တပ်မတော်ပစ်လို့ မြောက်ဦးမှာ လူငယ်တစ်ဦး ခေါင်းကျည်ထိမှန်လို့ ဒေသခံတွေပြော

တောင်မြင့်ရွာကနေ မျိုးစပါးသယ်ယူလာတုန်း ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆို
Image caption တောင်မြင့်ရွာကနေ မျိုးစပါးသယ်ယူလာတုန်း ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆို

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ တပ်စွဲထားတဲ့ တပ်မတော် တပ်စခန်းက သေနတ်ပစ်ခတ်လို့ အသက် ၂၂ အရွယ် လူငယ်တစ်ဦးမှာ ကျည်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ တိမ်ညိုဒေသခံ တစ်ဦးကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိမ်ညိုကျေးရွာ ဒိုင်ကွင်းမှာရှိနေတဲ့ တပ်ဖွဲ့က သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီနေရာနဲ့မနီးမဝေးက ချောင်းမှာ လှေနဲ့သွားနေတဲ့ အဲဒီလူငယ်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

"ဖြစ်တာက မနက်ပိုင်း ၁၁ နာရီလောက်မှာ ရွာထဲကဒိုင်ကွင်းမှာရှိနေတဲ့ စစ်တပ်ကနေ ပစ်ခတ်တယ်။ အချက်ပေါင်းများစွာပစ်ခတ်တယ်။ ချောင်းမှာသွားနေတဲ့ လှေတစ်စင်းမှာ လူသုံးယောက်ပါလာတယ်။ အဲ့ဒီထဲက ကလေးကိုသွားထိတာ။ ခေါင်းကိုထိသွားပါတယ်။"လို့ တိမ်ညိုရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူဟာ တောင်မြင့်ကျေးရွာက ဦးမောင်မြစိန်ရဲ့သား မောင်ဘိုသန်းထွန်း (ခ) မောင်ကြီး အသက် ၂၂ နှစ်ဖြစ်ပြီးတော့ တောင်မြင့်ရွာကနေ မျိုးစပါးသယ်ယူလာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကလေးက တောင်မြင့်ကပါ။ သူတို့ဟာ မိသားစုလာကြတာ။ လယ်ကိစ္စတွေနဲ့သွားလာနေတာဖြစ်မှာပါ။ ကျည်က သူ့နားထင်ကိုဖောက်ဝင်သွားတယ်ဆိုတော့ သိပ်အခြေအနေမကောင်းနိုင်ဘူး။ အခုလောလော ဆယ်တော့ တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်ဖို့လုပ်နေပါတယ်"လို့ တိမ်ညိုဒေသခံ ဦးဇော်ထွန်းက ပြောပါတယ်။

Image caption ဒဏ်ရာရသူကို တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ မောင်ဘိုသန်းထွန်းဟာ ကျီးဖြူချောင်းရွာမှာ လယ်လုပ်ကိုင်နေသူဖြစ်ပြီး သူနဲ့အတူလှေပေါ်မှာ အစ်မဖြစ်သူနဲ့ နောက်တစ်ယောက်အပါအဝင် သုံးယောက်လာခဲ့ကြတာဖြစ်တယ်လို့ တိမ်ညိုရွာသားတွေကပြောပါတယ်။

တိမ်ညိုကျေးရွာမှာ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတာဟာ ဟုတ်မှန်ကြောင်း မြောက်ဦးမဲဆန္ဒနယ်မြေအမှတ် (၁ )လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတည်ပြုပြောကြားပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့တာကြောင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီနေ့ဖြစ်စဉ်တွေကို မသိရရှိရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

"တိုက်ခိုက်ခံရတာရှိမရှိမသိရသေးဘူး။ တိုက်ပွဲဖြစ်တာရော။ ဒီနေ့ဖြစ်တဲ့ဟာနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှမသိသေးပါဘူးခင်ဗျား"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာပဲ ဝေသာလီကျေးရွာဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ထွက်လာတဲ့တပ်မတော်စစ်ကြောင်းက ဘူးရွက်မညိုကျေးရွာနဲ့ တိမ်ညိုကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကြောင်းတွေက မနက်ပိုင်းမှာ သွားလာနေတာတွေရှိပါတယ်။ မိုင်းဆွဲခိုက်ခိုက်ခံရတယ်လို့လည်း ကြားပါတယ်။ သွားမကြည့်ရဲဘူး။ သတင်းပဲကြားတာပါ။ အဲ့ဒီဝေသာလီဘက်ကနေ ထိပ်ဝပြင်ဘက်ကိုလာတဲ့ စစ်ကြောင်းက မိုင်းဆွဲခံရတယ်လို့ သတင်းကြားပါတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။