ကိုကျော်ဇင်၀င်း အလုပ်ခွင်အတွင်း ခွဲခြားခံရတာ မတွေ့ရဘူးလို့ လူ့အခွင့်အရေး ကော်မရှင်ပြော

လိင် ဓာတ်ပုံ မူပိုင် MPA
Image caption လိင်စိတ်ဝိသေသ ကွဲပြားမှုကို ဖော်ထုတ်ခံရသလို လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုကျင့် ခံရတယ် ဆိုတဲ့ ကိုကျော်ဇင်၀င်း သေဆုံးတာ တလကျော်ခဲ့ပြီ

ရန်ကုန်မြို့မှာ ရှိတဲ့ Myanmar Imperial University မှာ စာကြည့်တိုက်မှူး အဖြစ် အလုပ်လုပ်ခဲ့တဲ့ ကိုကျော်ဇင်၀င်း အဆုံးစီရင်သွားတာ တလကျော်ရှိသွားပေမယ့် တရားမျှတမှု မပေါ်ပေါက်သေးပါဘူး။

သူသေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေရာမှာ ခုချိန်ထိတော့ အလုပ်ခွင် အတွင်း ခွဲခြားဆက်ဆံ ဖိနှိပ်ခံရမှု ရှိခဲ့တာ မတွေ့သေးဘူးလို့ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

Myanmar Imperial University ကျောင်းက ကျောင်းပိုင်ရှင် နှစ်ယောက် နဲ့ ပြဿနာမှာ ပါ၀င် ပတ်သက်သူလို့ ယူဆရသူ သုံးယောက် အပြင် ကိုကျော်ဇင်၀င်း ရဲ့ ပတ်၀န်းကျင် မိသားစု အသိုင်းအဝိုင်းထဲက အတူနေသူ ဦးလေး ၊ အဒေါ်နဲ့ အမ၀မ်းကွဲ တို့ကို စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဦးယုလွင်အောင် က ပြောပါတယ်။

အဲလို စုံစမ်း စစ်ဆေးရာမှာ ကျောင်းက ပူးပေါင်းပါဝင်မှု အပြည့်အ၀ ရှိခဲ့ပြီး စစ်ဆေးတဲ့အခါ လူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ခေါ်စစ်တာ ရှိသလို ကျောင်းမှာ သွားစစ်တာလဲ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုကျော်ဇင်၀င်းကို ပြောဆို ဆုံးမတဲ့ အလုပ်ခွင်အတွင်းက အထက်အရာရှိ အမျိုးသမီးကိုလည်း မေးမြန်းခဲ့ပြီး သူ့အပေါ် နိုင်ထက် စီးနင်းလုပ်မှု မတွေ့ရသလို ဇွန်လ ၂၀ ၊ ၂၁ စီစီတီဗီ မှတ်တမ်း အရ နိုင်ထက်စီးနင်း ရိုင်းရိုင်းပြပြ ပြောတာ မတွေ့ရတဲ့ အပြင် ကိုကျော်ဇင်၀င်း ကိုယ်တိုင် ပြုံးရွှင်နေတာ တွေ့ရတယ်လို့ ဦးယုလွင်အောင် က ရှင်းပြ ပါတယ်။

ဒါ့အပြင် လူမှု့ကွန်ယက်မှာ ဖော်ပြနေကြသလို ကိုကျော်ဇင်၀င်းကို အခွင့်အရေး မပေးဘူး ဆိုတာတွေလည်း မတွေ့ရဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ကိုကျော်ဇင်၀င်း သေဆုံးမှု အတွက် တရားမျှတမှု ရှာဖို့ လိုအပ်နေ

ကိုကျော်ဇင်၀င်းနဲ့ အထက်လူကြီးရဲ့ ဆက်ဆံရေး ကို စုံစမ်းကြည့်တဲ့အခါ သူတို့ကြား ကောင်းကောင်းမွန်မွန် ၊ ဖျောင်းဖျောင်းဖြဖြ ချစ်ချစ်ခင်ခင် ပြောဆိုနေတာကို မက်ဆင်ဂျာမှာ တွေ့ရကြောင်း ၊ ကိုကျော်ဇင်၀င်း အနေနဲ့ စိတ်အားငယ်စရာ ကြုံတွေ့ရရင်လည်း အဲဒီ အထက်လူကြီး အမျိုးသမီးနဲ့ သွားရောက် တိုင်ပင်တာတွေ တွေ့ရကြောင်း ၊ သူတို့ကျောင်းမှာ ကျောင်းသားတွေက Feedback သဘောထား တုန့်ပြန်ချက် ပေးတဲ့အခါ ကျောင်းသားတယောက်က သူ့ကို မညှာမတာ ဝေဖန်ထားတာ ရှိခဲ့ဖူးကြောင်း ၊ အဲဒီအခါ ကိုကျော်ဇင်၀င်းက အဲဒီအမျိုးသမီးကို တင်ပြ တိုင်ပင်တဲ့အခါ အထက်လူကြီးက ' သားဒါတွေကို ခေါင်းထဲ မထားနဲ့ ကိုယ့်ဘ၀ အောင်မြင် တိုးတက်ရေးကိုဘဲ လုပ် ' ဆိုပြီး သားသမီးလို ဆုံးမတာတွေ့ရတယ် ဒါတွေဟာ မျက်စိနဲ့ မြင်ရတဲ့ အထောက်အထား တွေဘဲလို့ ဦးယုလွင်အောင် က ပြောပါတယ်။

သူတို့အနေနဲ့ စုံစမ်းစစ်ဆေးကြည့်တဲ့ အခါ အလုပ်ခွင် အတွင်းမှာ ကိုကျော်ဇင်၀င်း အနေနဲ့ ခွဲခြား ဆက်ဆံ ဖိနှိပ် ခံရတာမျိုး မတွေ့ရဘူးလို့ သူက အတည်ပြု ပြောကြားခဲ့ပါတယ်။

ကိုကျော်ဇင်၀င်း အနေနဲ့ ဘာကြောင့် အဆုံးစီရင် ခဲ့သလဲ ဆိုတဲ့ ကိစ္စကိုတော့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အပြည့်အစုံ ဖော်ပြမှာဖြစ်လို့အဲဒီအစီရင်ခံစာကိုသာ စောင့်ကြည့်ဖို့ ဦးယုလွင်အောင် က ပြောပါတယ်။

သူတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသူ ၁၉ယောက် ရှိပြီး အစီရင်ခံစာကိုတော့ လာမယ့် ၂၀၁၉ သြဂုတ်လဆန်းမှာ ထုတ်ပြန်မယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ Facebook နဲ့ Viber တို့ပေါ်မှာ တင်ထားတဲ့ အချက်အလက်တွေကို စုဆောင်းပြီး အဲဒီ အထဲမှာ ပါတဲ့ လူတွေကို လိုက်တွေ့ လိုက်မေးကာ စုံစမ်း စစ်ဆေးမှု ပြုခဲ့တာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption လူမှုအဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုတွေ တကယ်လျော့ကျသွားပြီလား မေးခွန်းထုတ်နေ

Myanmar Imperial University မှာ စာကြည့်တိုက်မှူး အဖြစ် အလုပ်လုပ်နေတဲ့ ကိုကျော်ဇင်၀င်း ဟာ ဇွန်လ ၂၄ ရက်နေ့က အိပ်ဆေး အလွန်အကျွံသောက်ကာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

သူမကွယ်လွန်ခင် တရက် ဇွန်လ ၂၃ ရက်နေ့မှာ သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ အလုပ်ခွင် အတွင်း ခွဲခြား ဆက်ဆံ ဖိနှိပ် ခံရမှုနဲ့ ဆိုင်တဲ့ Post ရေးခဲ့တာကြောင့် သူမသေခင် ဘယ်လောက် ခံစားခဲ့ရတယ် ဆိုတာ အများသူငါ သိရှိသွားကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Myanmar Imperial University မှာ အလုပ်လုပ်နေတဲ့ ပါ၀င်ပတ်သက်သူလို့ ယူဆရတဲ့ ၀န်ထမ်းသုံးယောက်ကို အလုပ်က ယာယီ ရပ်ဆိုင်းထားကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ Myanmar Imperial University က ထုတ်ပြန်ထားပါတယ်။

လက်ရှိတော့ ဒီကိစ္စကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေး နေပြီး အစီရင်ခံစာထွက်လာရင် အဲဒီထဲက အတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ကျောင်းက သူတို့ကို တုံ့ပြန် ပြောဆိုတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့တခု ဖြစ်တဲ့ CAN Myanmar က Executive Director ဒေါက်တာ ပြည့်စုံဟိန်း က ရှင်းပြပါတယ်။

အခု လောလောဆယ် မှုခင်း ဆိုင်ရာ ဆရာ၀န်ရဲ့ ဆေးစစ်ချက်လည်း မရသေးတဲ့ အတွက် ဘာမှ ဆက်လုပ်လို့ မရသေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေါက်တာ ပြည့်စုံဟိန်းက ပြောပါတယ်။

သူတို့ အနေနဲ့တော့ ကိုကျော်ဇင်၀င်း အခုလို ဆုံးပါးသွားတဲ့အတွက် နောက်ပိုင်းမှာ LGBT တွေရဲ့ အခွင့်အရေး လူ့အခွင့်အရေးကို လူမှု အသိုင်းအဝိုင်း အတွင်း ဘယ်လို အကာအကွယ် ပေးသွားကြမှာလဲ လို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။

ဒါ့အပြင် ကိုကျော်ဇင်ဝင်း ဖြစ်ရပ်မှာ ကျူးလွန်သူလို့ ယူဆရသူတွေကို ဘယ်လို အရေးယူထားသလဲ ၊ လက်ရှိ စုံစမ်း စစ်ဆေးမှု ဘယ်လို အခြေအနေ ရောက်နေသလဲ ၊ နောင်မှာ ဒါမျိုး အလားတူ ၀မ်းနည်းဖွယ် မဖြစ်အောင် ဘာတွေ လုပ်ဆောင် နေသလဲ ဆိုတာကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်တာမျိုး မရှိတဲ့ အတွက် စိုးရိမ်တယ်လို့ LGBT တွေစုပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အိတ်ဖွင့် ပေးစာမှာ ဖော်ပြထားပါတယ်။

ကိုကျော်ဇင်၀င်း ဖြစ်ရပ်ကြောင့် LGBT အခွင့်အရေး နဲ့ ပတ်သက်လို့ လူမှု အဖွဲ့အစည်း အတွင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပေမယ့် ခွဲခြား ဆက်ဆံမှုတွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ဒါတွေကို လတ်တလော ပြုလုပ်ခဲ့တဲ့ Forum တွေမှာ လာတက်တဲ့ အနယ်နယ် အရပ်ရပ်က LGBT တွေရဲ့ ပြောကြားချက် အရသိရတာလို့ ဒေါက်တာ ပြည့်စုံဟိန်းက ပြောပါတယ်။