ရန်ကုန်- သံတွဲ ကုန်တင် သင်္ဘော တိမ်းမှောက်မှု ၂ ဦးသေဆုံး၊ ၅ ဦးပျောက်ဆုံးနေဆဲ

၅ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဓာတ်ပုံ မူပိုင် အရှင်ပညာလောက(ကရုဏာမျက်ဝန်းလူမှုကူညီရေးအဖွဲ့)
Image caption ၅ယောက်ကတော့ ပျောက်ဆုံးနေဆဲ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ပြန်မလော့ မြစ်အတွင်း ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ပိုင်းက နစ်မြုပ်ခဲ့တဲ့ ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင် သင်္ဘောပေါ်လိုက်ပါလာသူတွေထဲက ၁၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ ဧရာဝတီ တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ထွန်းရွှေကဘီဘီစီကို ပြောပါတယ်။

ရန်ကုန်ကနေ သံတွဲကို မောင်းနှင်ဖို့ထွက်ခွာလာတဲ့ အဆိုပါကုန်တင်သင်္ဘောပေါ်မှာ လူ ၁၉ ဦး လိုက်ပါ လာတဲ့ အနက် ၉ ဦးမှာ ဇူလိုင် ၂၅ ရက်ညမှာပဲ လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ အိုင်မ ကျေးရွာ သောင်ကမ်းစပ်မှာ လာတင် နေခဲ့တဲ့အတွက် ကယ်ဆယ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

'' ဒီနေ့ကတော့ ၃ယောက်ကို အသက်ရှင်ရက်ထပ်တွေ့တယ်၊ ၂ ယောက်ကတော့အလောင်းပဲတွေ့တယ်၊ ၅ ယောက်ကတော့ ပျောက်ဆုံးနေဆဲပဲ၊ ရှာဖွေကယ်ဆယ်ရေးကတော့ ဆက်လုပ်နေတုံးပဲ''လို့ ဒုတိယ ရဲမှူးကြီးထွန်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HeartLaputta
Image caption ၁၂ ဦးကို အသက်ရှင် ရက် ကယ်ဆယ်ထားနိုင်ခဲ့

အဆိုပါသင်္ဘောမှာ သံတွဲကို ထွက်ခွာလာတုန်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့ ပြန်မလော့မြစ် ရေမိုင် ၇ မိုင် ခန့် အကွာလောက်မှာ ရာသီဥတုအခြေအနေကြောင့် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကနဦးအနေနဲ့ သိရှိ ထားပြီး သင်္ဘောတိမ်းမှောက်မှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့လည်း သူကပြောပါတယ်။

သင်္ဘောပေါ်လိုက်ပါလာသူတွေထဲမှာ ဧရာဝတီတိုင်းကအပြင် ပဲခူးတိုင်းကလူအချို့လည်း ပါဝင်တယ်လို့ သိရပြီး ကနဦး ကယ်ဆယ်ရရှိထားသူတွေကို မိသားစုဝင်တွေနဲ့ အမြန်ဆုံးချိတ်ဆက်နိုင်ဖို့ ဆောင်ရွက် ပေးနေတယ်လို့လည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာနကနေ သိရပါတယ်။

'' အခုသေတဲ့သူစာရင်းကတော့ မြို့နယ်တွေသိရပြီ။ သူ့ရဲ့အမေအဖေဘာမှမသိရသေးဘူး၊ လက်ရှိ ၉ ဦး ကတော့ အတတ်နိုင်ဆုံး ဖြေပေးနေတယ်လို့ သိရတယ်၊ လပွတ္တာမြို့နယ်က ကြက်ခြေနီနဲ့ချိတ်ဆက်ပြီး မိသားစုဝင်တွေနဲ့ ပြန်ချိတ်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်၊ ပန်းတောင်းဘက်က သူတစ်ယောက်တော့ မှတ်ပုံတင်နဲ့ နေရာမှားနေလို့ ပြန်ချိတ်ပေးရတာလည်းရှိတယ်'' လို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာန၊ပဲခူးတိုင်းဒေသကြီး တာဝန်ခံဖြစ်တဲ့ ဦးအေးချိုကပြောပါတယ်။

အဆိုပါသင်္ဘောဟာ ရန်ကုန်ကနေ ရခိုင်ပြည်နယ် သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘိလပ်မြေအိတ်တွေ တင်ဆောင်လာပြီး မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ