မေယုမြစ်အတွင်း ရေတပ်သင်္ဘောကို အေအေက တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၆ ရခိုင်အရေးအခင်း ဖြစ်တုန်းက တပ်မတော် က ကင်းလှည့်စဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ဇူလိုင်၂၀ရက် မနက်မှာ တပ်မတော် ရေတပ်က သင်္ဘော တစ်စီး ထပ်မံ တိုက်ခိုက်ခံရပါတယ်။

တိုက်ခိုက်မှုအတွင်း သေနတ်သံတွေကြောင့် အနီးအနား ပတ်၀န်းကျင်က ရွာတစ်ရွာမှာ ရှိတဲ့ လူပေါင်း ၃၀၀ ကျော်ဟာ နေရင်း ရွာကို စွန့်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဇူလိုင်လ ၂၀ရက် မနက် ၅ နာရီ မိနစ် ၄၀ မှာ ရေတပ်သင်္ဘောကို တိုက်ခိုက်မှု စတင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် အနောက်ဘက် ပြာပင်ရင်း ကျေးရွာက မိုင်ဝက်ခန့်အကွာ မေယူမြစ်အတွင်း ရေတပ်သင်္ဘောကို ရက္ခိုင်တပ်တော် အေအေက တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေနတ်ပစ်ခတ်မှုဟာ ၅ မိနစ်ခန့်သာကြာခဲ့တယ်လို့ ပြာပင်ရင်းရွာက လူကြီး တစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ခုနှစ်ဆန်းပိုင်းမှာ စတင်ပြင်းထန်လာတဲ့ အေအေနဲ့ တပ်မတော် တိုက်ပွဲတွေ ရခိုင်မှာ မစဲသေး

ကလေးငယ်လေးတွေ အပြင် လူကြီးတွေလည်း ကြောက်လို့ ၊ လက်နက် အသံတွေကြားလို့ ထွက်ပြေးခဲ့ကြရတယ်လို့ ပြာပင်ရင်း ကျေးရွာက အမျိုးသမီး တစ်ဦးပြောပါတယ်။

ပြေးလာသူ သုံးရာကျော်လောက်ရှိပြီး လက်ရှိတော့ သူတို့ အားလုံး ရန်အောင်မြင် ရွာကို ရောက်နေတယ်လို့ ဆိုပါတယ်။

ခုလို တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့ နောက် ရေလမ်းကို အဓိက အားထားနေရတဲ့ ရသေ့တောင်မြို့ပေါ်နဲ့ နယ်ကျေးရွာတွေအကြား သွားလာရေးတွေ အကုန်လုံး ပြတ်တောက်ကုန်တယ်လို့ ပြောပါတယ်။

မေယုမြစ်ကို ဖြတ်ပြီး ရသေ့တောင်ကိုသွားတဲ့ စက်လှေတွေကိုလည်း သွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

မြန်မာ တပ်မတော် ရေတပ်က ရေယာဉ် တစင်းကို မေယုကမ်းဖက် ပြာပင်ရင်း ကနေ ပစ်ခံရတယ်လို့ အခင်းဖြစ်ရာ နေရာက အခြေအနေကို ရသေ့တောင်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးဦးသာဇံ ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

မျက်မြင်တွေရဲ့ အပြောအရ တိုက်ခိုက်မှုအတွင်း ရေယာဉ် အနည်းငယ်ထိခိုက်ခဲ့တယ်လို့ ပြောဆိုပေမယ့် ဘီဘီစီအနေနဲ့တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့ကလည်း မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အကြား ကျောက်မော်ရေပြင်မှာ တပ်မတော် ရေတပ်က စက်တပ်ယာဉ် ၂ စီးကို အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။