တရုတ်စီမံကိန်းတွေ ရှိရာ မဒေးကျွန်းမှာ ရွာသားတွေ ငါးဖမ်းခွင့် စစ်တပ်က ကန့်သတ်လိုက်

မဒေးကျွန်း၊ ရခိုင်
Image caption မဒေးကျွန်းနားက တရုတ် ရေနံစီမံကိန်း

တရုတ် စီမံကိန်းကြီးတွေနဲ့ ရေနံတင် သင်္ဘောဆိပ်ကမ်း ရှိရာ ရခိုင်ပြည်နယ် မဒေးကျွန်းက ရွာသားတွေကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ငါးမဖမ်းရ အမိန့် တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့က စတင်တဲ့ ဒီကန့်သတ်မိန့်ကို ရွာဆော်က ရွာထဲမှာ လှည့်ပတ် ကြေညာခဲ့သလို ရေတပ်သင်္ဘောနဲ့လည်း လာရောက် သတိပေးခဲ့တယ်လို့ မဒေးကျွန်းပေါ်က ရွာသားတွေက ပြောပြပါတယ်။

သတ်မှတ်ထားတဲ့ အချိန်အတွင်း ပိုက်ချ ငါးဖမ်းတာမျိုး လုပ်ခဲ့ရင် တပ်မတော်က တာဝန်ယူမှာမဟုတ်ဘဲ ပစ်ခတ် တားဆီးမယ် ဆိုပြီး သတိပေးထားတယ်လို့ ရွာသားတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Image/David Longstreath
Image caption ငါးဖမ်းခွင့်တွေ ကန့်သတ်လိုက်တဲ့အတွက် မဒေးကျွန်းရွာသားတွေ စားဝတ်နေရေး ပိုမိုခက်ခဲလာဖို့ရှိ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်နဲ့ မြေပုံမြို့နယ်အတွင်း မေယုမြစ်ထဲမှာ တပ်မတော် ရေတပ် သင်္ဘောတွေ AA ရက္ခိုင့်တပ်မတော် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် အခုလို တားမြစ်လိုက်တာလို့ ယူဆရပေမဲ့ သက်ဆိုင်ရာက ဒေသခံတွေကို အသေအချာ ရှင်းပြတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ရေတပ်သင်္ဘောတွေကို AA က ဇွန်လ ၂၂ ရက်နေ့က စစ်တွေမှာ တစ်ကြိမ်၊ ဇူလိုင်လ ၁၉ ရက်နေ့က မြေပုံမြို့နယ် ကျောက်မော်ရေပြင်မှာ တစ်ကြိမ် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ရသေ့တောင်မြို့အတွင်း ရေတပ်သင်္ဘော တိုက်ခိုက်ခံခဲ့ရတဲ့ နေရာနားမှာ ၁၀၇ မီလီမီတာ ဒုံးသီး ၃ လုံးကို ပစ်ခတ်ဖို့ အနေအထားနဲ့ ပြင်ဆင်ထားတာကို သိမ်းဆည်းရမိကြောင်း တပ်မတော်က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အခု တားမြစ်ခံရတဲ့ မဒေးကျွန်းဧရိယာဟာ တရုတ်စီမံကိန်းကြီးတွေ တည်ရှိတဲ့ နေရာ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ ကျေးရွာပေါင်း ၄ ရွာ ရှိပြီး လူပေါင်း ၂၀၀၀ ကျော် နေထိုင်နေပါတယ်။ ကျွန်းပေါ်မှာ အများစု နေထိုင်နေတဲ့ လူတွေဟာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းကြသူတွေ ဖြစ်ပါတယ်။

အရင်ကတည်းကိုက တရုတ် ရေနံတင် သင်္ဘောတွေ ဆိုက်ကပ်ဖို့ ဝင်လာချိန်မှာ မြစ်ကြောင်းတလျှောက် ငါးဖမ်းခွင့် ပိတ်ပင်ခံထားရတတ်ပြီး အခုတခါ ညဉ့်အချိန် ငါးဖမ်းခွင့် တားမြစ် ပိတ်ပင် ခံလိုက်ရတာမို့ စားဝတ်နေရေး ပိုမို ခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ