ဖားကန့်မြေစာပုံပြိုကျ လူ ၁၃ဦးသေဆုံး၊ ၅ဦးခန့်ပျောက်ဆုံးနေ

ရဲတပ်ဖွဲ့ဝင် ၃ဦးပါ မြေစာပုံပြိုကျတဲ့ထဲပါသွားခဲ့ ဓာတ်ပုံ မူပိုင် KN
Image caption ရဲတပ်ဖွဲ့ဝင် ၃ဦးပါ မြေစာပုံပြိုကျတဲ့ထဲပါသွားခဲ့

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံကျေးရွာ၊ ကရင်ချောင် ကျေးရွာ၊ ချောင်းဖျားကျေးရွာ နားက အမြင့် ပေ တထောင်လောက်ရှိတဲ့ ကျောက်ကမ်းပါးယံတခုဟာ ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၂ နာရီ လောက်မှာ ပြိုကျခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ဦး အပါအဝင် ကုမ္ပဏီ ဝန်ထမ်း ၁၅ဦးခန့် မြေစာပုံ ပြိုကျတဲ့ ထဲပါသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးဖြစ်တဲ့ဦးခင်မောင်ချင်း က ဘီဘီစီကိုပြောပါတယ်။

မြေစာပုံဟာ ပေ ၂၀၀ နီးပါးအနက်ရှိတဲ့ကျင်းထဲ ပြိုကျသွားတာဖြစ်ပြီး ပြိုကျတဲ့အထဲ ပါသွားသူတွေအနက် ရုပ်အလောင်း ၁၃လောင်းကို ပြန်လည်ရရှိထားပြီလို့လည်းသိရပါတယ်

'' အကြမ်းဖျင်းကတော့ ၁၇ယောက်သေတယ်လို့ သိထားတယ်။ အခုကတော့ ၁၃ လောင်းရထားပြီ။ မြေကြီး တွေရဲ့အောက်မှာဆိုရင်တော့ ပြန်မပေါ်လာနိုင်တော့ဘူး။ ခုရတယ်ဆိုတဲ့ဟာတွေက အဖျားနားက ရေလှိုင်း ပုတ်ပြီးရတာ။ နာမယ်စာရင်းတွေတော့ လုပ်နေတုံးပဲ။ ကုမ္ပဏီက အစောင့်ဝန်ထမ်းအများစုပါသွားတာ ''လို့ ဦးခင်မောင်ချင်းကပြောပြပါတယ်။

မြေစာပုံပြိုကျစဉ် အနီးမှာရှိတဲ့ လုံခြုံရေးချထားတဲ့ ရဲကင်းစခန်းကို တိုက်မိပြီး ရဲဝန်ထမ်း ၅ဦးအနက် ၂ဦးသာ လွတ်ပြီး ၃ဦးမှာ ပြိုကျတဲ့ထဲပါသွားခဲ့တယ်လို့လည်း သိရပါတယ်။

နေ့လည်ပိုင်းပြိုကျပါက တစ်နိုင်ကျောက်တူးသမားတွေပါ ပါနိုင်ပြီး အချိန်မတော် ပြိုကျခဲ့တာဖြစ်တဲ့အတွက် ကုမ္ပဏီဝန်ထမ်းတွေပဲ ပါသွားခဲ့တာဖြစ်တယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။

" ညသန်းခေါင်ကြီး ပြိုကျတာဆိုတော့ အဲ့ဒါကြီးက ငေါငေါကြီးထွက်နေတာလေ။ အောက်မှာရှိတဲ့ လူတွေ ကလည်း အဲဒီဘက်ကို မရောက်လောက်ဘူးထင်တာပေါ့ဗျာ ။ သူတို့ကျင်းတွေနဲ့ဆို ဝေးတယ်။ အမြင့်က မြင့်တဲ့အခါကျတော့ အောက်မှာလဲ ရေကန်ရှိတော့ ဘေးကို သက်ရောက်မှာပေါ့ ။ တောင်ကလည်းမြင့် တယ်လေ " လို့ ပြိုကျခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖားကန့်ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပြပါတယ်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အတွက် ဖားကန့်ရတနာနယ်မြေအတွင်းကျောက်မျက်တူးဖော်မှုတွေ ကို ရပ်နားထားပေမယ့် လက်လုပ် လက်စားတူးဖော်သူတွေက ရှိနေဆဲဖြစ်ပြီး မြေစာပုံပြိုကျမှုတွေကလည်း မကြာခဏဆိုသလို ရှိနေ တာဖြစ်ပါတယ်။

အခုလို မကြာခဏပြိုကျနေရတာဟာ စက်ယန္တရားကြီးတွေအသုံးပြုပြီး အဆမတန်တူးဖော်မှု တွေ ကြောင့် ဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ချင်းကပြောပါတယ်။

' ' အင်အားမဆမတန်သုံးတော့ ပျက်စီးမှုတွေက အများကြီးဖြစ်နေတာ။ နောက်ထပ် ထပ်ပြိုဦးမှာပဲ။ တစ်မိုး တွင်းလုံး။ ပြိုစရာတွေကတော့ အများကြီးပဲ။ ကျင်းဟောင်းနေရာတွေက ပြိုဦးမှာပဲ။''လို့ ဦးခင်မောင်ချင်းက ထောက်ပြပြောဆိုပါတယ်။

ဖားကန့်ရတနာနယ်မြေက ကျောက်မျက်လုပ်ကွက်တွေအတွင်း မြေစာပုံပြိုကျမှုတွေကြောင့် လူသေဆုံးမှု တွေမကြာခဏဆိုသလိုရှိနေပြီး ယခုနှစ်ဧပြီလအတွင်းကလည်း KNDPC ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်း နွံကန်ပြိုကျမှုကြောင့် ဝန်ထမ်း ၅၀ ကျော်သေဆုံးခဲ့ရပါတယ်။