မိုးဆက်ရွာမယ့် အခြေအနေကြောင့် ရေကြီး ဒေသတွေ ကယ်ဆယ်ရေး ကုလ ပြင်ဆင်

ဒုတိယရေကြီးကာလဖြစ်တဲ့ သြဂုတ်လကုန်အထိကို အဓိက မြစ်ကြီးတွေ မှာ မြစ်ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိနေ ဓာတ်ပုံ မူပိုင် MPA
Image caption ဒုတိယရေကြီးကာလဖြစ်တဲ့ သြဂုတ်လကုန်အထိကို အဓိက မြစ်ကြီးတွေ မှာ မြစ်ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိနေ

မိုးဆက်တိုက်ရွာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတဲ့အတွက် မြန်မာပြည်အောက်ပိုင်းက ရေကြီးမှုတွေအခြေအနေတွေ စောင့်ကြည့်နေပြီး သက်ဆိုင်ရာအစိုးရဌာနနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးအဖွဲ့တွေ လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ဆိုပါတယ်။

အထက်မြန်မာပြည်မှာ ရေပြန်ကျပေမဲ့ အောက်ဘက်မှာ မြစ်ရေတွေက စိုးရိမ်ရေမှတ် အထက်မှာ ရှိနေတဲ့အတွက် ရေကြီးအခြေအနေစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းက ဒေသတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများပြီးတောင်ကျရေ ပြိုကျလာတဲ့အတွက် လူ ၃ ဦးရေထဲမျောပါပြီးသေဆုံးခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောခဲ့ပါတယ်။

မင်းပြားမှာ လေးမြို့မြစ်ကမ်းပြို လို့ လူနေအိမ်တွေပျက်စီး

မိုးများပြီးရေထဲမျောပါလို့ လူ ၃ ဦးသေဆုံး

မွန်၊ ကချင်၊ ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး တိုင်းတို့မှာ ရေကြီး၊ ရေလျှံမှုကြောင့် လူဦးရေ ၄၅,ဝဝဝ ကျော် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ်က တချို့နေရာတွေအပါအဝင် မြန်မာပြည်အထက်ပိုင်းက တခြားကယ်ဆယ် ရေးစခန်းက ရေဘေး ဒုက္ခသည်တွေ အိမ်ပြန်နိုင်ကြပြီဖြစ်ပေမဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ ကယ်ဆယ်ရေးစခန်း ၄၀ ကျော် ဖွင့်ထားရပြီး ရေဘေးသင့်သူ ၂ သောင်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးကတာဝန်ရှိသူ နန်စီမက်နယ်လီ က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption အထက်မြန်မာပြည်မှာ ရေပြန်ကျပေမဲ့ အောက်ဘက်မှာ မြစ်ရေတွေက စိုးရိမ်ရေမှတ် အထက်မှာ ရှိနေတဲ့အတွက် ရေကြီးအခြေအနေစိုးရိမ်နေရ

ရေဘေးအန္တရာယ်စိုးရိမ်ရတဲ့နေရာတွေကို စောင့်ကြည့်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မစ္စ နန်စီမက်နယ်လီက "ရာသီဥတုအခြေအနေကို ကျွန်မတို့ ဆက်ပြီး စောင့်ကြည့် လေ့လာနေတယ်။ ရာသီဥတုကြိုတင် ခန့်မှန်းချက်တွေ မြစ်ရေအတက်အကျတွေ စောင့်ကြည့်နေတယ်။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင် မြစ်ရေတွေက စိုးရိမ်ရေမှတ်အထက်မှာ ရှိနေသေးတယ်။ အန္တရာယ်တွေ အများကြီးရှိနေ သေးတယ်။ တကယ်လို့ မိုးဆက်တိုက်ရွာရင် ဒုက္ခအကြီးအကျယ် ရောက်မယ်။ ဘာဖြစ်လို့လဲဆို တော့ မိုးထပ်ရွာလို့ အထက်စီးဆင်းလာမယ့်မြစ်ရေနဲ့ လက်ရှိရေကြီးတဲ့ဒေသက ရေတွေနဲ့ပေါင်းမိ ရင် အောင်ဘက်မြေနိမ့်ပိုင်းတွေမှာ ပြဿနာရှိတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းရတဲ့ ခန့်မှန်း လူဦးရေစာရင်းအရ ကချင်ပြည်နယ်တစ်ခုတည်းမှာတင် ရေဘေးသင့်သူ ၂၂,ဝဝဝကျော်ရှိ ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ လူဦးရေ ၉,၆ဝဝ ကျော်မှာ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ကုလားတန်မြစ် အထက်ပိုင်း မြစ်ကြောင်းတလျှောက်က ချင်းပြည်နယ် ပလက်ဝမြို့မှာလည်း လူဦးရေ ၁,၇ဝဝ ကျော် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption မိုးရေတွေ မြစ်အောက်ပိုင်းဘက်ကို စီးဆင်းလာတဲ့အတွက် အောက်ဘက်မြေနိမ့်ပိုင်းဒေသတွေအတွက် အန္တရာယ်ရှိနေပါတယ်

အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနစတဲ့ ဌာနဆိုင်ရာနဲ့ အဖွဲ့အစည်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေကို စီမံခန့်ခွဲပြီး လိုအပ်တာတွေ ဝယ်ယူနိုင်ဖို့ ငွေကြေးထောက်ပံ့မှု၊ အစားအသောက်၊ ချက်ပြုတ်စရာနဲ့ နေရာထိုင်ခင်းတွေကို ပံ့ပိုးကူညီနေတယ်လို့ နန်စီမက်နယ်လီ က ပြောပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဆန်၊ သောက်ရေ ၊ ခြင်ထောင်၊ စောင်တွေ၊ ဖျာတွေကို ကချင်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံတဲ့ရေဘေးသင့်သူတွေကို ပံ့ပိုးခဲ့ပါတယ်။

တချို့နေရာမှာ ရေပြန်ကျပေမဲ့ မိုးရာသီအစောပိုင်း သာရှိသေးတဲ့အတွက် တချို့နေရာတွေမှာ ရေဘေးအန္တရာယ်စိုးရိမ်ရတယ်လို့ နန်စီမက်နယ်လီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ရေကြီး၊ ရေလျှံမှုကြောင့် လူဦးရေ ၄၅,ဝဝဝ ကျော် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ

လက်ရှိအခြေအနေကတော့ အထူးသဖြင့် အထက်ပိုင်းက မြစ်ရေအခြေအနေကတော့ တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ ခန့်မှန်းထားတဲ့ မိုးရေတွေ မြစ်အောက်ပိုင်းဘက်ကို စီးဆင်းလာတဲ့အတွက် အောက်ဘက်မြေနိမ့်ပိုင်းဒေသတွေအတွက် အန္တရာယ်ရှိနေပါတယ်။ အထူးသဖြင့် လူနေမှုထူထပ်တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းလိုနေရာမျိုးပေါ့။ လောလောဆယ် အဲဒီဒေသတွေမှာ ကယ်ဆယ်ရေးစခန်း ၄၀ ကျော်ဖွင့်လှစ်ထားပြီး အဲဒီစခန်းတွေမှာ ရေဘေးဒုက္ခ သည် ၂၂၀၀၀ ကျော် နေထိုင်နေကြတယ်လို့ သူက ဆိုပါတယ်။

မြစ်ရေတွေက မန္တလေး၊ မကွေး၊ ပြည်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေဘက်ကို ဦးတည်နေပြီး တဖြည်းဖြည်း တောင်ဘက်၊ အရှေ့တောင်ဘက်ကို စီးဆင်းလာတာကြောင့် ရေတွေအောက်ဘက်ကို စီးဆင်းတဲ့ မြစ်ကြောင်းတစ်လျှောက်ရှိနေရာ တွေမှာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်ပါတယ်။ မိုးထပ်ကြီးရင် လူနေမှုထူထပ်တဲ့မန္တလေး လိုနေရာမျိုးဟာ ရေဘေးအန္တရာယ်ကြုံတွေ့နိုင်တယ်လို့ OCHA က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ကိုဖြတ်ပြီး ရခိုင်ပြည်နယ်ထဲကို စီးဆင်းတဲ့ကုလားတန်မြစ်နဲ့လေးမြို့မြစ်တွေက မြစ်ရေ မြင့်တက်လာလို့ လက်ရှိပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ ခိုလှုံ နေတဲ့ နေရာတွေမှာ အန္တရာယ်ကျရောက်နိုင်တဲ့အနေအထားရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံရဲ့ဒုတိယရေကြီးကာလဖြစ်တဲ့ သြဂုတ်လကုန်အထိကို အဓိက မြစ်ကြီးတွေ မှာ မြစ်ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိနေသေးတာကြောင့် ရေဘေးကို သတိပြုနေထိုင်ကြဖို့ လိုအပ် နေသေးတယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောဆိုထားပါတယ်။