ကာကွယ်ဆေး မြန်မာပြည်မှာ မရှိသေးတဲ့ ဆင်တုပ်ကွေး

ဆင်တုပ်ကွေး ဓာတ်ပုံ မူပိုင် AFP
Image caption ဆင်တုပ်ကွေး ဖြစ်ပြီဆိုရင် ကိုယ်လက် ကိုက်ခဲ အပူချိန်တက် ယားယံ အနီရောင် အင်ပြင်ကွက်ထွက်

စစ်ကိုင်းတိုင်းက မြို့နယ် ကျေးရွာတွေမှာ ဆင်တုပ်ကွေး အဖြစ်များလာနေ တယ်လို့ ကနီ မြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၀င်းက ဘီဘီစီကို ပြောပါတယ်။

ဦးထွန်းထွန်း၀င်း ရဲ့ သားဖြစ်သူ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ မောင်မိုးစက် ဆိုရင် ဇူလိုင် ၂၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကိုယ်ပူချိန် တအားတိုးလာခဲ့ပြီး ၁၀၃ ဒီဂရီ လောက် ကနေ ဆေးတိုက်ရင်း အခုတော့ တဖြည်းဖြည်း ကျလာနေတယ်လို့ သူက ဆိုပါတယ်။

သူတို့ နေထိုင်ရာ ဇီးပင်တွင်း ရွာမှာ ဆင်တုပ်ကွေး ဖြစ်နေသူ ရာဂဏန်းနဲ့ချီ ရှိနေပြီ လို့ သူက ပြောပါတယ်။

ဒီရောဂါ စဖြစ်ပြီ ဆိုရင် ရွာတရွာမှာ တယောက်စဖြစ်ပြီး အဲဒီကနေ တခြားသူတွေဆီ အလျင်အမြန် ကူးစက် သွားတာ တွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။

သူတို့နား တဝိုက်မှာ ဆိုရင် ဇီးပင်တွင်း ရွာ တောင်ပိုင်း အကုန်လုံး နီးပါး ဖြစ်ပွားနေပြီး တွင်းမ ၊ တွင်းထဲ ၊ ပက်ကြား၀ ၊ ဘုရားကြီးစု စသဖြင့် ရွာလုံးကျွတ်နီးပါး ဖြစ်ပွားနေတယ်လို့ သူက ဆိုပါတယ်။

ဆင်တုပ်ကွေး ဖြစ်တဲ့ အခါ သီတင်းတပတ် ကနေ ဆယ်ရက်အထိ ကြာလေ့ရှိပြီး သူတို့ အနီးတဝိုက်က သူတွေဆိုရင် ဆေးရုံတက်ပြီးမှ ပျောက်လေ့ရှိတယ်လို့ သူက ပြောပါတယ်။

သားဖြစ်သူ ဆိုရင် လွန်ခဲ့တဲ့ တနာရီတုန်းက အကောင်းပကတိ ဆော့ကစားနေရာက ချက်ချင်းဆိုသလဲ တုံးကနဲ လဲသွားတာလို့သူက ပြောပါတယ်။ စဖြစ်ခါစမှာ ကိုယ်အပူချိန် ၁၀၃ ကနေ မကျတဲ့ အတွက် ဓာတ်ဆားရည်တိုက်၊ ဆေးတိုက် ထားရတယ် ၊ ခေါင်းမူးတယ်ဆိုပြီး အိပ်ယာထဲ လဲသွားလိုက်တာ ကိုယ်တွေလည်း ချစ်ချစ်တောက် ပူနေလို့ ပြင်ပ လူနာအဖြစ် ပုဂ္ဂလိက ဆေးခန်းမှာ တင်ထားရတယ်လို့ အသက် ၁၁ နှစ် ငါးတန်း ကျောင်းသား မောင်မိုးစက် အတွက် စိုးရိမ်နေတဲ့ ဦးထွန်းထွန်း၀င်းက ရှင်းပြပါတယ်။

တွင်းမရွာမှာ ဆိုရင်လည်း စဖြစ်ရင် ၃ ရက်လောက် အပြင်းဖျားကြပြီး ဆေးမှူးဆီ ဆေးပြားသွားတောင်းသောက် ကြရကြောင်း ၊ အဖျားကျသွားရင် ခြေဆစ် လက်ဆစ် ကိုက်တာ ၊ ယားတာတွေ ဖြစ်လေ့ရှိပြီး ယားတာကို ကုတ်ရင် အဖု အပိန့် ထွက်လာကြောင်း ၊ ဆေးမှူးကို မေးကြည့်တဲ့အခါ ဆင်တုပ်ကွေးလို့ ပြောကြောင်း တွင်းမရွာက ဦး၀င်းက ပြောပါတယ်။

ဆင်တုပ်ကွေး ဖြစ်တဲ့အခါ တပတ်ကနေ ၁၀ ရက်အထိ ကြာလေ့ရှိပြီး တနေ့ကို လူဆယ်ယောက်လောက် ဒီရောဂါနဲ့ ရောက်လာလေ့ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီရောဂါနဲ့ ပတ်သက်လို့ သေသူမရှိသေးပေမယ့် အခုသီတင်းနှစ်ပတ် အတွက် တခြား ရောဂါ အခံ ရှိတဲ့ လူငယ်တယောက် အပါအဝင် သက်ကြီးရွယ်အို အားလုံးပေါင်း ငါးယောက် သေဆုံးတာ ရှိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ ဒေသတဝိုက်မှာ ဒီရောဂါ ဖြစ်နေတာ ၁၅ရက်လောက် ရှိနေပြီး ရာသီဥတုကလည်းပူ၊ ခြင်ကလည်း ကိုက်လို့ ကူးစက်တာ ဖြစ်နိုင်ကြောင်းနဲ့ သီတင်းနှစ်ပတ် အတွင်းမှာ လူ၂ထောင် နီးပါး ရှိတဲ့ ရွာမှာ ရောဂါပိုး ကူးစက်သူ ၅၀ ရာခိုင်နှုန်း ကျော် ရှိလာနေ တယ်လို့ ဦး၀င်းက ပြောပါတယ်။

လူနေထူထပ်ရာ ရန်ကုန်တိုင်းမှာလည်း တော်တော် အဖြစ်များနေသလို ပဲခူးဘက်မှာလည်း ဖြစ်နေတယ်လို့ ခြင်နဲ့ ပတ်သက်တဲ့ ရောဂါများ ကာကွယ်ရေး ဌာနမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ အထိ တာ၀န် ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ခင်နန်းလုံက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ကိုင်းတိုင်း အတွင်း ရွာလုံးကျွတ်နီးပါး ဆင်တုပ်ကွေးတွေ ဖြစ်နေ

chikunguny ချီကန်ဂန်ညာ လို့လည်း လူသိများတဲ့ ဆင်တုပ်ကွေး ရောဂါပိုးဟာ အေးဒီစ် ဆိုတဲ့ ခြင်ကြောင့် ဖြစ်ရတာလို့ ဒေါက်တာ ခင်နန်းလုံက ရှင်းပြပါတယ်။

အဲဒီခြင်ကြောင့် သွေးလွန်တုပ်ကွေး ဖြစ်နိုင်သလို ဆင်တုပ်ကွေးနဲ့ ဇီကာ ဗိုင်းရပ်စ် လည်း ပြန့်ပွားနိုင်တယ်လို့ သူက ဆိုပါတယ်။

အဲဒီခြင် ဟာ ရေကြည် ရေသန့်မှာ ပေါက်ဖွားလေ့ရှိတာကြောင့် ခြင်ကြားလို့ခေါ်တဲ့ ပိုးလောက်လန်းတွေကို ကိုယ့်ပတ်၀န်းကျင်မှာ တကောင်မကျန် သုတ်သင် ရှင်းလင်း နိုင်မှသာ ဒီရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ခြင်ကြားကနေ အစပြုလို့ အေးဒီးစ် ခြင်ကနေ ရောဂါကူးစက်မှု ဖြစ်စေ

ရောဂါပိုး ကူးစက်မှုနှုန်း မြန်ပြီး များလေ့ရှိတဲ့ ဆင်တုပ်ကွေး ပိုးသယ်ဆောင်ရာ အေးဒီးစ် ခြင်ဟာ လူလေးငါးဆယ်ယောက်ကို တောက်လျှောက် ကိုက်ပြီးမှ သွေး၀ လေ့ရှိပြီး သူ့နှာမောင်းက ရောဂါပိုး ပြန့်ပွားအောင် လိုက်ထိုး နေသလို ဖြစ်နေတဲ့ အတွက် ကူးစက်မှု မြန်ရတာလို့ ဒေါက်တာ ခင်နန်းလုံက ရှင်းပြပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း အကြီးအကျယ် ဖြစ်ပွားခဲ့ဖူးပြီး ဆယ်နှစ်အကြာ အခုအခါမှာ ပြန်ဖြစ်တာလို့ သူက ဆိုပါတယ်။

ဒီရောဂါပိုးကြောင့် သေဆုံးသူ မရှိပေမယ့် ရောဂါ ကြီးကြီးမားမား အခံ ရှိသူတွေဆီ ရောက်သွားရင် အသက်အန္တရယ် ဆုံးရှုံးရနိုင်တယ်လို့ သူက ပြောပါတယ်။

၀က်သက် ရောဂါလို တခါဖြစ်ပြီး နောက်မဖြစ်တဲ့ Life Long Immunity ရောဂါပိုးကြောင့် တရွာထဲမှာ မဖြစ်ဘဲ ကျန်ရစ်သူဟာ အရင်က ဖြစ်ခဲ့ဖူးသူလို့ ဆိုနိုင်တယ်လို့လည်း သူက ပြောပါတယ်။

အကိုက်အခဲ ပျောက်ဆေး အပြင်းစားတွေ သောက်ရင် အစာအိမ်နာ ဖြစ်နိုင်ကြောင်း၊ ဒီရောဂါမဟုတ်ဘဲ သွေးလွန်တုပ်ကွေး လည်းဖြစ်နိုင် တာကြောင့် သေချာပြီ ဆိုမှ ပါရာစီတမောလို့ အပျော့စား အကိုက်အခဲ ပျောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း တနေ့ အလွန်ဆုံး လေးကြိမ်သာ သောက်သုံးသင့်တယ် ၊ ရေများများ သောက်ပါ ၊ အနားယူပါလို့ ဒေါက်တာ ခင်နန်းလုံက တိုက်တွန်းထားပါတယ်။

ဆင်တုပ်ကွေးဟာ သေစေလောက်တဲ့ ရောဂါမျိုး မဟုတ်ပေမယ့် နာကျင် ကိုက်ခဲ ယားယံတဲ့ ပြင်းထန် ဝေဒနာတွေ မခံစားရအောင် ကာကွယ်ချင်တယ် ဆိုရင် ခြင်လုံး၀ အကိုက်မခံပါနဲ့ ဒေါက်တာ ခင်နန်းလုံ က သတိပေး ထားပါတယ်။