မြန်မာဖက်က ဆက်သွယ် အကြောင်းကြားချက်အရ ဖမ်းဆီး ပေးပို့တာလို့ ၀ ဖက်ကပြော

"ဝ"ပြည်နယ် ဓာတ်ပုံ မူပိုင် U Nyi Rang facebook
Image caption လူကုန်ကူးမှုနဲ့ မြန်မာအာဏာပိုင်တွေ ဖက်က တောင်းခံလာလို့ ဖမ်းဆီးပေး

အမှတ် (၃) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပဲခူး) ကနေ ကူညီ ဖမ်းဆီး လွဲပြောင်းပေးဖို့ တောင်းဆိုလာတဲ့ အတွက် ၀ ပြည်ရဲတပ်ဖွဲ့က လူကုန်ကူးသူ အမျိုးသမီး နှစ်ယောက်ကို ဖမ်းဆီးကာ မြန်မာ အာဏာပိုင်တွေ ဆီကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အခု ဖမ်းဆီးသူတွေဟာ လူကုန်ကူး ခံရသူတွေ မဟုတ်ဘဲ လူကုန်ကူးမှုကို ကျူးလွန်ကြသူတွေ ဖြစ်တယ်လို့ "ဝ"ပြည်နယ်ပြင်ပဆက်ဆံရေးရုံး(လားရှိုး) က ပြောခွင့်ရသူ ဦးညီရမ်းက ပြောပါတယ်။

"မိမိတို့ "ဝ"ပြည်နယ် ပြင်ပဆက်ဆံရေးရုံး(လားရှိုး)၏ဆက်သွယ်ပေးမှုဖြင့် ပန်ဆန်းမြို့ "ဝ"ပြည် ရဲတပ်ဖွဲ့နှင့် ပြင်ပဆက်ဆံရေးဌာနတို့မှ လူကုန်ကူးမှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးပြီး အမှတ် (၁၆)လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (လားရှိုးမြို့)ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ် " လို့ ဦးညီရမ်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်မှာ နေထိုင်သူ အမျိုးသမီး တယောက်က တရုတ် နိုင်ငံမှာ ရှိတဲ့ ကေတီဗီတခုမှာ အလုပ်ရမယ်လို့ မက်လုံးပေး လိမ်လည်ပြောဆိုကာ တခြား အမျိုးသမီးငယ် တယောက် ကို စည်းရုံးခေါ်ဆောင် ခဲ့တယ်လို့ ရဲ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် U Nyi Rang facebook
Image caption မြန်မာ လူကုန်ကူး တားဆီးရေး ရဲတပ်ဖွဲ့က တခြားအာဏာပိုင်တွေဆီ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်မှု ရှိလာပြီ

အဲဒီနောက် ရှမ်းပြည်နယ် ပန်ဆန်းမြို့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ ဝမ်ချန် နိုင်ငံတကာ သတ္တု လုပ်ငန်း စက်ရုံရှေ့မှာ ရှိတဲ့ စီပီကေ ၃ ပြည့်တန်ဆာခန်း ပိုင်ရှင် ထံမှာ တရုတ် ယွမ်ငွေ သုံးထောင် နဲ့ ရောင်းစား ခဲ့တယ်လို့ ဆိုပါတယ်။

ရောင်းစားခံရတဲ့ အမျိုးသမီးငယ်ရဲ့ ဖခင်ဖြစ်သူ က သမီး ဖြစ်သူကို ပြန်လွှတ်ပေးဖို့ ပြောဆို တဲ့အခါမှာ ကျပ်ငွေ နှစ်သိန်းခွဲ ထပ်မံ တောင်းခံခဲ့တယ်လို့ ရဲ အကြောင်းကြားစာမှာ ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ တောင်ငူက လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာ ရဲတပ်ဖွဲ့ အမှတ်( ၂) မှာ ဒုတိယ ရဲအုပ် အေးစိုးက တရားလို လုပ်တိုင်တန်းခဲ့ရာမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒီလူကုန်ကူးမှုနဲ့ ပတ်သက်လို့ ဖျားယောင်း ခေါ်ဆောင်သွားတဲ့ ရွှေပြည်သာက အမျိုးသမီး နဲ့ ပြည့်တန်ဆာခန်း ပိုင်ရှင် အမျိုးသမီးတို့ကို ကူညီ ဖမ်းဆီး ပေးပါရန် ရဲတပ်ဖွဲ့က "ဝ"ပြည်နယ် ပြင်ပဆက်ဆံရေးရုံးထံကို ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် THAUNG TUN
Image caption မြန်မာဘက်က အမျိုးသမီးတွေကို တရုတ်ဘက်ကို ရောင်းစားမှုတွေ ဆယ်စုနှစ်ချီ ရှိနေပြီ

အဲဒီလို အကြောင်းကြားလာတဲ့ အတွက် စုံစမ်း ဖမ်းဆီးပြီး တရားခံ နှစ်ယောက်ကို လွှဲပြောင်း ပေးလိုက်တာ ဖြစ်တယ် ၊ ဇူလိုင် ၂၀ မနက်ကပဲ အမှတ် (၁၆) လူကုန်ကူး တားဆီးရေး အဖွဲ့ ရဲအရာရှိတွေ လက်ထဲ အပ်လိုက်ပြီလို့ "ဝ"ပြည်နယ် ပြင်ပဆက်ဆံရေးရုံး(လားရှိုး) က ပြောခွင့်ရသူ ဦးညီရမ်းက ပြောပါတယ်။

ဒီလို လူကုန်ကူးသူတွေ ဝ ဒေသထဲ ဘယ်လို့ ရောက်လာသလဲ ဆိုတာ အတိအကျ မသိပေးမယ့် သူတို့မှာ မှတ်ပုံတင် ရှိတဲ့ အတွက် မြန်မာပြည် အတွင်းမှာလိုပဲ သက်ဆိုင်ရာကို အကြောင်းကြားစရာ မလိုဘဲ အချိန်မရွေး ၀င်ထွက် သွားတာနိုင်ကြတယ်လို့ သူက ဆိုပါတယ်။

အခု ဖမ်းဆီး ပေးပို့လိုက်သူတွေဟာ ဝ ပြည်နယ်မှာ တစုံတရာ ပြစ်မှု ကျူးလွန်တာ မရှိပေမယ့် မြန်မာပြည်ဘက်က တရားခံ အနေနဲ့ ဖမ်းဆီးပေးပါ ဆိုလို့ အခုလို လုပ်ဆောင်ပေးရတာပါလို့ သူက ရှင်းပြပါတယ်။

ဝ ပြည်နယ် အတွင်းမှာ လူကုန်ကူးမှု နဲ့ ပတ်သက်လို့ အခုလို ဖြစ်ရပ်မျိုးတွေ အရင်ကလည်း ရှိခဲ့ဖူးပြီး အခုနောက်ပိုင်းမှာ အရမ်းများလာတယ်လို့ မဆိုနိုင်ပေမယ့် အရင် ပုံမှန် အတိုင်းဘဲ အခင်း ဖြစ်ပွားလျက် ရှိပါတယ်လို့ "ဝ"ပြည်နယ်ပြင်ပဆက်ဆံရေးရုံး(လားရှိုး) က ပြောခွင့်ရသူ ဦးညီရမ်းက ပြောပါတယ်။