အများပြည်သူနေရာတွေမှာ လမ်းဘေးခွေးတွေကို အစာကျွေးရင် ထောင်ကျနိုင်

လမ်းဘေးခွေးတွေကို အစာကျွေးနေတဲ့ ခွေးချစ်သူတစ်ဦး ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/Getty Images
Image caption လမ်းဘေးခွေးတွေကို အစာကျွေးနေတဲ့ ခွေးချစ်သူတစ်ဦး

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်ထဲက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လမ်းဘေးခွေးအပါအဝင် တိရိစ္ဆာန် အစာကျွေးသူတွေကို ငွေဒဏ် (ဒါမှမဟုတ်) ထောင်ဒဏ်တွေ ချမှတ်ပြီး အရေးယူတော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

"မြို့တော်စည်ပင်သာယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်အရ စည်ပင်ပိုင် အများပြည်သူနေရာတွေမှာ တိရိစ္ဆာန်အစာကျွေးသူတွေဟာ ဒဏ်ငွေ ကျပ် ၅ သောင်းကနေ ၁ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လ အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်" လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။

လတ်တလောမှာ ဒီပြစ်ဒဏ်တွေအကြောင်း လက်ကမ်းစာစောင်စာတွေ၊ ဗီနိုင်းတွေကို အများပြည်သူမြင်သာနိုင်တဲ့ နေရာတွေမှာ ကပ်ထားပြီး သတိပေးချက်တွေ ထုတ်ပြန်ထားသလို ပညာပေးမှုတွေလည်း လုပ်နေပါတယ်။

ဒါပေမဲ့ ပညာပေးကာလကို ဘယ်လောက်သတ်မှတ်ထားလဲဆိုတာတော့ စည်ပင်ဘက်က တိတိပပ ထုတ်မပြောပါဘူး။

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/Getty Images
Image caption ရန်ကုန်မြို့တနေရာက လမ်းဘေးခွေးများ

ရန်ကုန်တိုင်းအတွင်း လမ်းဘေးခွေးအကောင်ရေ အဆမတန်များနေပြီး လမ်းဘေးခွေးအကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီး၊ သင်္ကန်းကျွန်း(စံပြ) ဆေးရုံနဲ့ အင်းစိန်ဆေးရုံကြီးတွေမှာ ခွေးရူးရောဂါ ကာကွယ်ဆေးလာထိုးတဲ့ လူနာက နေ့စဉ်ရှိနေတယ်လို့ ဆေးရုံတာဝန်ကျဆရာဝန်တွေက ပြောထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကတော့ လမ်းဘေးခွေးတွေကို ဖမ်းဆီးပြီး ခွေးဂေဟာ ပို့ပေးတာ၊ ခွေးတွေကို သားဆက်ခြားတာ၊ ခွေးရူးပြန်ပိုးကာကွယ်ဆေးထိုးပေးတာမျိုးနဲ့ လမ်းဘေးခွေးလျော့ကျသွားအောင် လုပ်မယ်လို့ ပြောပါတယ်။

"ဗဟန်းမှာဆို ခွေးဂေဟာ ပို့ထားတဲ့ လမ်းဘေးခွေးအကောင်ရေ ရာဂဏန်းလောက် ရှိပါတယ်။ ရပ်ကွက်ထဲမှာဆိုးသွမ်းတဲ့ ခွေးတွေလည်း နည်းလာပါပြီ" လို့ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။

ဒါပေမဲ့လည်း ခွေးချစ်သူတချို့ကတော့ လမ်းဘေးခွေးတွေကို လမ်းမေတွေပေါ် အစာကျွေးတာ၊ တိုက်ကြိုတိုက်ကြား လမ်းကျဉ်းတွေထဲ ခွေးစာချပေးတာမျိုး လုပ်ဆောင်မှုတွေ ရှိနေပါတယ်။

ဒါ့ကြောင့် လမ်းဘေးခွေးတွေကို စည်ပင်ပိုင် အများပြည်သူသွားလာတဲ့နေရာတွေမှာ အစာမကျွေးဖို့ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ ပြင်ဆင်လာနေတာလည်း ဖြစ်ပါတယ်။

ဗဟန်းစည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကတော့ "အခုက အသိပညာပေးကာလဆိုတော့ အရေးယူတာတော့ သိပ်မရှိသေးပါဘူး၊ ကျူးလွန်သူကို ပထမအကြိမ်ဆိုရင်တော့ ခံဝန်ထိုးခိုင်းတာမျိုးရှိပေမယ့် စည်ပင်ဥပဒေကို မလိုက်နာဘဲ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption မှော်ဘီမှာရှိတဲ့ ခွေးဂေဟာတစ်ခု