လေမိုးကျလာလို့ လှေမထိန်းနိုင်ဖြစ်ရာက ခုန်ချရင်းသေဆုံး

ဇီးတောဆည် ဓာတ်ပုံ မူပိုင် Mon Myat Facebook
Image caption ဇီးတောဆည်ထဲမှာ မတော်တဆ သေဆုံးမှု ပထမဆုံးအကြိမ်ဖြစ်

နွားထိုးကြီးမြို့နယ် အတွင်းမှာ ရှိတဲ့ ဆားတောင်ရွာနားက ဇီးတောဆည်ထဲမှာ ဇူလိုင်၂၄ရက်မနက် ၉နာရီလောက်မှာ စက်လှေလူးလို့ ခုန်ချကြရာက လှေပေါ်လိုက်ပါလာသူတွေ အနက် ၁၄ယောက် သေဆုံးသွားတယ်လို့ ဆားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောပါတယ်။

ဥပုသ်ရက်မှာ ကောင်းမှု ကုသိုလ် လုပ်ဖို့ ဆည်ထဲက ဗောဓိသစ္စာ ရေလယ် တောရကျောင်းကို အသွား လူ၂၄ယောက် လိုက်ပါလာတဲ့ လှေဟာ ကမ်းနဲ့ ပေ နှစ်ရာ သုံးရာ အကွာ ရေလယ် အရောက်မှာ လေ ၊ မိုး ကျလာလို့ လှေပေါ်ပါသူတွေ ထီးဖွင့်ဆောင်းစဉ် လှေလူးရာက ခုန်ချခဲ့ကြတာလို့ သူက ဆိုပါတယ်။

အဲဒီလို အချိန်မှာ လှေပေါ်ပါသူတွေက ရေထဲ ခုန်ချကြပြီး တချို့ကတော့ လှေဘောင်ကိုကိုင်ကာ လှေပေါ်မှာ ဆက်လက် ကျန်ရှိနေခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ရေထဲ ခုန်ချသူတွေ အနက် သေဆုံးသူတွေရဲ့ စုစုပေါင်း ၁၃လောင်း ရရှိထားပြီး အဲဒီအလောင်းတွေကို မနက်ပိုင်းမှာ ၈လောင်း နဲ့ နေ့လယ်ပိုင်းမှာ ၅လောင်း ဆယ်ယူရခဲ့တာလို့ သူက ဆိုပါတယ်။

အခုအခါ ကယ်ဆယ်ရေး သမားတွေက ပျောက်ဆုံးနေသူ တယောက်ကို ဆက်လက် ရှာဖွေ နေတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Mon Myat facebook
Image caption ဥပုသ်ရက် အလှူအတန်းလုပ်ဖို့ ရေလယ် ဘုန်းကြီးကျောင်းသွားရင်း သေဆုံးရ

ရေထဲ ခုန်ချသွားသူတွေ အနက် ရေကူးတက်သူ ၆ယောက်ကတော့ ကမ်းကို ကူးခဲ့နိုင်လို့ အသက်ရှင် ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လှေပေါ်မှာ မခုန်ချဘဲ ကျန်ရှိနေတဲ့ ၊ လှေဘောင်ကိုင်ထားသူ ၄ယောက်လည်း ထိခိုက် ဒဏ်ရာ တစုံတရာ မရှိဘဲ အသက်ရှင် ကျန်ရစ်တယ်လို့ သူက ပြောပါတယ်။

ရေထဲက ဆယ်ယူ ရရှိတဲ့ အထဲက အသင်ရှင်လျက်ဆယ်ယူရရှိသူကို အစ ကနဦး တုန်းကတော့ နှောကန် တိုက်နယ် ဆေးရုံမှာ တင်ထားပြီး မကြာခင် မန္တလေး ဆေးရုံ ပို့သွားမယ်လို့ သိရကြောင်း ဆားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

အခုအခါ ဆေးရုံတင်ထားရသူ အခြေအနေက စိုးရိမ်စရာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

မန္တလေးတိုင်းမှာ ရှိတဲ့ ဇီးတော ဆည်မှာ အခုလို မတော်တဆ ဖြစ်မှု အရင်က တခါမှ မဖြစ်ခဲ့ဘူးဘဲ အခုပထမဆုံး ကြုံတွေ့ရတဲ့အပေါ် အလွန်အမင်း အံ့သြ တုန်လှုပ်မိတယ်လို့ ဦးစိုးတင့် က ပြောပါတယ်။

ဆရာတော် တပါးတည်း ကျောင်းထိုင်တဲ့ ရေလယ်က ဗောဓိသစ္စာကျောင်းကို လှေနဲ့ သွားကြရာမှာ အရင်က ဆိုရင် ဒီလှေပေါ်မှာ လူ၃၂ ယောက်ထိ လိုက်ပါခဲ့ဖူးပြီး ဘာမှ ထိခိုက်မှု မတော်တဆ တစုံတရာ ဖြစ်တာမျိုး မရှိခဲ့ဖူးဘူး လို့ သူက ဆိုပါတယ်။

အခုတခါက လူများလို့ လှေမှောက်တာမဟုတ်ဘဲ လှေပေါ်ပါသူတွေက မိုးကျ လေကျ လှေလူးတဲ့ အချိန် ကြောက်လန့်ပြီး ခုန်ချလို့ သေဆုံးကြရတာလို့ ဆားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ရှင်းပြပါတယ်။

အခင်းဖြစ်တဲ့ နေရာဟာ သူ့အပိုင် ဆားတောင်ရွာ ပြင်ပမှာ ဖြစ်တာကြောင့် အာဏာပိုင်တွေ အနေနဲ့ ဘယ်လို အရေးယူဆောင်ရွက် နေသလဲ ဆိုတာ မသိရသေးဘူးလို့ ဦးစိုးတင့် က ပြောပါတယ်။