"အားလုံးပါဝင်နိုင်အောင် စဉ်းစားတဲ့အခြေအနေတွေ အားနည်းခဲ့တယ်" ရဲဘော်မိဆူးပွင့်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဦးဆောင် ကော်မတီဝင် ရဲဘော်မိဆူးပွင့် ဓာတ်ပုံ မူပိုင် U Hlan Maung Shwe Facebook
Image caption မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဦးဆောင် ကော်မတီဝင် ရဲဘော်မိဆူးပွင့်

"အရပ်ဖက်အဖွဲ့အစည်းများ၏ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်သုံးသပ်ခြင်း ဆွေးနွေးပွဲ"ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ၃ ရက်တာ ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲကို ကယားပြည်နယ်က လွဲလို့ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုက အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၅ဝ ကျော် တက်ရောက်ခဲ့ပါ တယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(အန်စီအေ)ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နည်းပညာအကြံပေး နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲကို ဝေဖန် အကြံပေးနေတဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိ အခြေအနေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို တင်ပြကြပါ တယ်။

ဓာတ်ပုံ မူပိုင် U Hla Maung Shwe Facebook
Image caption အရပ်ဘက်အဖွဲ့အစည်းများ၏ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်သုံးသပ်ခြင်း ဆွေးနွေးပွဲ

နောင်မှာ ကျင်းပမယ့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆွေးနွေး ချက်တွေကို ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်တာ ကြောင့် ဒီဆွေးနွေးပွဲတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးပါပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက် နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဦးဆောင် ကော်မတီဝင် ရဲဘော်မိဆူးပွင့်ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းထားပါတယ်။

မေး-လက်ရှိငြိမ်းချမ်းရေး အခြေအနေအပေါ်ရော ဘယ်လို သုံးသပ်သလဲ။

ဖြေ- ငြိမ်းချမ်းရေး ဖြစ်စဉ်ဆက်သွားဖို့ အခက်အခဲတွေ ရှိသွားတာကို ဖြေရှင်းဖို့ ကြိုးစားနေရတာပေါ့။ သို့သော်လည်းပဲ ဒါကတော့ လုံးလုံးကြီး စိတ်ဓာတ်ကျပြီးတော့ အလုပ်မဖြစ်တော့ဘူးဆိုတဲ့ သဘောတော့ မဟုတ်တော့ဘူး လို့ပဲ ကျွန်မက မြင်ပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို ပါဝင်နေတဲ့ အစုအဖွဲ့တွေပေါ့နော်၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကနေပြီးတော့ အကောင်းဆုံး ညှိနှိုင်းတိုင်ပင်ဆောင်ရွက် ပြီးတော့ ဖြတ်ကျော်သွားနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။

မေး-ခုလိုမျိုး ငြိမ်းချမ်းရေးအတွက်ကို ကြိုးစားပြီးတော့ ဆောင်ရွက်နေတဲ့ အချိန်အတွင်းမှာ အေအေနဲ့ တိုက်ပွဲဆိုလို့ရှိရင် တော်တော်ကြီး ပြင်းထန်လာတယ်။ အရပ်သားတွေ ပြည်သူတွေအပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်တာတွေ ဖြစ်နေတယ်။ ဘာကြောင့် အဲလို ဖြစ်နေတာလဲ။

ဖြေ-အဓိကကတော့ အန်စီအေအခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး စပြီးတော့ ပေါ်လာတဲ့ အချိန်မှာ အားလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိဘူး ပေါ့နော်။ တချို့အဖွဲ့အစည်းတွေက ပါဝင်လက်မှတ်ထိုးနိုင်ခဲ့ခြင်းမရှိတဲ့ အခြေအနေရှိတယ်။ ဆိုတော့ အဓိကက အားလုံး ပါဝင်နိုင်အောင် စဉ်းစားတဲ့ အခြေအနေတွေ အားနည်းခဲ့တယ်။ ပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးပေါ့နော် တန်းတူရည်တူ ဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးနိုင်ရဲ့ သားနဲ့ အဲဒီအခွင့်အရေးတွေကို ကျွန်မတို့က လက်လွှတ် ဆုံးရှုံးခံခဲ့ တယ်ပေါ့။ ဆိုတော့ အဲဒီအနေအထားကနေပဲ နောက်ဆက်တွဲ ပြဿနာတွေ ဆက်ပြီးတော့ ရှင်းနေရတာ ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ဒီလို နောက်ဆက်တွဲ ပြဿနာတွေ ကလည်း လူထု အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်လာပြီးတော့ လူထုရဲ့ ထိခိုက် နစ်နာမှုတွေ ဖြစ်လာပြီး တော့မှ နောက်ဆုံးတော့ ဒီလက်နက်ကိုင် အားလုံးမှာ တာဝန်ရှိတဲ့ ပုံစံမျိုးတော့ ပြန်ဖြစ်လာတာပေါ့။ အဲဒီအနေအထားတွေမှာလည်း ဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ တန်းတူရည်တူ အားလုံး ပါဝင်ခွင့်ရှိအောင် ဘယ်လို ပုံစံမျိုးနဲ့ ပြန်ဖြေလျှော့မှုတွေ လုပ်မလဲဆိုတာ အဓိက ပြန်ပြီး စဉ်းစားဖို့ လိုလာတယ်လို့ ကျွန်မတို့ မြင်ပါတယ်။

ဓာတ်ပုံ မူပိုင် U Hla Maung Shwe
Image caption တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၃ ခုက အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၅ဝ ကျော် တက်ရောက်ခဲ့ပါ တယ်။

မေး-ပထမဆုံး လက်မှတ်ထိုးတဲ့အထဲက အကြီးဆုံးအဖွဲ့ဖြစ်တဲ့ ကေအန်ယူအဖွဲ့ကတောင်မှ အခုဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို သံသယဖြစ်တဲ့ စကားတွေ တော်တော်ကြီး ပြောလာတာ တွေ့ရတယ်။ ဒီတော့ အခြေအနေ ဆုတ်ယုတ်လာတယ်လို့များ ဆိုနိုင်မလား။

ဖြေ-တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးထဲကို ပါဝင်လာတာက နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ ဆန္ဒကြောင့်လို့ မြင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ မူဘောင်ကို ပြင်ဆင်တဲ့ နေရာမှာ အတည် မပြုနိုင်သေးဘူးပေါ့။ အဓိကကတော့ အန်အယ်လ်ဒီ အစိုးရတက်လာတဲ့ အချိန်အတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မှာ အားလုံးလက်မှတ် မထိုးရသေးခင်မှာ ဒီမူဘောင်ကို ပြောင်းလွယ်ပြင်လွယ်အောင် ထားမယ်ဆိုတဲ့ သဘောတူညီချက် တခု ရှိပါတယ်။ ဒါကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်လာတဲ့အခါမှာ အန်စီအေထဲမှာ တိတိကျကျ မပါဝင်သော်လည်း မူဘောင်အရ အကန့်အသတ်လေးတွေ ဖြစ်လာတာတွေ ရှိတယ်၊ ဒါတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ မကြိုးစားခဲ့တဲ့ အခါကျတော့ ဥပမာအားဖြင့်… တဆင့်ထက် တဆင့် အကြောင်းအရာတွေ ဆွေးနွေးခွင့် ကန့်သတ်ခံရသလို ဖြစ်ပြီးတော့ တဖက်နဲ့တဖက် ယုံကြည်မှုတွေ ကျဆင်းသလို ဖြစ်သွားတယ်လို့ မြင်ပါတယ်။

တဖက်နဲ့တဖက် သံသယကြီးတဲ့ ကိစ္စတွေ လျော့နည်းသွားအောင် နှစ်ဖက်ခေါင်းဆောင်တွေက သေသေချာချာ လုပ်ပေးနိုင်ဖို့ လိုမယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ အန်စီအေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွန်းတွန်းတိုက်တိုက် လုပ်နိုင်တဲ့ အခြေအနေ အားလျော့လာပြီး သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် သွားနိုင်တဲ့ အခင်းအကျင်းလည်း မရှိပဲ ဖြစ်နေပါတယ်။ အဲဒီ အနေအထားမှာ အစိုးရတပ်မတော်ဘက်ကလည်း ၂ဝ၂ဝလောက်မှာ ငြိမ်းချမ်းရေး အရယူပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ရပ်မယ် စတာတွေကို ထပ်ခါထပ်ခါ ပြောလာတဲ့အခါမှာ ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီမရပဲ ရသလောက်နဲ့ ဖြတ်တဲ့ဟာမျိုး ခံလိုက်ရ မလားပေါ့။ ပြီးတော့ တဖက်မှာလည်း လက်နက်ဖျက်သိမ်းတဲ့ ကိစ္စတွေကို ဦးစားပေးပြီး ပြောဆိုလာတယ် ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ပြန်စဉ်းစားလာရတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။ ကေအန်ယူလို တပ်မဟာတွေ အများကြီးရှိတဲ့ အဖွဲ့ကျတော့ အန်စီအေမှာ ပါဝင် လက်မှတ်ထိုးတဲ့ အချိန်ကတည်းက အဖွဲ့တွင်း သဘောထား ကွဲလွဲမှုတွေ ရှိတဲ့အခါကျတော့ လက်ရှိ အခြေအနေမှာ အကန့်အသတ်တွေ ဖြစ်လာတယ်လို့ ကျွန်မတို့ မြင်တယ်။ သို့သော်လည်း ကေအန်ယူ ကိုယ်တိုင်က အန်စီအေ လမ်းကြောင်း ကိုပဲ ဆက်လျှောက်မယ်၊ ဒါပေမယ့် အန်စီအေ ပိုမိုခိုင်မာရေး အားကောင်းရေးဘက်ကို ဦးတည်ပြီး ပြောလာတာကို တွေ့ရတယ် ဆိုတော့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးကလည်း အန်စီအေ ခိုင်မာရေးနဲ့ အားကောင်းရေး အပေါ် အခြေခံပြီး ဒီဖြစ်စဉ်ကို ဆက်ပြီး သွားနိုင်အောင် အစိုးရတပ်မတော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ မူပိုင် U Hla Maung Shwe Facebook
Image caption ယုံကြည်မှုတွေ ပိုမို တည်ဆောက်လာနိုင်မယ် ဆိုလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲကလည်း ဆက်သွားလို့ရမယ်လို့ မျှော်လင့်တယ်။

မေး-တခြားတဖက်မှာလည်းပဲ အန်စီအေနဲ့ လုံးဝ မပါဝင် မပတ်သက်ခဲ့တဲ့ အင်အားကြီး အရေးပါတဲ့ အဖွဲ့တွေ ရှိပါသေးတယ်။ ဥပမာအားဖြင့် UWSA တို့ MNDAA မိုင်းလားအဖွဲ့တို့ ပေါ့လေ။ သူတို့ ပါဝင်လာဖို့ကကော အလားအလာ ဘယ်လောက်နေပါပြီလဲ။

ဖြေ-ကျွန်မတို့နားလည်သလောက်ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ အဲဒီ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဘက်က အရင်လို အန်စီအေကို ဆန့်ကျင်ပြီးတော့ ပြောဆိုတာတွေ မရှိသလောက် ဖြစ်သွားပါတယ်။ ဒါပေမဲ့ အန်စီအေမှာ သူတို့ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ အခြေအနေကတော့ သူတို့ကိုယ်စား ကျွန်မတို့ ဘာမှ ပြောလို့တော့ မရပါဘူး။ သို့သော်လည်းပဲ အန်စီအေမှာ ပါဝင်လက်မှတ်ထိုးခွင့်မရသေးတဲ့ အဖွဲ့တွေ…ဥပမာ KNPP လို အဖွဲ့မျိုးကလည်း ပါဝင်နိုင်အောင် ကြိုးစားနေတယ်။ ဒီလို အခြေအနေတွေ အကုန်လုံး ပြည့်စုံလာပြီ ဆိုရင်တော့ ကျွန်မတို့ ဒီဘက်က လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ မျှော်လင့်နေတဲ့ အန်စီအေ ပိုမို ခိုင်မာရေး၊ ပိုမို အားကောင်းရေးဆိုတဲ့ ဦးတည်ချက်တွေ အပေါ်မှာ အားလုံးပြန်လည် စုစည်းနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်မတို့ မြန်မာနိုင်ငံမှာ ပထမဆုံး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ အန်စီအေ စာချုပ်က ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို အားကောင်းလာအောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်မတို့အားလုံးက သမိုင်းရဲ့ တရားခံ ပြန်ဖြစ်သွားနိုင်တယ်လို့ ကျွန်မတို့ မှတ်ယူပါတယ်။ အန်စီအေ အားကောင်းအောင် ကြိုးစားကြဖို့က ကျွန်မတို့အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။

မေး- ရဲဘော်မိဆူးပွင့်တို့အနေနဲ့ ငြိမ်းချမ်းရေး အလားအလာအပေါ်မှာ ဘယ်လောက်အထိများ မျှော်လင့်ထားပါသလဲ။ သိပ်မကြာခင်မှာပဲ ငြိမ်းချမ်းရေး အောင်မြင်မှု ရလာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ-စပြီး အန်စီအေမှာ လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ တံခါးကို ဖွင့်လိုက်တဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲက ဘယ်လောက်ကြာမလဲလို့ တွက်ချက်လိုက်တဲ့ အချိန်မှာ အနည်းဆုံး ၁၀ နှစ် အများဆုံး အနှစ် ၃၀ ဆိုတာမျိုးအထိ တိုင်းရင်းသား ခေါင်းဆောင်တွေက ခန့်မှန်းထားခဲ့တာ ရှိပါတယ်။ ဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ငါးနှစ် ဆယ်နှစ်အတွင်း လွယ်လွယ်ကူကူနဲ့ ပြီးပြတ် သွားမယ့် ဖြစ်စဉ်လို့တော့ ကျွန်မတို့ မယုံမှတ်ထားဘူး။ အခက်အခဲတွေကတော့ တွေ့မှာပဲ၊ ဒီအခက်အခဲတွေကို ကျွန်မတို့က တဆင့်ချင်းစီ ကျော်ဖြတ်မယ်၊ ပိုမိုအားကောင်းအောင် လုပ်သွားမယ်။ အဲဒီလို ဆွေးနွေးရင်းနဲ့ပဲ အခြေအနေတွေ ပိုကောင်းလာအောင်၊ လက်မှတ် ထိုးထားတဲ့ဒေသတွေမှာ ပိုပြီး ငြိမ်းချမ်းလာအောင် စတင် လုပ်ဆောင်မယ်။ အပစ်အခတ်တွေ ရပ်စဲနည်းပါးသွားပြီးတော့ မြေပြင် အခြေ အနေတွေ တစုံတရာ တိုးတက်ကောင်းမွန်လာမယ် ဆိုလို့ရှိရင်၊ ယုံကြည်မှုတွေ ပိုမို တည်ဆောက်လာနိုင်မယ် ဆိုလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲကလည်း ဆက်သွားလို့ရမယ်လို့ မျှော်လင့်တယ်။ ဆိုတော့ဒီလိုတဆင့်ချင်း တဆင့်ချင်းသွားမှပဲ လိုချင်တဲ့နေရာရောက်မယ်လို့ အစကတည်းက ကျွန်မတို့ မျှော်မှန်းထားပါတယ်။