H1N1 ရောဂါဖြစ်ပွားလို့သေဆုံးမှုတွေကို မကြာခင် ထိန်းချုပ်နိုင်တော့မယ်လို့ဆို

ဇူလိုင်လ ၂၈ရက်နေ့အထိ သေဆုံး သူ စုစုပေါင်း ၇၈ ဦးရှိလာ ဓာတ်ပုံ မူပိုင် FFSS / HANDOUT/EPA
Image caption ဇူလိုင်လ ၂၈ရက်နေ့အထိ သေဆုံး သူ စုစုပေါင်း ၇၈ ဦးရှိလာ

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ဖြစ်ပွားမှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၈ရက်နေ့အထိ သေဆုံး သူ စုစုပေါင်း ၇၈ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

' ' သေဆုံးသူ ၇၈ ဦးရှိတယ်ဆိုတဲ့ထဲမှာ ရောဂါအခံမရှိဘဲ ရာသီတုပ်ကွေးကြောင့်သေဆုံးတယ်လို့ ပြောလို့ ရ တဲ့သူက ၁၆ယောက်ပဲရှိတယ်။ ကျန်တာက နာတာရှည်လို့ ကျွန်မတို့ သတ်မှတ်တဲ့တခြား ရောဂါနဲ့ တွဲပြီး သေဆုံးတဲ့သူက ၆၂ယောက်ရှိတယ်။ဒါကြောင့် လူသေဆုံးမှုတွေရှိနေတယ်ဆိုပေမယ့် ဒါဟာ ကပ်ရောဂါ အနေ နဲ့ ကြေညာရမယ့်အနေအထားတော့မဟုတ်ဘူး''လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာ H1N1 ရောဂါပိုးဖြစ်ပွားသူနဲ့ သံသယရှိလူနာဟာ ချင်းပြည်နယ်နဲ့ ရှမ်းအရှေ့ပိုင်းကလွဲလို့ တစ်နိုင်ငံလုံးနီးပါးမှာ ရှိနေတာဖြစ်ပါတယ်။

ဒီထဲကမှ H1N1 သံသယလူနာ ၉၇၀ ဦးကိုစစ်ဆေးရာမှာ ပိုးတွေ့ရှိသူ ၄၀၇ဦးရှိခဲ့ပြီး အဲဒီမှာ သေဆုံးသူ ၇၈ ဦးရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာ H1N1ရောဂါဟာ ဖြစ်ပွားသူ ၄၀၀ ကျော်မှာ သေဆုံးသူ ၇၈ ဦးရှိနေတဲ့အခြေအနေဖြစ်ပြီး ယခင် h1N1 ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၇ခုနှစ်မှာတော့ ဖြစ်ပွားသူ တစ်ထောင်ကျော်မှာ ၃၈ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

' ' ၂၀၁၇ မှာ ရောဂါဖြစ်ပွားသူ တစ်ထောင်ကျော်မှာ ၃၈ဦးသေဆုံးတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တယ်။ ဒါက h1N1ကြောင့်သေဆုံးရသူ အရေအတွက်ကို သီးသန့်ပြောတာ။ ဒီနှစ်ဆိုရင် h1N1ကြောင့် အဓိက သေ တဲ့သူက ၁၆ဦးပဲရှိတာ။ တခြားရောဂါတွေနဲ့ သေတဲ့သူတွေကိုပါ ထုတ်ပြန်ရတယ်ဆိုတာက မိသားစုဝင် တွေဘာတွေမှာ ဖျားနာတာဘာညာရှိရင် ရောဂါမကူးစက်အောင် ထိန်းချုပ်နိုင်အောင်အတွက် ပွင့်ပွင့် လင်းလင်း ထုတ်ပြန်ရတာဖြစ်တယ်''လို့ လည်း လူသေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာခင်ခင် ကြီး က ရှင်းပြပါတယ်။

နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၇၈ ဦးရှိတဲ့ထဲမှာ ရန်ကုန်တိုင်းကရောဂါဖြစ်ပွားမှု အများဆုံးနဲ့သေဆုံးသူ အများဆုံးလည်းဖြစ်ပါတယ်။

'' သေဆုံးမှုမြင့်မားတဲ့မြို့နယ်တွေကို ကြည့်ရင် အခြေခံလူတန်းစားအများစုရှိတဲ့ မြို့နယ်တွေကို သွားတွေ့ တယ်။ ဒါတွေဟာ ပြဿနာရှိနိုင်တယ်လို့ ကျွန်တော်ကတော့ယူဆတယ်။ ဥပမာ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာပေါ့။ အဲဒီမြို့တွေမှာ အများစုက ပျံကျတို့ ကျုးကျော်တို့ တနေ့လုပ်မှ တစ်နေ့စားတွေများပါ တယ်။ဒီလိုလူတွေက ကျန်းမာရေးပြဿနာဖြစ်တဲ့အခါ လုံလောက်တဲ့အနားယူမှုမပြည့်ဘူး။ လုံလောက်တဲ့ ဆေးဝါးကုသမှုကို မခံယူနိုင်ဘူးဖြစ်နေတာပေါ့။ ဒါကိုသတိပြုဖို့လိုတယ်''လို့ ရန်ကုန်တိုင်းအတွင်း လူသေဆုံးမှုအများဆုံးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးဖြစ်တဲ့ဒေါက်တာကျော်သက်စိုးကသုံးသပ်ပြောဆိုပါတယ်။

၇ လတာကာလအတွင်း သေဆုံးသူ ၇၈ ဦးအထိရှိခဲ့ပေမယ့် ရောဂါပိုးတွေ့ရှိသူအရေအတွက်လည်းကျဆင်း လာနေပြီး မကြာခင် ကာလအတွင်းမှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

' ' တနည်အားဖြင့် ကျဆင်းပြီလို့ ကြေညာနိုင်မလဲဆိုတော့ တစ်ပတ် နှစ်ပတ်လောက်အတွင်းကြေညာ နိုင်မယ်လို့ ပြောချင်ပါတယ်''လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ