အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ် ၇၀ ကျော်ဆွေးနွေးမယ်။

တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တွေအများဆုံးစံချီန်တင်ပါဝင် ဓာတ်ပုံ မူပိုင် Getty Images
Image caption တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တွေအများဆုံးစံချီန်တင်ပါဝင်

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဟာ ၁၂၀ နီးပါးရှိပြီး အဲဒီအထဲမှာ တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၇၀ ကျော်က ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းထားတယ်လို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က ဘီဘီစီကိုပြောပါတယ် ။

လာမယ် ဇူလိုင်လ နောက်ဆုံးပတ်ထဲဆွေးနွေးမယ့် ဒီအကြောင်းရာဟာ လွှတ်တော် သက်တမ်းတစ်လျှေက်မှာတပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တွေအများဆုံးစံချီန်တင်ပါဝင်ဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပါတယ် ။

ဇူလိုင်၂၃ ရက်နေ့ အထိ ဘီဘီစီက ရရှိတဲ့ သတင်းတွေ အရတော့ အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော် သားကိုယ်စားလှယ် ၇၈ ဦးလို့သိရပါတယ် ။ ဒါပေမဲ့ လွှတ်တော် ဘက် ကဒါကို အတည် ပြုပြောဆိုတာမျိုး မတွေ့ ရသေးပါဘူး။

လွှတ်တော်အတွင်း နေရာအများစုရရှိထားတဲ့ အန်အယ်ဒီ ပါတီကတော့ ကိုယ်စားလှယ် ၆ ဦးသာ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ ဦးစိန်ဝင်းကပြောပါတယ်။

" ကြံခိုင်ရေးလည်းများတယ် ၂၀ လောက် စာရင်းပေးထားတာတွေ့တယ် ဒီတစ်ပတ်ထဲတော့ လွှတ်တော် အစီစဉ်မှာ မပါဘူး၊ လာမယ့် တနင်္လာနေ့ လောက်မှ ဖြစ်ဖို့ များတယ်" လို့ ဦးစိန်ဝင်းကပြောပါတယ် ။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကတော့ " ရခိုင် အမတ်တွေလည်း စာရင်းပေးထားကြတယ်၊ ၇ ဦးလောက် ရှိမယ်ထင်တယ်" လို့ လည်းဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လွှတ်တော်အတွင်း နေရာအများစုရရှိထားတဲ့ အန်အယ်ဒီ ပါတီကတော့ ကိုယ်စားလှယ် ၆ ဦးသာ ပါဝင်ဆွေးနွေးမယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ တင်သွင်းထားတဲ့ အစီရင်ခံစာပါ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၃၇၀ဝ ကျော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြင်ဆင်ချက်ပေါင်း ၁၁၂၁ ချက် နဲ့ အများဆုံး အဆိုပြုခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီကတော့ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၈၀ဝ ကျော်နဲ့ ဒုတိယအများဆုံး အဆိုပြုထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြင်ဆင်လိုတဲ့ အချက် ၁၀ဝ ကျော်သာ အဆိုပြုထား တာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားတဲ့တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်တာကို အရင်ကလည်း ကန့်ကွက်ခဲ့သလို အခုလည်း အဆိုပြုချက် တင်သွင်းတာ သဘောထား မှတ်ချက်ပြုတာတွေ တို့ကိုမလုပ်တာကြောင့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အောင်မြင်မယ်လို့ မျှော်လင့်ချက် မထားကြောင်း SNLDက ပြောပါတယ် ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ အခြေခံဥပဒေ အရ ဆိုရင် အချက် အတော်များများဟာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နူန်းနဲ့ အထက်ကထောက်ခံရမှာဖြစ်လို့ ၊တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး တစ်ယောက်မပါပဲပြင်ဖို့ ရာက အတော် ကို ဖြစ်နိုင်ခြေနည်းနေပါတယ်။

ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော် မှာဖြန့်လိုက်တဲ့ အစီရင်ခံစာအရ တပ်မတော်ကို လွှတ်တော် အတွင်းက လုံးဝဖယ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)၊ မွန်အမျိုးသား ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP)စတဲ့ပါတီတွေက သဘောထားရှိကြပါတယ် ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လွှတ်တော်မှာအလိုလျောက်ခန့်တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခုနူန်း စုစုပေါင်း၁၆၆ ဦးရှိပါတယ်။

အာဏာရ NLD ပါတီကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အချိုးအစားကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ၂၀၂၁ မှ ၂၀၂၆ ခု နှစ်အတွင်းမှာ တပ်ကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်း၊ ၂၀၂၆ မှ ၂၀၃၁ ခုနှစ်အတွင်းမှာ တပ်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၁ မှ ၂၀၃၆ ခုနှစ်အတွင်း တပ်ကိုယ်စားလှယ် ၅ ရာခိုင်နှုန်း အထိ လျော့ချဖို့အာဏာရ ပါတီက အကြံပြုထားပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးမှာရွေးကောတ်ခံ ကိုယ်စားလှယ် ၄၉၁ ဦး ရှိပြီး အလိုလျောက်ခန့်တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာ NLD ကအများဆုံး ဆိုပေမဲ့ တိုင်းရင်းသားပါတီတွေ က လည်း၁၀ ရာခိုင်နူန်းကျော်ရှိပါတယ်။ အရင်အာဏာရ ကြံခိုင်ရေးပါတီကလည်း ၅ ရာခိုင်နှုန်းလောက်ရှိပြီး သူနဲ့ အမျိုးသားဒီမိုကရေစိ အဖွဲ့ချုပ်တို့ဟာအခြေခံ ဥပဒေ ပုဒ်မ ၅၉ စ လုံးပြင်ဆင်ရေးမှာ သဘောထားကွဲလွဲမှုရှိနေပါတယ် ။

ဒါကြောင့် လွှတ်တော်က အခုဆောင်ရွက်နေတဲ့ ပုံစံနဲ့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဟာ အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတယ်လို့ လည်း တိုင်းရင်းသားပါတီတွေ ကပြောတာ ဖြစ်ပါတယ်။