မြောက်ဦးမြို့နယ် တောင်မြင့်ရွာက ဦးခေါင်းကျည်ထိတဲ့ လူငယ် သေဆုံး

စာရင်းဇယား ပြုစုလို့ရသမျှ ရခိုင်စစ်ပွဲတွေ အတွင်း အရပ်သား သေဆုံးသူက ၇၀ ကျော် ရှိနေ ဓာတ်ပုံ မူပိုင် Myint Lwin / BBC Burmese
Image caption စာရင်းဇယား ပြုစုလို့ရသမျှ ရခိုင်စစ်ပွဲတွေ အတွင်း အရပ်သား သေဆုံးသူက ၇၀ ကျော် ရှိနေ

ဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ် တောင်မြင့်ရွာကနေ ပေါက်ပင်ကွင်းရွာကို လှေနဲ့အလာမှာ တိမ်ညိုကျေးရွာအနီး ဦးခေါင်းကျည်ထိဒဏ်ရာရှိခဲ့တဲ့ မောင်ဘိုသန်းထွန်းဟာ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၉ နာရီခန့်မှာ သေဆုံးသွားခဲ့ပြီလို့ ဖခင်ဖြစ်သူ ဦးမောင်မြစိန်က ဘီဘီစီကို ပြောပါတယ်။

သူ့ကို ဇူလိုင် ၂၃ ရက်နေ့က တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကိုပို့ဆောင်ခဲ့ရပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဇူလိုင် ၂၄ နေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့်သားလေးက အခု မနက် ၉ နာရီမှာ ဆုံးသွားပါတယ်၊ မြောက်ဦးဆေးရုံမှာပဲဆုံးသွားတာပါ၊ ဦးခေါင်းကျည်ထိတဲ့ ဒဏ်ရာနဲ့ ဆုံးတာဖြစ်ပါတယ် "လို့ မောင်ဘိုသန်းထွန်းရဲ့အဖေ ဦးမောင်မြစိန်က ပြောပါတယ်။

သူနဲ့အတူ အစ်မဖြစ်သူ ဒေါ်မသိန်းနုနဲ့ ယောက်ဖတော်စပ်သူတို့ဟာ မနေ့ကနေ့လယ်ပိုင်းမှာ ရွာကနေ ပေါက်ပင်ကွင်းရွာမှာ ရှိတဲ့ လယ် ကို လှေစီးပြီးလာခဲ့တဲ့ အချိန့် တိမ်ညိုရွာကိုအရောက်မှာ အခုလိုပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဦးမောင်မြစိန်ကပြောပါတယ်။

"မနေ့က မနက်ပိုင်းကနေ ပစ်ခတ်သံတွေကြားနေရပါတယ်၊ ကျွန်တော်သမီးက တိမ်ညိုကို ဈေးဝယ်သွားမှာဖြစ်တဲ့အတွက် ဖုန်းဆက်ကြည့်တော့ ဘာမှမဖြစ်ဘူး အဝေးမှာဖြစ်နေတာ၊ လာလို့ရတယ်ဆိုပြီး ပြောလို့ လှေနဲ့လိုက်သွားတာ၊ တိမ်ညိုကိုရောက်တော့ လှေက အရှေ့ဘက်ကမ်းမှာ ထောက်ပို့တပ်က အနောက်ဘက်ကမ်းမှာ ချောင်းကသိပ်မကျယ်ဘူး၊ လှေကိုမြင်တာနဲ့ အဲ့ဒီက လှမ်းပစ်တယ်၊ ကျွန်တော့် သား ဦးခေါင်းမှာထိတယ်၊ တမင်သက်သက်ကို ပစ်တာပါ" လို့ ဦးမောင်မြစိန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin / BBC Burmese
Image caption တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်လို့ စစ်တွေ ဆေးရုံကို ပို့ဖို့ ပြင်ဆင်နေတုန်းမှာ သေဆုံးခဲ့

အခုလို ဖြစ်ရတဲ့အပေါ်မှာ ဖခင်တစ်ယောက်အနေနဲ့ ကျေနပ်မှု မရှိကြောင်းလည်း ဦးမောင်မြစိန်က ပြောပါတယ်။

"ကျွန်တော့် သားလေး သေဆုံးရတာနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်စေချင်ပါတယ်၊ နောက်ပြီးတော့ အဲ့ဒီထောက်ပို့တပ်ကိုလည်း အဲ့ဒီနေရာမှာ ဆက်မရှိစေချင်ဘူး"လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

သေဆုံးခဲ့တဲ့ လူငယ်ဟာ ဦးမောင်မြစိန်ရဲ့သား မောင်ဘိုသန်းထွန်း (ခ) မောင်ကြီး အသက် ၂၂ နှစ်ဖြစ်ပြီးတော့ တောင်မြင့်ရွာကနေ မျိုးစပါးသယ်ယူလာတုန်း အခုလို ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေကလည်း ဘီဘီစီကို အတည်ပြု ပြောထားပါတယ်။

တိမ်ညိုရွာမှာ ပစ်ခတ်မှု ဟုတ်မှန်ကြောင်း ကိုလည်း မြောက်ဦး မဲဆန္ဒနယ်မြေအမှတ် (၁ ) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဇူလိုင် ၂၃ ရက်က ဖြေကြားထားပါတယ်။

ဒါပေမယ့် ဒီဖြစ်စဉ်ကို တပ်မတော်ဘက်က တရားဝင် အတည်ပြု ပေးထားခြင်းတော့ မရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး ဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့တာကြောင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖြစ်စဉ်တွေကို မသိရရှိရသေးဘူးလို့ ဇူလိုင် ၂၃ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တိုက်ပွဲတွေ အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ စပြီး အခု ဖြစ်စဉ် မတိုင်ခင် အထိ ကလေးငယ် ၈ ဦး အပါအဝင် အသက်သေဆုံးခဲ့ရသူ အရပ်သား အရေအတွက် စုစုပေါင်း ၇၀ ကျော်ရှိနေပြီး အဲဒီထဲက လူ ၄၂ ယောက် သေဆုံးမှုဟာ အစိုးရ တပ်မတော်နဲ့ သက်ဆိုင်နေကြောင်းကိုလည်း ဘီဘီစီက သီးခြား သတင်းရင်းမြစ်တွေ၊ မီဒီယာ ဖော်ပြချက်တွေနဲ့ အခြားလေ့လာ စာရင်ပြုစုသူတွေရဲ့ စာရင်းဇယားတွေကို အခြေခံပြီး တွေ့ရှိထားပါတယ်။

အခု သေဆုံးသွားခဲ့သူ မောင်ဘိုသန်းထွန်းရဲ့ ရုပ်အလောင်းကိုတော့ မြောက်ဦးမြို့ သုဿန်မှာ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ် သွားဖို့ ရှိတယ်လို့ မိသားစုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ