ရခိုင်ပြည်နယ် မြောက်ဦးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် မြောက်ဦးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ ဓာတ်ပုံ မူပိုင် Myint Lwin / BBC Burmese
Image caption ရခိုင်ပြည်နယ် မြောက်ဦးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ဇူလိုင်လ ၂၈ ရက် ည ၈ နာရီ ဝန်းကျင်လောက်က ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးမှာ ကျည်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ၂၈ ရက် ညနေပိုင်းက စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေကြတဲ့ မြင်းခုန်တန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း ကို တပ်မတော်က ဝင်ရာက်စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အချိန် ဆိုင်ကယ်ကိုရပ်ခိုင်းတာ မကြားတဲ့အတွက် ပစ်ခတ်လိုက်တာဖြစ်တယ်လို့ မြင်းခုန်တန်းဒေသခံတွေက ပြောပါတယ်။

"ညနေပိုင်း ၇ နာရီကျော်လောက်ကနေ ၉ နာရီလောက်ထိကို ဒီနားမှာ စစ်တပ်ကနေရာယူထားပါတယ်၊ ရှေ့ကလမ်းဆုံမှာလည်းပဲ စစ်တပ်ကကားကိုရပ်ထားတယ်၊ ကျွန်တော်တို့ရပ်ကွက်က ဘုန်းကြီးကျောင်းကို ဝိုင်းထားပါတယ်၊ အဲ့ဒီမှာသွားလာနေတဲ့ ဆိုင်ကယ်တွေကိုလည်း ရပ်ခိုင်းပြီးတေ့ စစ်ဆေးတယ်၊ ဆိုင်ကယ်တစ်စီးက အရှိန်ပြင်းပြင်းနဲ့ လာတယ်၊ သူတို့ကတားတယ် မကြားဘူး၊ ပစ်သံနှစ်ချက်ကိုတော့ကြားလိုက်ရတယ်" လို့ မြင်းခုန်တန်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ညနေ ၇ နာရီကျော်၊ ၈ နာရီ လောက်မှာ စစ်တပ်ကပစ်လို့ လူငယ်တစ်ယောက် ဒဏ်ရာရသွားတယ်လို့တော့ သတင်းရထားပါတယ်၊ ဘယ်ကလဲ၊ ဘယ်လို့အခြေအနေရှိလဲဆိုတာတော့ မသိရသေးဘူး။ လောလောဆယ်တော့ ဆေးရုံကိုပို့ထားတယ်လို့ကြားပါတယ်။ မနက်မှ သွားကြည့်ရမှာ" လို့ သူကပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးထဲက အဲ့ဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူဟာ မင်းပြားမြို့နယ် ရွှေတမာကျေးရွာက ကေိုရဲလင်းနိုင် ၂၅ နှစ်ဖြစ်ပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin / BBC Burmese
Image caption ရခိုင်ပြည်နယ် မြောက်ဦးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

"ကျည်ထိတာဟုတ်ပါတယ်၊ သူကတော့ မင်းပြားမြို့နယ် ရွှေတမာကျေးရွာကပါ၊ အသက်က ၂၅ နှစ်ပါ၊ ဒဏ်ရာကတော့ လက်ဝဲဘက် ရင်အုပ်ပေါ်မှာထိသွားတာပါ၊ နှလုံးရဲ့အောက်ဘက်မှာထိပါတယ်။ လောလောဆယ်တော့ ပရက်ရှာကျနေ တယ်" လို့ ကျန်းမာရေးဌာနက အမည်မဖော်လိုသူတစ်ဦးကလည်း ၂၈ ရက်နေ့ညက အတည်ပြု ပြောဆိုပါတယ်။

တပ်မတော်က မြောက်ဦးမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွေဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတချို့ကို ဝင်ရာက်စစ်ဆေးမှုတွေပြုလုပ်နေတာ ဟုတ်မှန်ကြောင်း မြို့ဦးခေါင်းဘုန်းတော်ကြီး ကျောင်း ဆရာတော်ကမိ်န့်ပါတယ်။

"ဦးဇင်းကျောင်းကိုတော့ လာဝိုင်းတာမဟုတ်ဘူး၊ ဦးဇင်းကျောင်းရဲ့နောက်ဘက်မှာရှိတဲ့ မြင်းခုန်တန်းကျောင်းကို စောစောပိုင်းက ဝိုင်းထားတယ်၊ ဘုန်းကြီးကိုစစ်ဆေးနေတယ်ထင်တယ်။ အဆက်အသွယ်မရသေးဘူး၊ အခုတော့ သူတို့ နာရေးရုံးရဲ့အရှေ့ဘက်မှာရှိတဲ့ သသနာ့ရောင်ခြည် (ရွှေထီးဆောင်း) ကျောင်းကို ဝိုင်းထားတယ်၊ ဖမ်းတာဆီးတာတော့ မရှိဘူး" လို့ မြို့ဦးခေါင်းဆရာတော်က မိန့်ပါတယ်။

မြောက်ဦးမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ စစ်ဆေးတာရဲ့ အကြောင်းရင်းကိုတော့ မသိရရပါဘူး။ ဒီဖြစ်စဉ်နဲ့ ဆိုင်ကယ်စီး လူငယ်သေနတ်ပစ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အခု ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သူ လူငယ်ဟာ စိုးရိမ်ရတဲ့ အနေအထားရှိနေလို့ မြောက်ဦး ဆေးရုံက နေ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ လိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။

သူဟာ နိုင်ငံတကာ လူမှု အဖွဲ့အစည်း တစ်ခု မှာ အလုပ် လုပ်နေသူ ဖြစ်ပြီး အဲဒီ အဖွဲ့က တာဝန်ရှိသူတွေလည်း စစ်တွေ ဆေးရုံကို ရောက်ရှိနေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အကုန် ကတည်းက ပြင်းထန်နေခဲ့ပြီး စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူတွေ သောင်းနဲ့ချီ နေပြီ ဖြစ်သလို အရပ်သား သေဆုံးမှုရမှုကလည်း အယောက် ၇၀ ကျော်လာခဲ့ပြီ ဖြစ်တယ်လို့ မီဒီယာ ဖော်ပြချက်နဲ့ စာရင်း ပြုစုလေ့လာမှုတွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ် တွေမှာ အစိုးရ ညွန်ကြားချက်နဲ့ အင်တာနက် အွန်လိုင်းကွန်ရက် တွေလည်း ဖြတ်တောက်ထားတာ ၁ လ ကျော် လာ ခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ