မြန်မာနိုင်ငံအပါအဝင် နိုင်ငံလေးနိုင်ငံမှာ ရေကြီးမှုကြောင့် လူ ၆၀ဝ ခန့်သေဆုံးအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် MPA
Image caption ရေကြီး၊ ရေလျှံမှုကြောင့် လူဦးရေ ၄၅,ဝဝဝ ကျော် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ

နိုင်ငံလေးနိုင်ငံမှာ ရေကြီးမှုကြောင့် လူ ၆၀ဝ ခန့်သေဆုံး

အရှေ့တောင်အာရှက နိုင်ငံ လေးနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ မြန်မာနိုင်ငံတို့မှာ ရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း ၆၀ဝ ခန့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။

ဒေသတွင်း ဧရိယာ ၂၅ မီလျံလောက် ရေကြီးနစ်မြှုပ်တာတွေ ဖြစ်ခဲ့ပြီး လူသေဆုံးမှုဖြစ်ခဲ့တဲ့ ရေကြီးနစ်မြှုပ်မှုတွေဟာ မုတ်သုံရာသီ မိုးရွာသွန်းမှု များပြားတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မိုးဆက်တိုက် ရွာနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိတဲ့ မြန်မာပြည်အောက်ပိုင်းက ရေကြီးမှု အခြေအနေတွေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာအစိုးရဌာနနဲ့ ပူးပေါင်းကာ ကယ်ဆယ်ရေးအဖွဲ့တွေ လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဆိုပါတယ်။

မွန်ပြည်နယ် ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အပါအဝင် မန္တလေးတိုင်း ၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ရေကြီးရေလျှံ မှုတွေကြောင့် လူပေါင်း ၄၅၀ဝ၀ကျော်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ခန့်မှန်းထားပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ မနက်အစောပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ဆေးရုံကြီး အတွင်းမှာ ရေတွေဝင်ရောက်လာတာကြောင့် အရေးကြီးလူနာတစ်ချို့ကို အရေးပေါ် ရွှေ့ပေးခဲ့ရတာတွေလည်း ရှိတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ဓာတ်ပုံ မူပိုင်NARINJARA
Image caption မင်းပြားမြို့နယ်ထဲ တိုက်ပွဲ ပြင်းထန်

ရခိုင် မင်းပြားနဲ့ကျောက်တော်မှာ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်နဲ့ မင်းပြားမြို့နယ် က နေရာ ၂ ခုမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မင်းပြားမြို့နယ် ကုလားမတောင် ကျေးရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်ပြီး အချိန် ၂ နာရီခွဲလောက် ကြာမြင့်ကာ လက်နက်ကြီး လက်နက်ငယ်ကျည်ဆန်တွေ ရွာထဲကို ကျရောက်တာကြောင့် အိမ်ခြေ ၄၀ဝ ကျော် ရှိတဲ့ ကုလားမတောင်က ရွာသား တစ်ထောင်ကျော်ဟာ ကျေးရွာကို စွန့်ခွာထွက်ပြေးကြရပါတယ်။

မင်းပြားမြို့နယ်ကနေ လူပေါင်း ၃၀ဝ ကျော်ဟာ လှေနဲ့ ခြေကျင်ပါ ထွက်ပြေးလာကြသလို တချို့ မိသားစုတွေကတော့ ကလေးတွေကို မခေါ်နိုင်တာကြောင့်ရွာမှာ ကျန်ခဲ့တာတွေလည်း ရှိပါတယ်။

အခုလို ကုလားမတောင်အနီးမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာကိုတော့ တပ်မတော်ဘက်ကရော အေအေဘက်ကပါ အတည်ပြု ပြောကြားခဲ့ပါတယ်။

Image caption အငြိမ်းစားဗိုလ်ချုပ်တွေ ပါတီထောင်

အငြိမ်းစားဗိုလ်ချုပ်တွေ ပါတီထောင်

အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ DNP ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လက်ခံပေမယ့် ဥပဒေဘောင်အတွင်းကပဲ လုပ်ဆောင်သွားမယ်လို့ ပါတီခေါင်းဆောင်တစ်ချို့က ဆိုပါတယ်။

တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် အားကိုး အားထားပြုနိုင်မယ့် ပါတီတစ်ရပ် အဖြစ် ဒီပါတီကို ထောင်တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအမျိုးသား နိုင်ငံရေး ဒီမိုက်ရက်တစ် ပါတီကို ဦးဆောင်သူက ဒုတိယ ဗိုလ်ချုပ်ကြီး ငြိမ်း ဦးစိုးမောင် ဖြစ်ပါတယ်။ သူ့ဟာ မြန်မာတပ်မတော်မှာ စစ်ဥပဒေချုပ် တာဝန်ထိ ထမ်းဆောင်ခဲ့သလို သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း သမ္မတရုံးဝန်ကြီးတာဝန်ယူခဲ့သူပါ။

လက်ရှိ မြန်မာနိုင်ငံရေး ပါတီတွေထဲက အငြိမ်းစားတပ်မတော် အရာရှိတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအပြင် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) နဲ့ အခု ဦးစိုးမောင် ဦးဆောင်တဲ့ DNP ပါတီဆိုပြီး ၃ ပါတီရှိလာခဲ့ပြီးဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ