H1N1 ရာသီတုပ်ကွေး သေဆုံးသူ ၇၈ ဦးရှိလာပြီ သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် FFSS
Image caption ရန်ကုန်ဆေးရုံကြီးမှာ H1N1 ကြောင့် နေ့စဉ်သေဆုံးလူနာရှိနေ

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇၈ ဦးထိရှိလာ

ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားမှုကြောင့် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ သေဆုံးလူနာ ၇၈ ဦးရှိတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲက ထုတ်ပြန် ထားပါတယ်။

ဒီလို ရာသီတုပ်ကွေး ရောဂါဖြစ်သူတွေဟာ အသက်အရွယ်ကြီးရင့်သူ ၊နာတာရှည်ရောဂါနဲ့ နဂိုရောဂါအခံ ရှိသူများဖြစ်ပါက ကိုယ်ခံအားနည်းမှုနဲ့ ဆေးရုံကို နောက်ကျမှ ပြသမှုတွေကြောင့် သေဆုံးမှု မြင့်မားတာ ဖြစ်ပြီး ဒီအတွက် ကြိုတင်ကာကွယ်တာတွေ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်တာတွေ လုပ်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီရောဂါဟာ လူလူချင်းကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး သန့်ရှင်းမှုအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုလည်း လိုအပ်တာကြောင့် မကြာခဏ လက်ကိုဆပ်ပြာနဲ့ ဆေးကြောတာတွေ အစားအသောက် ပုံမှန်စားသုံးတာတွေနဲ့ အိပ်ရေးဝ၀ အိပ်စက်ဖို့ လိုကြောင်း သက်ဆိုင်ရာ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

"H1N1 ကြောင့် သေဆုံးသူ အများစုဟာ နာတာရှည်ရောဂါ ခံစားရသူတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး သူတို့တွေဟာ ရောဂါအခံကြောင့် ရာသီတုပ်ကွေးကူးစက်တဲအခါ ခံနိုင်ရည်မရှိဘဲ သေဆုံးကြရတာ ဖြစ်တယ်" လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာ ရောဂါကြောင့် သေဆုံးသူတိုးလာနေပေမယ့်လည်း အရေးပေါ်အခြေအနေကြေညာဖို့ မရှိသေးသလို ဒါဟာ သာမန်ရာသီတုပ်ကွေးမျိုးပဲ ဖြစ်လို့ အထူးစိုးရိမ်ဖို့ မလိုဘူးလို့ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Ministry of Social Welfare, Relief and resettlemen
Image caption ပလက်ဝမြို့နယ်တွင်းက တိုက်ပွဲရှောင်နဲ့ ရေဘေးသင့်သူတွေအတွက် အလှူငွေပေး

ပလက်ဝမြို့နယ်တွင်းက တိုက်ပွဲရှောင်နဲ့ ရေဘေးသင့်သူတွေအတွက် အလှူငွေပေး

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်းမှာ ရခိုင်တပ်မတော် အေအေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄၀ဝ၀ ကျော်ဟာ ဘေးလွတ်ရာ စစ်ဘေးရှောင် စခန်းတွေမှာ ရှောင်တိမ်းနေရပါတယ်။

ထို့အတူ မိုးရာသီဖြစ်တာကြောင့် တချို့ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေမှာ ရေဘေးဒုက္ခကို ရင်ဆိုင်နေရတယ်လို့ ပလက်ဝဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီလို စစ်ဘေးရှောင်နဲ့ ရေဘေးသင့်သူတွေအတွက် အလှူရှင်တချို့က ငွေကျပ် သိန်းနှစ်ထောင်ကျော် နဲ့ ဆန်ဆီဆား၊ မိုးကာလိပ်အစရှိတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ချင်းပြည်နယ် အစိုးရကနေတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

အဲဒီထောက်ပံ့ငွေတွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်သိန်း ၈၀ဝကျော် ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ကျပ်သိန်း ၈၀ဝ ကျော်နဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း ၃၀ဝ အပါအဝင် ချင်းပြည်နယ်အတွင်းက စေတနာရှင် ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေက ကျပ်သိန်း သုံးရာကျော်တို့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MYINT LWIN / BBC BURMESE
Image caption ရခိုင်ပြည်နယ် မြောက်ဦးမှာ ဒေသခံလူငယ်တစ်ဦးကျည်ထိ ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမှာ ဒေသခံလူငယ်တစ်ဦးကျည်ထိ ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ ဇူလိုင်လ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက်က ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးမှာ ကျည်ထိ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

၂၈ ရက်နေ့ ညနေပိုင်းက စစ်ဘေးရှောင်တွေ လာပြီးခိုလှုံနေတဲ့ မြင်းခုန်တန်းရပ်ကွက်က ဘုန်းကြီးကျောင်းကို တပ်က ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေချိန်မှာ ဆိုင်ကယ်ကို ရပ်ခိုင်းတာ မကြားတဲ့အတွက် အခုလို ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မြင်းခုန်တန်း ဒေသခံတွေက ဆိုပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးထဲက အဲ့ဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူဟာ မင်းပြားမြို့နယ် ရွှေတမာကျေးရွာက မောင်ရဲလင်းနိုင်၂၅ နှစ်ဖြစ်ပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူး နုတ်ထွက်

အမေရိကန် ပြည်ထောင်စု အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွန်ကြားရေးမှူး ဒန်ကုတ်စ်ဟာ လာမယ့် သြဂုတ်လဆန်းမှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါဟာ သမ္မတထရမ့်အစိုးရ လက်ထက်ရာထူးကြီးသူတွေရဲ့ နုတ်ထွက်မှု နောက်ဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။ သမ္မတထရမ့်ကတော့ မစ္စနာကုတ်စ်ဟာ သြဂုတ်လလယ်မှာ ရာထူးကနေ ဆင်းမှာဖြစ်ပြီး အဲဒီနေရာမှာ တက္ကဆတ်ပြည်နယ်အမျိုးသမီး လွှတ်တော် အမတ် ဂျွန်ရက်ချ်ကလစ်ကို ခန့်အပ်မယ်လို့ သူ့ရဲ့တွစ်တာကနေ ရေးသား ပြောဆိုထားပါတယ်။

ဒီမိုကရက်ပါတီဝင် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီကတော့ မစ္စတာ ကုတ်စ်ရဲ့ ရာထူး နုတ်ထွက်မှုဟာ အမေရိကန် လုံခြုံရေးအတွက် သတင်းဆိုးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူ့ကိုဆက်ခံမယ့်သူအနေနဲ့ သမ္မတကို ကာကွယ်တာမျိုး မဟုတ်ပဲ အမေရိကန် ပြည်သူတွေနဲ့ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ က ပြောပါတယ်။

သမ္မတထရမ့်နဲ့ မစ္စတာ ကုတ်စ်တို့ဟာ ရုရှားနဲ့ မြောက်ကိုရီးယား အရေးကိစ္စတွေမှာ သဘောထား မတိုက်ဆိုင်တာတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာပါ။

ဇန်နဝါရီလ တုန်းကလည်း သမ္မတ ထရမ့်က သူ့ရဲ့ထောက်လှမ်းရေးအကြီးအကဲတွေဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို မချင့်တွက် နိုင်လောက်အောင် နုံအတယ်လို့ ပြောခဲ့ဖူးပါတယ်။