အေအေက မြန်မာ့စစ်ရေယာဉ် ၃စီးကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ မပစ်ရသေးတဲ့ဒုံးတွေ ထပ်မံတွေ့ရှိ၊ဟောင်ကောင်လူထုဆန္ဒပြပွဲက ပြန်လာသူတွေ အကြမ်းဖက်တိုက်ခိုက်ခံရအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် ARAKAN ARMY
Image caption ရခိုင်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြားတိုက်ပွဲတွေပြန်ပြင်းထန်လာ

အေအေက မြန်မာ့စစ်ရေယာဉ် ၃စီးကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ မပစ်ရသေးတဲ့ဒုံးတွေ ထပ်မံတွေ့ရှိ

ရက္ခိုင့်တပ်မတော် အေအေက မြန်မာ့တပ်မတော် စစ်ရေယာဉ် ၃ စီး ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ နောက်ထပ် ဒုံး၃လုံးကိုလည်း ပြင်ဆင်ထားတာတွေ့ရတယ်လို့ မြန်မာ့တပ်မတော်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိူင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရသေ့တောင်မြို့နဲ့ မျက်နာချင်းဆိုင် မေယုမြစ်ထဲမှာ ကျောက်ချ ရပ်နားထားတဲ့ ရေတပ်သင်္ဘော ၃ စီးကို ရက္ခိုင်တပ်တော် အေအေကနေ ရှော့တိုက် ဒုံးသီးနှစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့နေရာကနေ နောက်ထပ် ဒုံးသုံလုံးကို ပစ်ခတ်ဖို့ ပြင်ဆင်ထားတဲ့ အနေ အထားနဲ့ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုလို ရေတပ်သင်္ဘောတွေကို အေအေကနေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်နေတာဟာ ဇွန်လ ၂၂ ရက်နေ့က စစ်တွေမှာ တစ်ကြိမ်၊ ဒီလ ၁၉ ရက်နေ့က မြေပုံမြို့နယ် ကျောက်မော်ရေပြင်မှာ တစ်ကြိမ်၊ အခု တစ်ကြိမ်နဲ့ပါဆိုရင် ၃ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

မြေပုံမြို့နယ်မှာ ဆိုရင်လည်း ဇူလိုင် ၁၉ ရက်နေ့က အေအေက တိုက်ခိုက်ခဲ့တဲ့ ကျောက်မော်အနီးက ကျေးရွာတွေဖြစ်တဲ့ ရေကောင်းရှိန်နဲ့ ပေါက်တူးတောင်ကျေးရွာတွေထဲကို စစ်သားတွေ နေရာယူလာတဲ့အတွက် ရွာသားတွေ ကြောက်ပြီးထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်၂၁ရက်နေ့ ညနေ ၈နာရီကျော်လောက်မှာတော့ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေထွက်ပေါ်လာတဲ့အတွက် အနီးအနားရှိ ရွာသားတွေ အကြား စိုးရိမ်မှုတွေ ရှိနေကြတယ်လို့လည်း ရသေ့တောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

PPSTကနေ တကယ်နုတ်ထွက်မထွက်အဖြေရှာမယ့် KNU အစည်းအဝေး ဒီကနေ့ စ

အပစ်ရပ်တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထွက်ဖို့၊ မထွက်ဖို့အပါ အဝင် အဖွဲ့အစည်းရဲ့ဌာနဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ့်အစည်းအဝေးကို ဒီကနေ့ဇူလိုင် ၂၂ရက်နေ့မှာ စတင် နေပြီဖြစ်ပါတယ်။

မကြာခင်က PPST ကနေနုတ်ထွက်ပြီး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေပါ ပါဝင်နိုင်တဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး - PPCM ကို ဖွဲ့စည်းဖို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက အဆိုပြုခဲ့တာပါ။

ဒါပေမဲ့ ကေအန်ယူခေါင်းဆောင် တွေအားလုံးရဲ့သဘောထားမဟုတ်တဲ့အတွက် ထပ်ပြီးညှိနှိုင်းရဦးမယ်လို့ KNU ရဲ့ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ပဒိုစောသမိန်ထွန်း က ဘီဘီစီကိုပြောထားပါတယ်။

KNU ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိပ်တန်းကနေပါဝင်ဆောင်ရွက်ခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒါပေမဲ့ အန်စီအေထိုးထားတဲ့ကြားက ကေအန်ယူရဲ့တပ်မဟာ ၅ နယ်မြေက ရှေ့တန်း နေရာတချို့မှာ တပ်မတော်နဲ့ ကေအန်ယူအောက်ခြေတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုနဲ့ တိုက်ပွဲငယ် တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြပွဲကနေ ပြန်လာသူတွေကို ဘယ်သူ ဘယ်ဝါမှန်းမသိရတဲ့ အကျီအဖြူရောင်ဝတ်ဂိုဏ်းတွေက ဘူတာရုံတွေမှာ တိုက်ခိုက်ကြ

ဟောင်ကောင်လူထုဆန္ဒပြပွဲက ပြန်လာသူတွေ အကြမ်းဖက်တိုက်ခိုက်ခံရ

ဟောင်ကောင်မှာတော့ အာဏာပိုင်တွေကို လူထုစုဝေးနဲ့ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

ဆန္ဒပြပွဲကနေ ပြန်လာသူတွေကို ဘယ်သူ ဘယ်ဝါမှန်းမသိရတဲ့ အကျီအဖြူရောင်ဝတ်ဂိုဏ်းတွေက ဘူတာရုံတွေမှာ တိုက်ခိုက်ကြပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့တွေနဲ့ ဗီဒီယိုတွေအရ အဆိုပါလူတွေနဲ့ ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ယူ့လောင်းဘူတာရုံမှာ ဝိုင်းရိုက်ကြတာပါ။

သူတို့လက်ချက်ကြောင့် လူပေါင်း ၃၀ ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။ ရိုက်တဲ့လူတွေဟာ ဘယ်သူတွေမှန်း မသိရပေမဲ့ လူမှုကွန်ယက်တွေမှာတော့ အာဏာပိုင်တွေရဲ့ကိုယ်စား ရန်လုပ်သူတွေအဖြစ်ရေးသားပြောဆိုနေကြပါတယ်။ အစောပိုင်းတုန်းကလည်း ရဲတွေက အုတ်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ပစ်ကြတဲ့ဆန္ဒပြသူတွေကို မျက်ရည်ယို လက်နက်တွေသုံးပြီးလူစုခွဲခဲ့ရ တဲ့အကြောင်းပြော ပါတယ်။

ရဲက ရာဘာကျည်တွေသုံးတယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာပါတယ်။ လေးသိန်းကျော်လူထုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာပါ။ ဟောင်ကောင်က အများပြည်သူကတော့ တရုတ်ပြည်မအစိုးရဟာ ဟောင်ကောင်ရဲ့လွတ်လပ်ခွင့်တွေကို လျော့ပါးအောင် လုပ်နေတယ်လို့ ယုံကြည်နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟောင်ကောင် လွတ်တော် ဖျက်စီးသူတွေကို စုံစမ်းစစ်ဆေးမယ်

တောင်ကိုးရီယားမှာကျင်းပနေတဲ့ ရေကူးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ တရုတ်နိုင်ငံသား Sun Yangအနိုင်ရ

တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ရေကူး ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာတော့ ဒုတိယဆုရသွားတဲ့ သြစတြေးလျ ရေကူးသမား Mack Horton ဟာ ချန်ပီယံဖြစ်သွားတဲ့ တရုတ်ရေကူးသမား Sun Yang နဲ့အတူ စင်မြင့်ထက်မှာ ဆုယူဖို့ ငြင်းဆန်ခဲ့ပါတယ်။

မီတာ ၄၀၀ ရေကူးပြိုင်ပွဲမှာ ဒုတိယနေရာပဲ ရခဲ့တဲ့ Mack က Sun ဟာ ဆေးသုံးထာတယ်လို့ စွပ်စွဲခဲ့တာပါ။ ဆန်းကတော့ ဒါကို ပြန်လည်ငြင်းဆိုထားပါတယ်။