ရိုဟင်ဂျာဘာသာ အစီအစဉ် VOA ထုတ်လွှင့်တဲ့ အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် MUNIR UZ ZAMAN / AFP
Image caption ဘင်္ဂလားဒေ့ရှ် Kutupalong ဒုက္ခသည်စခန်းက ဈေးတစ်ခု

(၁) ရိုဟင်ဂျာဘာသာ အစီအစဉ် VOA ထုတ်လွှင့်

မွတ်စလင်ဒုက္ခသည်တွေအတွက်ရည်ရွယ်တဲ့ ရိုဟင်ဂျာဘာသာ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု VOA ဌာနကနေ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့ ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

Lifeline လို့ အမည်ပေးထားတဲ့ မိနစ် ၃၀ စာ ရေဒီယိုအစီအစဉ်ကို ဝါရှင်တန်ဒီစီ VOA ဘင်္ဂါလီ ဘာသာဌာနကနေ တနင်္လာနေ့ကနေ သောကြာနေ့အထိ သီတင်းတစ်ပတ်ကို ၅ ရက် ထုတ်လွှင်ပေးမှာပါ။

ဝါရှင်တန်စံတော်ချိန် မနက် ၇ နာရီခွဲ၊ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ညနေ ၅ နာရီခွဲမှာ ရိုဟင်ဂျာဘာသာစကားနဲ့ ထုတ်လွှင့်ပေးမှာ ဖြစ်တယ်လို့လည်း VOA သတင်းက ဖော်ပြပါတယ်။

အစီအစဉ်မှာတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ မိသားစုပြန်လည်စုံစည်းရေး၊ ရိက္ခာခွဲတမ်း၊ ခိုလှုံရေးစခန်း၊ ပညာရေး၊ ကျန်းမာရေး စတဲ့ သတင်းအချက်အလက်တွေကို ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး ဒုက္ခသည်တွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေအကြောင်း ပြောပြနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဇ့်ဘဇား Kutupalong ဒုက္ခသည်းစခန်းထဲမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်အရေအတွက်က သိန်းနဲ့ချီရှိတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

(၂) ဖားကန့်မြေစာပုံပြိုကျ သေဆုံးသူ ၁၇ ဦးအထိ ရှိလာ

ဓာတ်ပုံ မူပိုင် KN
Image caption ရဲတပ်ဖွဲ့ဝင် ၃ဦးပါ မြေစာပုံပြိုကျတဲ့ထဲပါသွားခဲ့

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာ၊ ကရင်ချောင်ကျေးရွာနဲ့ ချောင်းဖျားကျေးရွာနားမှာ ဇူလိုင်လ ၂၈ ရက်နေ့က အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်ကမ်းပါးယံ တစ်ခု ပြိုကျခဲ့လို့ သေဆုံးသူတွေထဲက အလောင်း ၁၇ လောင်းကို ရှာတွေ့ထားပြီ ဖြစ်တယ်လို့ ဆိပ်မူကျေးရွာအုပ်စု NLD ပါတီ ဥက္ကဌ ဦးရွှေသိန်းက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူအများစုဟာ ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းအများစု ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း မြေစာပုံ ပြိုကျတဲ့အထဲ ပါသွားခဲ့တာဖြစ်ပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင်လကနေစလို့ မိုးတွင်းကာလ ၃ လ ရပ်နားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

(၃) ဘရာဇီးလ်မှာ အကျဉ်းထောင်အဓိကရုဏ်းဖြစ်လို့ ၅၂ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Bruno SANTOS / AFP
Image caption အဓိကရုဏ်းဖြစ်ခဲ့တဲ့ ဘရာဇီးလ် အကျဉ်းထောင်

ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက ပါရာပြည်နယ် Altamira အကျဉ်းထောင်တစ်ခုထဲမှာ အကျဉ်းသားတွေအချင်းချင်း တိုက်ခိုက်ကြလို့ လူ ၅၂ ဦး သေဆုံးသွားပါတယ်။

ပြိုင်ဘက်လူဆိုးဂိုဏ်းသားတွေ တဖက်နဲ့ တဖက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ခေါင်းပြတ်နေတဲ့ ရုပ်အလောင်းတွေ အနည်းဆုံး ၁၆ လောင်း တွေ့ခဲ့ရတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

"ထောင်ဆူတိုက်ခိုက်ကြရင်း ထောင်ကိုလည်း မီးတင်ရှို့ခဲ့ကြတယ်၊ ဒါ့ကြောင့် သေဆုံးသူတွေဟာ ထွက်ပြေးလို့မရ ပိတ်မိခဲ့ကြသူတွေဖြစ်ပြီး မီးခိုးမွှန်ကြပ်ပြီး သေဆုံးခဲ့ကြတာ" ဖြစ်တယ်လို့ ထောင်တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၅ နာရီကျော်ကြာခဲ့တဲ့ အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်မှာ ဓားစာခံ အဖြစ်ဖမ်းထားခဲ့တဲ့ ထောင်အရာရှိ ၂ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်ကြပြီလို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ထောင်ကျအကျဉ်းသားဦးရေ အများဆုံးဖြစ်ပြီး လူတွေ ပြွတ်သိပ်ပြည့်ကျပ်နေတဲ့ ထောင်တွေထဲ ပြိုင်ဘက်လူဆိုးဂိုဏ်းသားတွေအကြား ခုလို တိုက်ခိုက်တာတွေလည်း မကြာခဏဆိုသလို ပေါ်ပေါက်လေ့ရှိပါတယ်။

(၄) အာဖဂန်စစ်သားတစ်ဦး ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်များ

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦးကို အာဖဂန်စစ်သား တစ်ယောက်က ပစ်ခတ်ခဲ့တာကြောင့် ၂ ဦးလုံးသေဆုံးခဲ့ရတယ်လို့ အမေရိကန်စစ်တပ်အရာရှိတွေက အတည်ပြုပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက "အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်တွေကို လာမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် စတင်ရုတ်သိမ်းဖို့ သမ္မတဒေါ်နယ်လ်ထရမ့် အစိုးရ စီစဉ်ထားတယ်ဆိုပြီး" တော့ ပြောပါတယ်။

"အဆုံးမသတ်နိုင် ဖြစ်နေတဲ့ စစ်ပွဲတွေကို ပြီးဆုံးစေဖို့ သမ္မတထရမ့်က ရည်ရွယ်ထားတာ ဖြစ်တယ်" လို့ လည်း ဝန်ကြီး ပွန်ယီယိုက ဆက်ပြောပါတယ်။

လက်ရှိ အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်း ၄ ထောင်လောက် ရှိနေပြီး ဒီအရေအတွကို လျှော့ချဖို့ သမ္မတထရမ့်က ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်သူပုန်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပေမယ့် တာလီဘန်တွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အာဖဂန်နစ္စတန်အစိုးရ ကိုယ်စားလှယ်တွေကိုတော့ ဆွေးနွေးပွဲတွေမှာ မထည့်သွင်းဘဲ ချန်ထားပါတယ်။