ပဲခူးတိုင်း အုတ်တွင်းမှာ ဆေးရုံထဲထိရေတွေဝင်လို့ လူနာတွေအရေးပေါ်ရွှေ့ပြောင်းရ

ဆေးရုံအတွင်း ရေ ၁ ပေနီးပါးခန့် ဝင်ရောက်နေ ဓာတ်ပုံ မူပိုင် အရှင်တေဇ(ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း)
Image caption ဆေးရုံအတွင်း ရေ ၁ ပေနီးပါးခန့် ဝင်ရောက်နေ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ဆေးရုံကြီးအတွင်းမှာဒီကနေ့ ဇူလိုင် ၂၇ရက်နေ့ မနက် အစောပိုင်းကစတင်ပြီး ရေတွေဝင်ရောက်လာတဲ့အတွက် အရေးကြီးလူနာအချို့ ကိုအရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းနာယကဆရာတော် ဦးတေဇသီရိက ဘီဘီစီ ကို မိန့်ကြားပါတယ်။

'' ရေကတော့ မနက်၅နာရီ ၆နာရီလောက်ကတည်းက ရေကစတိုးလာတယ်၊ ခွဲစိတ်မွေးဖွားထားတဲ့ လူနာတွေကိုတော့ လတ်တလောတော့ ဆေးရုံရဲ့ဝင်ပေါက်နားက နည်းနည်းမြင့်တဲ့ သံဃာ့ဆေးရုံအဆောင်ထဲကို ရွှေ့ပေးထားတယ်၊ တောင်ငူဆေးရုံကို ရွှေ့ပေးရတာတွေလည်းရှိတယ်၊ ရေကတော့ ဆေးရုံအတွင်းထဲမှာ ၁ ပေလောက်တော့ ရှိတယ်၊ သက်သာနေတဲ့လူနာတွေကတော့ ဆေးရုံထဲမှာပဲ ရှိတယ်၊''လို့ ဆရာတော် ဦးတေဇသီရိကမိန့်ပါတယ်။

အုတ်တွင်းမြို့ဆေးရုံမှာ ၅ နှစ် တစ်ကြိမ်ခန့် ရေဝင်လေ့ရှိပြီး လက်ရှိအချိန်မှာတော့ အုတ်တွင်းမြို့ဆေးရုံအပြင် ချောင်းနဲ့နီးတဲ့ရပ်ကွက်အနိမ့်ပိုင်းတွေကနေအိမ်တွေမှာရေဝင်တာတွေရှိနေတယ်လို့ လည်းသိရပါတယ်။

ဓာတ်ပုံ မူပိုင် အရှင်တေဇ(ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း)
Image caption အရေးကြီးလူနာအချို့မှ လူနာအများစုမှာ ဆေးရုံက ရေဝင်နေတဲ့အဆောင်တွေမှာပဲ ဆက်နေနေရ

ပဲခူးတိုင်းနည်းတူ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့တဲ့အတွက် ရွာပေါင်း ၂၀ကျော်မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဘေးအန္တရာယ် ကာကွယ် ရေးစီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပွင့်ဖြူမြို့နယ်၊ နန်တော်ကျွန်း ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ရွာနဲ့ စလင်းမြို့နယ်၊ ဥယျာဉ်စု ကျေးရွာပါ ၁၉ ရွာမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၆ရက်နေ့က စာသင်ကျောင်း ၁၉ ကျောင်းကို ယာယီပိတ်ထားခဲ့ရပါတယ်။

ဇူလိုင် လဆန်းမှစတင်ကာ မိုးကြီးပြီး မြစ်ရေလျှံတာကြောင့် ပြည်နယ်နဲ့ တိုင်း ၈ခုမှာ ရေကြီး နစ်မြုပ်တာ တွေဖြစ်ခဲ့ပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ၂ခုထဲမှာပင် လူ သုံးသောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။

ဇူလိုင်လထဲမှာ ကချင်ပြည်နယ်နဲ့မကွေးတိုင်းအတွင်း မိုးကြီးပြီးတောင်ကျချောင်းရေစီးတာကြောင့် လူ ၃ဦး ရေထဲမျောပါပြီး သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီကာလဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ နှစ်စဉ်လိုလို ရေဘေးဒဏ်ကို ခံစားနေကြရ ပြီး မနှစ်က ၂၀၁၈ ခုနှစ်အတွင်းကလည်းရေဘေးဒဏ်ကို ပြည်သူ တစ်သိန်းကျော် ခံစားခဲ့ရပြီး လူ ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။