ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်၊ ကျေးရွာတွေမှာ အလံစိမ်းစိုက်ပြီး သတိပေးထား

ကြီးအုံကြီးဝတမံ ဓာတ်ပုံ မူပိုင် MOEE
Image caption ရေပိုလွှဲကနေ ရေ ၂ပေကျော်စပြုလို့ အရေးပေါ်အခြေအနေအဆင့် ( ၁ ) အဖြစ် အစိမ်းရောင်အလံ စိုက်ပြီး အသိပေးထား

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကြီးအုံကြီး၀ တမံ ရေပိုလွှဲကနေ ရေကျော်နေလို့ မုန်းချောင်းဘေးမှာရှိတဲ့ကျေးရွာတွေက ဒေသခံတွေသတိထားနိုင်ဖို့ အတွက် အရေး ပေါ် အခြေ အနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံတွေစိုက်ထူပြီး အသိပေးထားတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

'' အခုကတော့ ကြီးအုံကြီးဝရဲ့ ရေပိုလွှဲကနေ ၂ပေကျော်လောက်ပဲ ကျော်ကာစရှိပါသေးတယ်။ ပြည်သူလူ ထုကို အလေ့အထဖြစ်အောင် ပညာပေးတဲ့အနေနဲ့ ဆည်နားမှာရှိတဲ့ ရွာတွေကို ပထမ ဒါ အလံအစိမ်း စိုက်လိုက်တာပေါ့။ ဒါက ရေပိုလွှဲကနေ ရေစကျော်နေပြီဆိုတာ အချက်ပြလိုက်တာပေါ့။ အဲဒီကနေထပ်ပြီး ကျော်လာမယ် နည်နည်းအန္တရာယ်အဆင့်နီးလာပြီဆိုရင်တော့ ကျေးရွာတွေမှာ အဝါရောင်အလံစိုက်တာ ပေါ့။ အခုကတော့ ဆည်မြောင်းဦးစီးဌာနကပညာပေးတဲ့အနေနဲ့ ရွာတွေမှာအလံစိုက်ပြီး သတိပေးတာပါ။ အန္တရာယ်ရှိတဲ့အနေအထားတော့မဟုတ်သေးပါဘူး '' လို့ ဦးထွန်းထွန်းကပြောပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ရေပိုလွှဲကနေရေကျော်စီးထွက်မှုဟာရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီး စေနိုင်တဲ့အခြေအနေထိဖြစ်ပေါ်လာပြီဆိုရင်တော့ အခြေအနေ ဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ်အခြေအနေ အဆင့်(၃) အဖြစ် အနီရောင်အလံတွေကို အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေမှာလိုက်လံစိုက်ထူပြီး အသံချဲ့ စက်တွေနဲ့ ကြေညာပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Image caption ၂၀၁၈ခုနှစ်က ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲနံရံ ပြိုကျလို့ ဆွာချောင်း တံတားနိမ့်ဆင်းသွားခဲ့ရ

' ' ဒါကတော့ ဆည်မြောင်းက ဆည်အောက်က အဓိက မုန်းချောင်းဘေးက ရွာတွေကို အလံစိုက်ပြီး အသိပေးပေးပါ။ ဒါနဲ့ပတ်သက်ပြီး ရပ်ကျေးတွေကတဆင့် ရှင်းပြပေးပါဆိုလို့ လုပ်ပေးရတာပါ။ အလံစိမ်း ကတော့ စိုးရိမ်စရာမရှိဘူးပေါ့လေ။ ဒါက ဆည်မြောင်းက ဒီလိုအသိပေးတာက ဒီနှစ်မှ ပထမဆုံးစလုပ် လိုက်တော့ လူတွေစိတ်ထဲ သို့လောသို့လောဖြစ်ကုန်တာ။ စိုးရိမ်စရာရှိလာရင် အဝါရောင် အဆင့်ဆိုရင် လည်း အချိန်မီအသိပေးပါ့မယ်လို့ ''လို့ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေကဘီဘီစီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာတော့ ပဲခူးတိုင်းအတွင်းက ဆွာချောင်းရေလှောင်တမံရဲ့ ရေပိုလွှဲ ဆည်နံရံပြိုကျခဲ့တဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့ သက်ဆိုင်ရာဌာနတွေက အစောပိုင်းမှာပြောဆိုခဲ့ပေမယ့် ရွာ ၅ရွာက လူသောင်းနဲ့ချီရေဘေးသင့်ခဲ့ရပြီး လူ ၅ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။