မြေနုကျွန်းရွာနှစ်ရွာ ရန်ပွဲ အလောင်း ၁၄ လောင်းထပ်တွေ့၊ သေဆုံးသူ ၂၄ဦးထိရှိလာ

ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ် နေ ဓာတ်ပုံ မူပိုင် Thein Naing Htun
Image caption ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ်နေ

မကွေးတိုင်း ရေနံချောင်းမြို့နယ် ၊ ဧရာဝတီမြစ်ထဲက မြေနုကျွန်းရွာနှစ်ရွာက ရွာသားတွေရဲ့ ဇူလိုင်၂၃ ရက်နေ့ ရန်ပွဲက သေဆုံးသူအရေအတွက်ဟာ ဇူလိုင် ၂၅ ရက်နေ့ က အလောင်း ၁၄လောင်းထပ်ရတာ ကြောင့် သေဆုံးသူအရေအတွက် ဟာ ၂၄ ဦးထိရှိလာပြီဖြစ်ပါတယ်။

" အခု ၇ လောင်း မီး သင်္ဂြိုဟ် ပြီးပြီ။ နောက်ထပ် နှစ်လောင်းထပ်တွေ့ တယ်။ ဒီနေ့ တွေ့တာ အခုထိတော့ ကိုးလောင်းရှိပြီ"လို့လည်း ဖရဲကျွန်းက ရပ်ရွာ အကျိုးဆောင် ဦးမျိုးမင်းမြတ် က ဘီဘီစီကိုပြောပါတယ် ။

ဒါ့အပြင် အဲဒီနောက်ပိုင်း ၅ လောင်း ထပ်တွေ့တာကြောင့် ဇူလိုင် ၂၅ ရက်မှာ အလောင်း စုစုပေါင်း ၁၄ လောင်း တွေ့ခဲ့တာ ဖြစ်ပါတယ်လို့ဖရဲကျွန်းရွာက ဦးသန်းဌေး ကဘီဘီစီကိုအတည်ပြုပါတယ်။

ဒီနေ့တွေ့တဲ့ သေဆုံးသူတွေဟာ အမျိုးသား တွေဖြစ်ပြီး သေဆုံးသူတွေဟာ ဓားဒဏ်ရာတွေ၊ လေးခွဒဏ်ကြောင့် မျက်လုံးကျွတ်ထွက်တဲ့ရွာက ဒဏ်ရာတွေ တွေ့ရတယ်လို့ဖရဲကျွန်း ရွာသားတွေဘက်ကပြောပါတယ်။

" မနက် က အလောင်းတွေထဲမှာ လက်တစ်ဖတ်ပြတ်သူ ၃ လောင်းပါတယ် မျက်လုံးကျွတ်ထွက်တာ ၁ လောင်းပါတယ်" လို့ဖရဲကျွန်းရွာက ဦးသန်းဌေးကပြောပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်း ကကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေ လုပ်နေတာရှိပြီးဒီနေ့အဖို့ရှာဖွေရေးလုပ်ငန်းတွေရပ်နားသွားပြီဖြစ်တယ်လို့လည်းဖရဲကျွန်းရွာက ဦးသန်းဌေး ကရှင်းပြပါတယ်။

ဧရာဝတီမြစ်ထဲက မြေနုကျွန်းရွာနှစ်ရွာ ရန်ပွဲ ၁၀ ဦးသေ၊ ၃၀နီးပါး ပျောက်ဆုံး

ဓာတ်ပုံ မူပိုင် Ye win naing
Image caption ဖရဲကျွန်း ကသေဆုံးသူများကို မီး သင်္ဂြိုဟ်

ရေနံချောင်းမြို့နယ် ကန်သာရွာနဲ့ ဖရဲကျွန်းကျေးရွာတို့ဟာ ဧရာဝတီမြစ်ထဲ မြေနုကျွန်းပေါ်က ရွာနှစ်ရွာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း က ကန်သာရွာဘက်က မြေနုကျွန်းတွေမှာ ကမ်းပါးပြိုရာကနေ ဖရဲကျွန်းရွာဘက် နားကို တဲတွေပြောင်းကြရင်း သူ့ နယ် ငါ့နယ် အငြင်းပွားမှုတွေ စပါတယ်။

ဒီရွာနှစ်ရွာဟာ သူ့နယ် ငါ့နယ် လုရာကနေ အငြင်းပွားမှုဟာ ဇူလိုင်လဆန်းကစဖြစ်တယ်လို့ ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကဘီဘီစီကိုပြောပါတယ် ။

မနေ့ကတော့ စက်လှေမှောက်လို့သေတာလို့ သတင်းဖော်ပြမှုတွေရှိပေမယ့် ဒီရွာသားတွေ ဟာ ရေလယ် ကျွန်းသားတွေဖြစ်တာကြောင့်စက်လှေမှောက်ရုံလောက်တော့ အများစုက ရေနစ်သေမှာ မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။

ဒီနေ့ ဒဏ်ရာတွေ နဲ့ အလောင်းတွေ တွေ့ရတော့ လုပ်ကြံသတ်ဖြတ်တာလို့လည်း ယူဆမှုတွေရှိနေပါတယ်။

သေသွားတဲ့လူတွေမှာ ဒဏ်ရာတွေကရှိနေတာကြောင့် သက်ဆိုင်ရာက ဒီအမှုဘယ်လိုရှင်းပေးမှာလဲဆိုတာလည်းသိချင်နေကြတယ်လို့ ဖရဲကျွန်းဘက် ရွာခံတွေကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူ ၂၄ ဦး အလောင်းတွေ့ထားပြီး လူ ၂၀ ဝန်းကျင် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။