သြဝါဒခံယူဖို့မလာတဲ့ ဆရာတော်တွေအတွက် မဟန ဘယ်လို ဆုံးဖြတ်လိုက်လဲ

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှစ်ပတ်လည်အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော်နှစ်ပါးကို သြဝါဒပေးဖို့ ကမ္ဘာအေးကုန်းမြေက သံဃ နာယကကျောင်းတော်ကို ခေါ်ယူ

မဟန ထံမှာ ဆုံးမသြဝါဒခံယူဖို့ ခေါ်ယူထားတဲ့ အင်းစိန်ရွာမကျောင်း ဆရာ တော်အရှင် တိလောကာဘိဝံသ ရောက်မလာတဲ့အတွက် သံဃာ့အဖွဲ့အစည်းဥပဒေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒတွေနဲ့ ဆက် အရေးယူဖို့ မဟနက ဇူလိုင်လ ၂၉ ရက် ဒီကနေ့မှာ ထပ်မံဆုံးဖြတ် လိုက်ပါတယ်။

မဘသ အဖွဲ့ကို နာမည်ပြောင်းဖွဲ့စည်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် နဲ့ ဒုဥက္ကဋ္ဌ မော်ကျွန်းဆရာတော်တို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ မဟနအဖွဲ့က ဇူလိုင်၂၈ ရက်နေ့စွဲနဲ့ ပင့်လျှောက်ထားတာ ဖြစ်ပါတယ် ။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (မဟန)က တရားမဝင်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဲဒီ ဖောင်ဒေးရှင်း က ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ နှစ်ပတ်လည်စုံညီပွဲနဲ့ သြဝါဒခံယူပွဲလုပ်ခဲ့လို့ ဦးဆောင်ဆရာတော်တွေဖြစ်တဲ့ ဆရာတော်နှစ်ပါးကို ဇူလိုင် ၂၉ ရက်မနက်ပိုင်းမှာ သြဝါဒပေးဖို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေက သံဃ နာယကကျောင်းကို ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့ အင်းစိန် ရွာမ ကျောင်းဆရာတော် ဦးတိလောကာဘိဝံသကတော့မလာရောက်ဘဲ စာနဲ့သာ အကြောင်းပြန်ခဲ့ပြီး မော်ကျွန်းဆရာတော် အရှင် သီလက္ခန္ဓာဘိဝံသပဲ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

"ဥက္ကဋ္ဌဆရာတော်ကြီး၊ အင်းစိန် ရွာမ ဆရာတော်ကြီး၊ ဆရာတော်ကြီးကတော့ ကျန်းမာရေးပေါ့။ သက်တော်ကြီးပြီဆိုတော့ ကျန်းမာရေးအရ မလာနိုင်ဘူး" လို့ အရှင် သီလက္ခန္ဓာဘိဝံသက မီဒီယာကတွေကို ပြောပါတယ်။

အင်းစိန်ရွာမဆရာတော် မလာရောက်နိုင်တဲ့အတွက် နှစ်ဘက် ပြောဆိုဆောင်ရွက်မယ့် ကိစ္စတွေကို ဒီနေ့ မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း အရှင် သီလက္ခန္ဓာဘိဝံသက မိန့်ပါတယ်။

အဲဒီလို မလာရောက်ခဲ့လို့ မဟနက ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်လို့ "ဆရာတော် ဦးတိလောကာ သူမကြွတာနဲ့ သူတို့ ယခင်ဆုံးဖြတ်ချက်ကိုပဲ ထပ်မံ အတည်ပြုပေးနိုင်မှာပေါ့။ သာသနာရေးကနေပြီးတော့ ဆက်လက် ဆောင်ရွက်သွားရန်ဆိုတော့ ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်း ဆိုင်ရာ ၂၀/၉၀ ဖြင့် အရေးယူပေါ့။ အနည်းဆုံး အဲဒီမှာလည်း ထောင် ပြစ်ဒဏ်တွေ ဘာတွေ ရှိတယ်။ တကယ်အရေးမယူသေးလို့ အခုထက်ထိတော့ သူတို့ကို အရေးမယူဘူး ထင်နေတယ် ထင်ပါတယ်။ အခုတစ်ခါတော့ အရေးယူလိမ့်မယ်။ နိုင်ငံမှာလည်း ရွေးကောက်ပွဲတွေကလည်း ရှိနေတော့၊ ဒီဘက်က ဘုန်းကြီးတွေက နိုင်ငံရေးနဲ့ ပတ်သက်နေတယ်။ ဒီတစ်ခါတော့ အရေးယူလိမ့်မယ် ထင်တယ်" လို့ မဟနအဖွဲ့က ဆရာတော်တပါးက ဘီဘီစီကို မိန့်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ မဟနက ဆုံးဖြတ်ထားပြီးသားဖြစ်

အရင်ဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့ သာသနာရေးကို ညွှန်ကြားထားတယ်လို့ ဆိုတာနဲ့ ပတ်သက်လို့ သာသနာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးကို ဘီဘီစီကဆက်သွယ်မေးမြန်းပေမဲ့ လတ်တလောမှာ ပြန်ဖြေကြားပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။

၂ဝ/၉ဝ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေဟာ ၁၉၉၀ ပြည့်နှစ်ကထုတ်ခဲ့ ဥပဒေ ဖြစ်ပြီး အဲဒီ ဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်ကျူးလွန်သူတွေကို အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေဖြစ် ပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းနဲ့ ပတ်သက်လို့တော့ မဟနက ၂၀၁၈ခုနှစ် ဇူလိုင်လကတည်းက ဆုံးဖြတ်ချက်ငါးချက်ဖြစ်တဲ့ အမျိုးဘာသာသာသနာ စောင့် ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း က မဟနရဲ့ လမ်းညွှန်မှု တောင်းထားကို ပယ်ချဖို့၊ အဲဒီအဖွဲ့ကို တရားမဝင် အဖွဲ့အဖြစ် ဆုံးဖြတ်ဖို့၊ အဖွဲ့ဝင်အားလုံးကလည်း အဖွဲ့အမည်ကိုသုံးပြီး မည်သည့်အမှုကိစ္စကိုမျှမလုပ်ဖို့၊ ဒီဆုံးဖြတ်ချက်ချပြီး ၄၅ ရက်အတွင်း မြန်မာပြည် အနှံ့က အဖွဲ့ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ နဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် သံဃာဆိုပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ နဲ့အရေး ယူပြီး၊ လူပုဂ္ဂိုလ်ဆိုရင်လည်း လူပုဂ္ဂိုလ်ဆိုင်ရာဥပဒေနဲ့ အရေးယူဖို့ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ