နယ်ခြားစောင့်စခန်းကို တိုက်ရတဲ့အကြောင်းအရင်း အေအေပြော

အေအေဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြော ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အေအေဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြော

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းက ညောင်ချောင်း နယ်ခြားစောင့် ရဲစခန်းကို ရက္ခိုင့်တပ်မတော် (အေအေ) က ဇူလိုင် ၂၆ ရက် မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးရဲ တပ်ဖွဲ့ဝင် နှစ် ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့စခန်း စစ်ရေးအရ ဘယ်လောက်အရေးကြီးလဲ

ဒီစခန်းဟာ မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်ကို ဖောက်လုပ်နေတဲ့ ညောင်ချောင်း- ဥဒေါင်းလမ်း ကားလမ်းပေါ်မှာ တည်ရှိပြီး စစ်ရေး အရ အရေးပါတဲ့ စခန်းတစ်ခုပါ။

နေရာကတော့ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ် အနောက်ပိုင်း အစပ် မေယုတောင်ခြေရင်းမှာ တည်ရှိပါတယ်။

အဲဒီစခန်းဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ စခန်း တစ်ခုပါ။

အခုတိုက်ပွဲဟာ မနက် ၄ နာရီက ၅ နာရီခွဲလောက်ထိ ကြာမြင့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အေအေဘက်က အင်အား ၇၀ လောက်နဲ့ တိုက်ခဲ့တာလို့ တပ်မတော်ဘက်က ဆိုပါတယ်။

ဘာကြောင့်တိုက်သလဲ

ဒီစခန်းကို ဘာကြောင့် ရွေးချယ် တိုက်သလဲဆိုတာနဲ့ ပတ်သက်ပြီး အေအေ ပြောခွင့်ရ ခိုင်သုခက

"ဒီစခန်းက သူတို့ပြောသလို ရဲစခန်းတော့ မဟုတ်ဘူးဗျ။ ဒီစခန်းက ဗမာစစ်တပ်ကနေပြီးတော့ နယ်ခြားစောင့်၊ နယ်ခြားစောင့်ဆိုတာ paramilitary ပဲ၊ သူတို့ ပေါင်းပြီး ထိုင်ထားတဲ့စခန်း။ ဒီစခန်းကနေပြီးတော့ အဓိကက ဘူးသီးတောင်မြို့နယ်ထဲက စစ်ဆင်ရေးတချို့ရယ်၊ နောက် ရသေ့တောင်မြို့နယ်ထဲက စစ်ဆင်ရေးနယ်မြေတချို့ကို ထောက်ပံ့ရေးတွေလုပ်နေတာ။ နောက်ပြီးတော့ မေယုမြစ်ထဲမှာ သွားလာနေတဲ့ ဒေသခံတွေရဲ့ စက်လှေတွေ အပါအဝင် ခရီးသွားပြည်သူတွေကိုလည်း သူတို့ အနိုင်ကျင့်တဲ့ ဥစ္စာတွေ တော်တော်များများ လုပ်နေတယ်။ မတရား အနိုင်ကျင့်တာတွေ လုပ်နေတယ်။ ဒီစခန်းကပဲ လုပ်နေတာ။ ဆိုတော့ သူတို့ ပြောသလိုမျိုး ကာကွယ်ပေးတဲ့ ရဲစခန်းမျိုးတော့မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ကနေပြီးတော့ သတိပေးတဲ့အနေနဲ့ အခုလိုမျိုး လုပ်တာ ဖြစ်တယ်" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုက ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး "အထိအခိုက်အကျအဆုံးကတော့ ဗမာစစ်တပ်ဘက်ကလည်း ရှိတယ်။ ဗမာစစ်တပ်ဘက်ရှိသလို ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု သုံးယောက်လောက်ထိရှိတယ်။ ဗမာစစ်တပ်ဘက်ကနေ သတင်းကြိုရထားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ဖြစ်ခဲ့တာ" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Police Force
Image caption ဒီနေရာကိုတိုက်တာ တရားဥပဒေစိုးမိုးရေးကို နောက်ထပ်စိမ်ခေါ်လိုက်တာလို့ တပ်မတော်ပြော

အခု အေအေက နယ်ခြားစောင့်ရဲစခန်းကို တိုက်ခိုက်တာဟာ ဇန်နဝါရီ ၄ ရက် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းက နယ်ခြားစောင့် စခန်း၄ ခုကို တိုက်ခိုက်ပြီးနောက် လေးကြိမ်မြောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။

တပ်မတော်တုံ့ပြန်မှု

အဲဒီလို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "အဲဒီနေရာကို တိုက်ခြင်းအားဖြင့်တော့ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးရေးကို ထပ်ပြီးတော့ စိမ်ခေါ်လိုက်တာ" လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ ပတ်သက်လို့ "စခန်းကတော့ ကျသွားတာ မရှိဘူး။ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရတာ ရှိတယ်။ အေအေဘက်ကတော့ မျက်မြင်ကတော့ အလောင်းတစ်လောင်းနဲ့ လက်နက်တချို့ ကျန်ခဲ့တယ်" တယ်လို့ သူက ပြောပါတယ်။

"ဆုတ်တဲ့ လမ်းတလျှောက်မှာလည်း ပစ်သွားတယ် ပြောတယ်။ ပစ်သွားတဲ့အတွက်ကြောင့် ညောင်ချောင်းနားလေးမှာရှိတဲ့ ဘင်္ဂါလီ တချို့လည်း ဒဏ်ရာရထားတယ်လို့တော့ သတင်းရရှိတယ်ဗျ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ တပ်ကလည်း အဲဒီနေရာကို နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ညောင်ချောင်း မွတ်ဆလင်ကျေးရွာက အမျိုးသမီးကြီး တစ်ဦးကျည်ထိမှန်သေဆုံးခဲ့သလို တခြား လူ သုံး ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဘူးသီးတောင်နယ်စပ်က ရဲစခန်းတစ်ခု

တိုက်ပွဲဘယ်လိုဖြစ်ခဲ့သလဲ

ရဲတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို အေအေအဖွဲ့ဟာ အာဆာအဖွဲ့နဲ့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလုံးအရင်းနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စခန်းရဲ့ အရှေ့တောင်နှင့် အနောက်တောင်ဘက်တို့ကနေ စပြီးအပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီစခန်းဟာ ရဲမှူးဦးစီးတဲ့ တပ်ခွဲ တစ်ခွဲ အခြေပြုနေတဲ့ စခန်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကို စခန်းဘက်က ပြန်လည်တိုက်ခိုက်လို့ မနက် ၆ နာရီလောက်မှာ လာရောက်တိုက်ခိုက်တဲ့အဖွဲ့ ဆုတ်ခွာသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လာတိုက်တဲ့ အင်အားကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်မြေရုံးဝန်းကျင်ကို ရှင်းလင်းခဲ့တဲ့အခါ အားကစားဝတ်စုံဝတ် အေအေလောင်း ၃ လောင်း၊ M-22 ၁ လက်၊M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ကျည်အိမ် ၈ခု၊ ကျည် ၄၀တောင့်၊ ၄၀ မမဗုံးသီး ၂ လုံး၊လက်ပစ်ဗုံး၁၇လုံး၊ လက်လုပ်မိုင်း ၆ လုံးနဲ့ အားကစား ဝတ်စုံနဲ့ ဆေးဝါးတွေပါတဲ့ ကျောပိုးအိတ် ၁၃ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။