ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း သမ္မတမှတ်ချက်နဲ့အတူ လွှတ်တော်မှာအတည်ပြု၊ဆေးယဉ်ပါး ငှက်ဖျားကပ်ပါးပိုးတွေ အရှေ့တောင်အာရှမှာ ပိုပျံ့နှံ့လာနေလို့ သတိပေးအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Ye Aung Thu/AFP/Getty Images
Image caption ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ဝေဖန်မှုတွေကြားက အတည်ပြု

ဝေဖန်မှုတွေရှိနေတဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း သမ္မတမှတ်ချက်နဲ့အတူ လွှတ်တော်မှာအတည်ပြု

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နဲ့ပြည်ထောင်စုလွှတ်တော်ကိုပြန်လည်ပေးပို့လာတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ဇူလိုင် ၂၂ရက်နေ့ကပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ပါပြီ ။

နိုင်ငံတော်သမ္မတက သဘောတားမှတ်ချက်နဲ့ပေးပို့လာတဲ့အချက်တွေအတိုင်း ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးလိုက်တာပါ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က် ဇွန်လ ၇ ရက်နေ့ကအတည်ပြု ခဲ့ပြီး နိုင်ငံတော်သမ္မတထံ အတည်ပြုထုတ်ပြန်ဖို့ပေးပိုခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတော်သမ္မတက အတည်မပြုပဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ အချက်တွေထဲက အချက်အချို့ကို ပြန်လည် ပြင်ဆင်ပေးဖို့ဇွန်လ ၁၈ ရက်နေ့က လွှတ်တော်ကို ပြည်လည်ပေးပို့လာခဲ့တာပါ။

သမ္မတရဲ့ သဘောထားမှတ်ချက်ထဲမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြစ်မှုကျူး လွန်ကြောင်း စွပ်စွဲခံ၇တဲ့ ကလေးငယ်တွေကို အမှုစစ်ဆေးဆဲကာလအတွင်း ထိန်းသိန်းစောင့်ရှောက်ရန် ဝန်ကြီးဌာနကတည်ထောင်ထားသောဂေဟာမှာ စောင့်ရှောက်ထားရမယ်ဆိုတဲ့အချက်ကို ပြင်ဆင်ဖို့ဆို တဲ့အချက်လည်းပါပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်လို့သမ္မတရဲ့သဘောထားမှတ်ချက် အတိုင်း ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးလိုက်တဲ့အတွက် မကြာခင်ဒီဥပဒေကို နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးပြီးထုတ်ပြန်တော့မှာဖြစ်ပါတယ်။

ဒီဥဒေပါ ကလေးမွေးစားခွင့် မှတ်ပုံတင်ခွင့်ဆိုင်ရာပြဌါန်းချက်တွေနဲ့ပတ်သက်လို့ဝေဖန်မူ့တွေရှိသလို ကြံခိုင်ရေးပါတီကလဲ ဥပဒေကြမ်းပါအချက်အချို့ကို ကန့်ကွက်တာတွေမြို့နယ်တော်တော်များများမှာ လုပ်ဆောင်နေတာတွေရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်လိုက်တဲ့ ဒီဥပဒေမှာ နိုင်ငံခြားသားကလေးငယ်တွေကိုပါ မြန်မာနိုင်ငံ သား တွေက မွေးစားခွင့်ရှိတယ်ဆိုတဲ့အချက်ကြောင့် နိုင်ငံခြားသားကလေးငယ်တွေမြန်မာနိုင်ငံသားဖြစ်လာ မှာ ကိုကြံ့ခိုင်ရေးပါတီက ဝေဖန်ကန့်ကွက်နေပေမဲ့အစိုးရတာဝန်ရှိသူတွေက တော့ နိုင်ငံသားဖြစ်ခွင့်ဟာ ၁၉၈၂ ဥပဒေနဲ့သာဆုံးဖြတ်မှာဖြစ်ပြီးဒီဥပဒေနဲ့မဆိုင်ဘူးလို ပြန်လည်ဖြေရှင်းထားပါတယ်။

ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆၇ ဦးရှိလာပြီ

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၆၇ဦးရှိလာပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ က ထုတ်ပြန်ထားပါတယ်။

ဒီရောဂါကြောင့် နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၆၇ဦးရှိတဲ့ထဲမှာ ရန်ကုန်တိုင်းကရောဂါဖြစ်ပွားမှု အများ ဆုံးနဲ့သေဆုံးသူ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၂ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုပြီးရောဂါပိုးတွေ့ရှိသူ ၂၀၂ ဦး ရှိတဲ့အနက် သေဆုံးသူ ၅၄ ဦးရှိခဲ့ပါတယ်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားတဲ့အခါ လုံလောက်တဲ့အနားယူဖို့နဲ့ ဆေးကုသမှုသေချာစွာခံယူဖို့ လိုအပ်တယ် လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်သက်စိုးကပြောပါတယ်။

H1N1 ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ရန်ကုန်တိုင်းအပြင် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာပါ သေဆုံးသူတွေရှိနေတာဖြစ်ပါတယ်။

ဇူလိုင် ၂၂ရက်နေ့အထိကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၆၇ဦးအထိရှိနေပြီး ဒါဟာ ၂၀၁၇ ခုနှစ် တစ်ခုလုံးမှာ သေဆုံးခဲ့တဲ့အရေအတွက်အထက် အယောက် ၂၀ကျော်ပိုများနေတာလည်းဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ဆက်တိုက်တိုးလာနေသလို အစိုးရပိုင်းမှ

အခုတရားဝင် စာရင်းတွေအရ ရှမ်းအရှေ့နဲ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ေH1N1 ရောဂါပိုး ရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်နိုင်ငံထဲမှာ ၂ နှစ် ဆက်တိုက် နေထိုင်ပြီးသူဖြစ်တယ်လို့ သက်သေမပြနိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လာတဲ့နိုင်ငံကို ပြန်ပို့ခံရမယ်

သမ္မတထရမ့်လက်ထက်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့် လုပ်ဆောင်

အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတဒေါ်နယ်ထရမ့် အစိုးရဟာ လူဝင်ကြီးကြပ်ရေးဆိုင်ရာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်တဲ့အထိ မစောင့်ဆိုင်းတော့ဘဲ တရားမဝင်ရွှေ့ပြောင်းတွေကို မြန်မြန်ဆန်ဆန်နေရပ် ပြန်ပို့မယ့် အစီအစဉ်ကို စတင် ကျင့်သုံးပါပြီ။

ဒါဟာ သမ္မတ ထရမ့် လက်ထက် တခြားနိုင်ငံကလူတွေ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့်လုပ်ဆောင်လိုက်တဲ့အဆင့်တစ်ခုလည်းဖြစ်ပါတယ်။

စည်းမျဉ်းသစ်တွေအရ အမေရိကန်နိုင်ငံထဲမှာ ၂ နှစ် ဆက်တိုက် နေထိုင်ပြီးသူဖြစ်တယ်လို့ သက်သေမပြနိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လာတဲ့နိုင်ငံကို ပြန်ပို့ခံရမှာပါ။

အမေရိကန်အခြေခံဥပဒေပါ လူ့အခွင့်အရေးရရှိရေး လုပ်ဆောင်တဲ့အဖွဲ့ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးမှာ ရင်ဆိုင်မယ်လို့ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လာအို၊ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ဆီပါ ပျံ့နေ

ဆေးယဉ်ပါး ငှက်ဖျားကပ်ပါးပိုးတွေ အရှေ့တောင်အာရှမှာ ပိုပျံ့နှံ့လာနေလို့ သတိပေး

လက်ရှိသုံးစွဲနေတဲ့ အဓိက ငှက်ဖျားရောဂါကာကွယ်ဆေးတွေကို ယဉ်ပါးတဲ့ ငှက်ဖျား ကပ်ပါးပိုးတွေဟာ အရှေ့တောင်အာရှမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာနေ တယ်လို့ ဗြိတိန်နဲ့ ထိုင်းနိုင်ငံတွေက သုတေသီတွေက ပြောပါတယ်။

အဲဒီငှက်ဖျား ကပ်ပါးပိုးတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ တဆင့် လာအို၊ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ဆီပါ ပျံ့နေတာလို့ သုတေသီတွေက ပြောပါတယ်။

ငှက်ဖျားအတွက် အာတီမိုင်ဆင်နင်နဲ့ ပက်ပါရီကွီး ဆေး ၂ မျိုးကို ပေါင်းစပ်အသုံးပြုပြီး ကမ္ဘောဒီးယားမှာ ၂၀၀၈ ခုနှစ်ကစလို့ စတင်အသုံးပြုခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ငှက်ဖျားပိုးဟာ ဒီဆေး ၂ မျိုးစလုံးကို ယဉ်ပါးလာတဲ့အခြေအနေကို ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်းမှာတွေ့ရှိခဲ့တာပါ။ အခုတွေ့ရှိမှုကြောင့် အာဖရိကမှာလည်း ဆေးယဉ်ပါး ငှက်ဖျားပိုး ရှိလာနိုင်မယ့် ပြဿနာကို သုတေ သီတွေ ပြောဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ