မိသားစုကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဗစ်တိုးရီးယားရဲ့ မိခင်ပြော

ဗစ်တိုးရီးယား
Image caption ဗစ်တိုးရီးယားအမှု ဒုတိယနေ့ ရုံးချိန်းအပြီး သတင်းထောက်တွေရဲ့ အမေးတွေကို တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် ဖြေကြားနေစဉ်

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းသူလေး ဗစ်တိုးရီးယား ရဲ့ အမှုကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ် တရားရုံး ကြားနာ စစ်ဆေးစဉ်အတွင်း ဗစ်တိုးရီးယားရဲ့ မိခင်က သူတို့ မိသားစု ခြိမ်းခြောက်ခံခဲ့ရပုံကို တရားသူကြီးထံ ထွက်ဆိုသွားခဲ့ပါတယ်။

သူတို့မိသားစုရဲ့ ဓာတ်ပုံ၊ ကလေးရဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ပေါ်မှာ တင်မယ် ဆိုပြီး ဖေ့စ်ဘွတ် အကောင့်တစ်ခုကနေ ခြိမ်းခြောက်ခဲ့တာလို့ ဗစ်တိုးရီးယားရဲ့ မိခင်က ထွက်ဆိုခဲ့ပါတယ်။

မနက် ၁၀ နာရီကနေ ညနေ ၄ နာရီလောက်အထိ ဗစ်တိုးရီးယားရဲ့ မိခင်ကို ဥပဒေအရာရှိက မေးမြန်းစစ်ဆေးမှုတွေ လုပ်ခဲ့စဉ်အတွင်း အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က ဖြစ်စဉ်အကြောင်း အသေးစိတ်ကို ဗစ်တိုးရီးယားရဲ့ မိခင်က တရားသူကြီးကို ထွက်ဆိုသွားခဲ့ပါတယ်။

ရုံးတင် စစ်ဆေးမှု အပြီးမှာ ဗစ်တိုးရီးယားရဲ့ မိခင်က Wisdom Hill မူကြိုကျောင်းက ဆရာမ နှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဆိုဖို့ ဒက္ခိဏခရိုင် တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ ဒီလျှောက်ထားမှုကို ရုံးတော်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးဖို့ တင်ပြထားပြီး ဒါကို ဥပဒေအရာရှိရုံးက တရားဝင် ဆက်လျှောက်ပေးမယ့် အချိန်ကို စောင့်ရမှာ ဖြစ်တယ်လို့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ဘီဘီစီကို ပြောပါတယ်။

Image caption ဗစ်တိုးရီးယား အမှု ဒုတိယရုံးချိန်းနေ့မှာ စိတ်ဝင်စားသူ ပြည်သူတွေနဲ့ သတင်းသမားတွေ တရားရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းနေကြ

တရားခွင်ကို တရားသူကြီး နှစ်ပါးထိုင် စစ်ဆေးခဲ့တာပါ။

တရားခွင်ကို ဗစ်တိုးရီးယားရဲ့ မိခင်၊ တရားလိုနဲ့ တရားခံ ရှေ့နေတွေ၊ သံသယ တရားခံ ကိုအောင်ကြီးရဲ့ မိဘတွေနဲ့အတူ ပြည်သူ ၄၀ လောက် လာရောက် နားထောင်ခဲ့ကြပါတယ်။

အခုလို ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ဗစ်တိုးရီးယားရဲ့ မိသားစုအတွက် လုံခြုံရေး ဆောင်ရွက်ပေးမယ်လို့ တရားသူကြီးက ပြောခဲ့ကြောင်း တရားလို ရှေ့နေက ပြောပါတယ်။

တရားခွင်အပြီးမှာ ဗစ်တိုးရီးယားရဲ့ မိခင်ဟာ တရားရုံးထဲကနေ လုံခြုံရေး အစောင့်အရှောက်တွေ ခြံရံ ထွက်လာခဲ့ပြီး စတစ်ကာ ကပ်ထားတဲ့ ကားနဲ့ ပြန်သွားတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမှုကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ထပ်မံ စစ်ဆေးကြားနာဖို့ ချိန်းဆိုထားပါတယ်။