လသာက ရွှေဆိုင်တဆိုင်ကို စိတ်ကျန်းမာရေးချွတ်ယွင်းသူ တရုတ်နိုင်ငံသား ဝင်ဖျက်ဆီး

ဝင်ရောက်ဖျက်ဆီးသူက တရုတ်နိုင်ငံသားဖြစ်ပြီး၊စိတ်ကျန်းမာရေးချွတ်ယွင်းသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြု ဓာတ်ပုံ မူပိုင် N.Y Group
Image caption ဝင်ရောက်ဖျက်ဆီးသူက တရုတ်နိုင်ငံသားဖြစ်ပြီး၊စိတ်ကျန်းမာရေးချွတ်ယွင်းသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြု

လသာမြို့နယ်က ရွှေဆိုင်တစ်ဆိုင်ကို စိတ်ကျန်းမာရေးချွတ်ယွင်းသူလို့ယူဆရတဲ့ တရုတ်နိုင်ငံသားတစ်ဦးက ဇူလိုင်လ ၂၆ ရက် မနက် ၁၁ နာရီ ကျော်မှာ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဘီဘီစီကိုပြောပါတယ်။

အဲဒီဝင်ရောက်ဖျက်ဆီးသူက တရုတ်နိုင်ငံသားဖြစ်ပြီး၊ စိတ်ကျန်းမာရေးချွတ်ယွင်းသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။ ဒါ့အပြင် အဲဒီတရုတ်နိုင်ငံသားက အခင်းဖြစ်တဲ့အချိန်မှာ အသားနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေရှိတာကိုလည်း သိရတယ်လို့ သူကဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဝင်ရောက်ဖျက်ဆီးသူရဲ့ နာမည်နဲ့ ကျန်းမာရေးစိစစ်မှုတွေကိုလည်း ရန်ကုန်ဆေးရုံကြီး မှာ စစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ကျရဲအရာရှိကပြောပါတယ်။

လသာမြို့နယ်ထဲက နယူးယောက်ရွှေဆိုင်ကို အဲဒီတရုတ်နိုင်ငံသားက မနက် ၁၁နာရီကျော်လောက်မှာ ဝင်လာပြီး ရွှေထည့်ထားတဲ့ မှန်ပုံးကို လက်သီးနဲ့ ထိုးခွဲခဲ့လို့ ဆိုင်ကဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေက တားဆီးပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့ ရွှေဆိုင်ပိုင်ရှင်မိသားစုဝင် ကိုကျော်ကျော်လွင်က ဘီဘီစီကိုပြောပါ တယ်။

"လုယူချင်တဲ့စိတ်ရှိရင်တော့ ရွှေပုံးကို ခွဲပြီးယူမှာပဲလေ၊ အခုဟာက ရုတ်တရက် ခွဲပဲခွဲတာ၊ သူ့ခန္ဓာကိုယ်မှာ အရက်နံ့ ဘာညာရတာမရှိဘူး၊ ဆေးကြောင်တယ်လို့ပဲထင်တယ်။ ဒီပတ်ဝန်းကျင်မှာတွေ့နေကျသူတော့ မဟုတ်ဘူး" လို့ သူကပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခုလိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူတာတွေကို လုပ်မလုပ်ဆိုတာကိုတော့ တာဝန်ကျရဲအရာရှိက ဘီဘီစီကိုပြန်လည်မဖြေကြားခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် N.Y Group
Image caption လုယူချင်တဲ့စိတ်ရှိရင်တော့ရွှေပုန်းကို ခွဲပြီးယူမှာပဲလေ၊ အခုဟာကရုတ်တရက်ခွဲပဲခွဲတာ၊ သူ့ခန္ဓာကိုယ်မှာ အရက်နံ့ ဘာညာရတာမရှိဘူး၊ ဆေးကြောင်တယ်လို့ပဲထင်တယ်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ