေါ့။ မကွေးကတောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမှာတော့ မိုးများနေတဲ့အချိန် တောင်ကျ ချောင်းရေကို ဖြတ်လို့ မျောပါပြီးသေဆုံးတာပေ့ါ။''လို့ လူသေဆုံးခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက် ပြီး ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကချင်၊ မွန်၊ ချင်း၊ ပဲခူး၊ ရခိုင်၊ မန္တလေး၊ မကွေးတိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာကြောင့် ရေဘေးသင့်ပြည်သူ လေးသောင်းကျော်ရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်း တွေလည်းဖွင့်လှစ်ခဲ့ရပါတယ်။

' ' လက်ရှိကတော့ စစ်ကိုင်းနဲ့ မန္တလေးမှာတော့ ကယ်ဆယ်ရေးစခန်းတွေရှိသေးတယ်။ ကျန်တဲ့ ပဲခူး၊ မွန်၊ ချင်းမှာတော့ ပိတ်ထားလိုက်ရပြီ။ ကချင်မှာလည်းတော်တော်များများတော့ ပြန်ပြောင်းနေရပြီ။''လို့ ရေပြန်ကျလာတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ ပြန်လည် ပိတ်သိမ်းထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေါ်ဖြူဖြူလဲ့လဲ့ထွန်းကပြောပါတယ် ။

စစ်ကိုင်းမှာရေဘေးရှောင်စခန်း ၁၂နေရာနဲ့ မန္တလေးမှာတော့ ၉နေရာကျန်နေသေးပြီး ရေဘေးရှောင်ပြည်သူ အနေနဲ့ စုစုပေါင်း တစ်သောင်းခွဲ ဝန်းကျင်တော့ ကျန်နေသေးတယ်လို့လည်းသိရပါတယ်။

ဇူလိုင်လဆန်းကစတင်ကာ ရေကြီးခဲ့တဲ့ ဒေသအတော်များများမှာ ရေပြန်ကျလာပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ဒုတိယရေကြီးကာလဖြစ်တဲ့ သြဂုတ်လကုန်အထိကို အဓိက မြစ်ကြီးတွေ မှာ မြစ်ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိနေသေးတာကြောင့် ရေဘေးကို သတိပြုနေထိုင်ကြဖို့ လိုအပ် နေသေးတယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောဆိုပါတယ်။

' ' ကျွန်တော်တို့ ခန်းမှန်းချက်အရပေါ့။ ဒီမိုးလယ်ကာလမှာ ဧရာဝတီမြစ်၊ချင်းတွင်းမြစ်၊သံလွင်မြစ်နောက် စစ်တောင်းမြစ်ပေါ့။ ဒီမြစ်တွေမှာ နောက်ထပ် ၂ကြိမ်စီလောက် စိုးရိမ်ရေမှတ်ရောက်နိုင်တဲ့ အနေအထား မျိုးတော့ရှိတယ်။ ဇူလိုင်၊ သြဂုတ်လကလည်း နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးရေလျှံမှုတွေဖြစ်တော့ သတိထား ဖို့တော့လိုပါတယ်''လို့ ဒေါက်တာကျော်မိုးဦးကပြောပြပါတယ်။

၂၀၁၈ခုနှစ်တုံးကလည်း ရေကြီးရေလျှံမှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေး ကယ်ဆယ်ရေး စခန်းတွေကိုရွှေ့ပြောင်းနေထိုင်ရသူ သိန်းနဲ့ချီရှိခဲ့ပြီး လူ ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။