စစ်ကိုင်းနဲ့ မန္တလေးမှာ ရေဘေးဒုက္ခသည် ၃ သောင်းကျော်အထိရှိလာ

ဒေသအတော်များများမှာ ရေပြန်ကျသွားခဲ့ပေမယ့် စစ်ကိုင်း၊မန္တလေးနဲ့ မကွေးတို့မှာ ကျန်နေသေး ဓာတ်ပုံ မူပိုင် Aung Naing Sagaing
Image caption ဒေသအတော်များများမှာ ရေပြန်ကျသွားခဲ့ပေမယ့် စစ်ကိုင်း၊မန္တလေးနဲ့ မကွေးတို့မှာ ကျန်နေသေး

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မြစ်ရေလျှံပြီး ရေကြီးနေတာကြောင့် ရေဘေးရှောင်နေရတဲ့ ပြည်သူပေါင်း ၃ သောင်းကျော်ရှိလာပြီလို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဘီဘီစီကိုပြောပါတယ်။

ဇူလိုင် လဆန်းမှစတင်ကာ မိုးကြီးပြီး မြစ်ရေလျှံတာကြောင့် ပြည်နယ်နဲ့ တိုင်း ၈ခုမှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ခဲ့ပြီး ဒေသအတော်များများမှာ ရေပြန်ကျသွားခဲ့ပေမယ့် စစ်ကိုင်း၊မန္တလေးနဲ့ မကွေးတို့မှာ ကျန်နေသေးတာဖြစ်ပါတယ်။

' ' စစ်ကိုင်းတိုင်းမှာက လူဦးရေ ၁၅၂၀၀ လောက်ကို ရေဘေးရှောင်နေရာက ၂၂နေရာလောက်ရှိတယ်။ မန္တလေးတိုင်းမှာကျတော့ လူဦးရေက ၁၅၅၀၀ လောက်ကို ၁၈နေရာလောက်ကို ရွှေ့ပြောင်းထားရတယ်။ မကွေးမှာလည်း လူဦးရေ ၂၅၈ဦးလောက်ကို ရွှေ့ပြောင်းပေးထားရတာရှိတယ်။ ဇူလိုင်ထဲမှာဖြစ်ခဲ့တဲ့ ပဲခူး၊ မွန်၊ချင်း၊ ရခိုင် ဒါတွေက အားလုံးကယ်ဆယ်ရေးစခန်းတွေပိတ်သွားပြီ။ နေရပ်တွေ အကုန်ရွှေ့ သွားပြီ''လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ရေကြီးနေတဲ့ဒေသတွေရဲ့အခြေအနေကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Aung Naing Sagaing
Image caption စစ်ကိုင်းတိုင်းမှာ လူဦးရေ ၁၅၂၀၀ လောက် ရေဘေးရှောင်နေရ

မန္တလေးတိုင်းမှာ သပိတ်ကျင်း၊ စဉ့်ကူး၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်တွေမှာ အဓိက ရေကြီးနေပြီး စဉ့်ကူးနဲ့ သပိတ်ကျင်းမှာတော့ ရေအနည်းငယ်ပြန်ကျလာပြီလို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူးဖြစ်သူဦးအေးမင်းသူကပြောပြပါတယ်။

' ' အခုလောလောဆယ်မှာ တံတားဦးနဲ့ စဉ့်ကိုင်မှာများတယ်။ တံတားဦးမှာ တစ်သောင်းဝန်းကျင်လောက်ရှိ တယ်။ကျောင်းတွေပိတ်တာကတော့ တချို့ဘက်တွေမှာလည်း ၂၀ ဝန်းကျင်လောက်ပိတ်ရတာရှိတယ်။''လို့ သူကပြောပါတယ်။

ကယ်ဆယ်ရေးစခန်းကိုရောက်နေတဲ့ရေဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးကိုတော့ လူ/ကယ်ပြန် ဌာနကနေ လူတစ်ဦးချင်းအတွက် တပတ်စာ ဆန်ရိက္ခာ ထောက်ပံ့ပေးသလို တိုင်းအစိုးရအဖွဲ့အနေနဲ့ က တော့ ကြက်ဥ၊ခေါက်ဆွဲခြောက်၊ရေသန့် စတာတွေကို ထောက်ပံ့ပေးနေတယ်လို့လည်း ဦးအေးမင်း သူကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Nwe Zin Yu Sagaing
Image caption ရေကြီးနေတဲ့ စစ်ကိုင်းအတွင်းက နောက်ကြည့်ကျွန်းရွာ

မန္တလေးတိုင်းနည်းတူ လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးသင့်နေတဲ့စစ်ကိုင်းမြို့မှာလည်း ရေဝင်နေတဲ့ ရပ်ကွက်အများစုမှာ ရေသေချာပြန်မကျသေးဘူးလို့ စစ်ကိုင်းမြို့ခံတစ်ဦးဖြစ်တဲ့ ဦးကြည်စိုးထွန်းက ဘီဘီစီ ကိုပြောပါတယ်။

' ' အရှေ့ဘက်ပိုင်းမှာဆိုရင် သောတပန်ရပ်ကွက်တို့ အနောက်ဘက်ကျတော့ အေးမြဝတီတို့ချင်းစုတို့ မှာ ရေကပိုများတယ်။ စစ်ကိုင်းအနောက်ဘက်က ဆင်ခြေဖုံးရွာတွေဆို ရေကတော်တော်လေးနက်တယ်။ စစ်ကိုင်းမှာရေကြီးတာက ဖြစ်ရိုးဖြစ်စဉ်လိုလည်းဖြစ်လာတော့ ကယ်ဆယ်ရေးကတော့ တခြားကမလာဘူး။ စစ်ကိုင်းထဲကပဲ ထမင်းထုပ်တို့ ဝေတာတို့ဘာတို့ပဲရှိကြတယ်။'' လို့ ဦးကြည်စိုးထွန်းကပြောပြပါတယ်။

စစ်ကိုင်းမြို့မှာ အခုရေကြီးနေတဲ့ရပ်ကွက်အများစုဟာ နှစ်စဉ်လိုလို ရေကြီးလေ့ရှိတဲ့နေရာတွေဖြစ်ပြီး တာရိုးတွေရှိတဲ့နေရာတွေမှာတော့ ရေမကြီးဘူးလို့လည်း ဒေသခံအချို့ကပြောပါတယ်။

' ' ကြိုပြီးတော့ ကာကွယ်ဖို့ဆိုတာက ခဲခဲယဉ်းယဉ်းလုပ်ရမယ့်သဘောရှိတယ်။ စစ်ကိုင်းမြို့ရဲ့ အနောက် ဘက်ပိုင်းတွေကို တာရိုးကြီးတွေနဲ့ ပိတ်မှဖြစ်မှာ။ အဲ့လိုလုပ်ဖို့ကလည်း ဧရိယာကတော်တော်ကျယ်တယ်။ ဒီအစိုးရ လည်း မလုပ်နိုင်ဘူး။ အရင်အစိုးရလည်းမလုပ်ခဲ့နိုင်ဘူး။ ဥပမာ ချင်းစုနဲ့ ပန်းဘဲတန်း ရပ်ကွက်ဆို ရေတွေကအများကြီးပဲ။ အဲ့ရှေ့ဘက်ကျတော့မဝင်ဘူး။ဘာကြောင့်လည်းဆိုတော့ တာရိုးကြီးဆိုတော့ မိန်းလမ်းကြီးတစ်ခုရှိတယ်။ အဲဒီဟာက ရေတွေတက်တဲ့ဟာကို ကာကွယ်ထားတဲ့သဘောဖြစ်နေတာ။ ဒီတိုင်းကတော့ နှစ်တိုင်းဝင်နေမှာပဲ ရေက''လို့ စစ်ကိုင်းမြို့မှာ နှစ်စဉ်ရေဝင်လေ့ရှိတဲ့အခြေအနေကို ဦးကြည် စိုးထွန်းက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီကာလဖြစ်တဲ့ဇူလိုင်၊သြဂုတ်လတွေမှာ နှစ်စဉ်လိုလိုရေဘေးဒဏ်ကို ခံစားနေကြရ ပြီး မနှစ်က ၂၀၁၈ခုနှစ်အတွင်းကလည်းရေဘေးဒဏ်ကို ပြည်သူ တစ်သိန်းကျော် ခံစားခဲ့ရပြီး လူ ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ