ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ လွှတ်တော်မှာစဆွေးနွေး၊ တပ်မတော်ကိုယ်စားလှယ် တွေပါဝင်ခြင်းမရှိ

တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦးပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားခဲ့ရာကနေ ပြန်လည် ရုပ်သိမ်းသွားခဲ့တာဖြစ် ဓာတ်ပုံ မူပိုင် Getty Images
Image caption တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦးပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားခဲ့ရာကနေ ပြန်လည် ရုပ်သိမ်းသွားခဲ့တာဖြစ်

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရာမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ မပါတော့ဘူးလို့ ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှ စတင်ပြုလုပ်သွားမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံ စာအပေါ်ဆွေးနွေးဖို့ကို တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦးပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားခဲ့ရာကနေ ပြန်လည် ရုပ်သိမ်းသွားခဲ့တာဖြစ်ပါတယ်။

'' ဘာမှကျွန်တော်အနေနဲ့ မသိပါဘူး။ ကျွန်တော်တို့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေကို မေးကြည့်ပါ။ လွှတ်တော်အစီအစဉ်အတိုင်းပါပဲ။ သီးခြားပြောစရာမရှိပါဘူး။ ကျွန်တော်တို့ အစီအစဉ်အတိုင်းပဲ ဆက်လုပ် နေပါတယ်။ ကျွန်တော်တို့ မဆွေးနွေးတော့ဘူးဆိုတာ လွှတ်တော် အာဂျန်ဒါမှာပါပြီးသားပါ။''လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးတာမျိုးမရှိတော့တဲ့အတွက် ဆွေးနွေးဖို့ စာရင်းပေးထား သူ ၁၂၅ဦးအနက် တသီးပုဂ္ဂလအပါအဝင် ပါတီအစုအဖွဲ့က ကိုယ်စားလှယ် ၄၇ ဦးသာပါဝင်ဆွေးနွေးကြ တော့မှာဖြစ်ပါတယ်။

အခုလို တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ခြင်းမရှိတော့တာဟာ ဆွေးနွေးရာမှာ အချိန်ကုန် သက်သာသွားတော့ပေ့ါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွှန့်က မှတ်ချက်ပြု ပြောဆို ပါတယ်။

' ' ဒီလွှတ်တော်မှာ အမည်စာရင်းတင်ထားပြီးရင် မဆွေးနွေးပဲနဲ့ အချိန်မရွေးပြန်ပြီး ကန်ဆယ်လုပ် လို့ရ တယ်။ အကယ်လို့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ အမည်စာရင်းမပေးထားရင် နောင်ဆွေးနွေးချင်ရင် တောင်ဆွေးနွေးလို့မရတော့ဘူး။ အရင်ကလူတွေက စိုးရိမ်နေကြတယ်။ အင်မတန်မှ အခုအခံအကြိတ် အနယ်လုပ်လေကြမလားလို့ ။ အခုက ဒါပြန်ပြီးတော့ နုတ်ထွက်သွားတယ်ဆိုတော့ အဲလို အခြေအနေမျိုး တော့ မပေါ်ပေါက်လာနိုင်တော့ဘူးလို့ မှန်းဆလို့ရတယ်။ အခုအခံဖြစ်စရာတွေ မရှိဘူးဆိုတော့ လုပ်ငန်းစဉ် လေးတစ်ခုကတော့ ဒီအဆင့်တစ်ဆင့်မှာ ချောချောမွေ့မွေ့နဲ့ အချိန်တိုတိုနဲ့ ပြီးသွားနိုင်တာပေါ့" လို့ ဦးအောင်ကြည်ညွှန့်ကပြောပါတယ်။

စတင်ဆွေးနွေးနေပြီဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ တင်သွင်းထားတဲ့ အစီရင်ခံစာမှာ ပြင်ဆင်လိုတဲ့အချက်ပေါင်း ၃၇၀၀ ကျော်ရှိပါတယ်။

ဒီထဲမှာရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြင်ဆင်ချက်ပေါင်း ၁၁၂၁ ချက် နဲ့ အများဆုံး အဆိုပြုခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီကတော့ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၈၀ဝ ကျော်နဲ့ ဒုတိယအများ ဆုံး အဆိုပြုထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြင်ဆင်လိုတဲ့ အချက် ၁၀ဝ ကျော်သာ အဆိုပြုထား တာဖြစ်ပါ တယ်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံမှာ အချက်အများစုကို ပြင်ဆင်လိုတယ်လို့ အဆိုပြုထားပေမယ့် တကယ်တမ်းပြင်ဆင်နိုင်ဖို့ကတော့ လွှတ်တော်ထဲမှာ ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ယူထားတဲ့တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ဆောင်ရွက် တာကို အရင်ကလည်း ကန့်ကွက်ခဲ့သလို အဆိုပြုချက် တင်သွင်းတာ သဘောထား မှတ်ချက်ပြုတာတွေ တို့ကိုမလုပ်တာကြောင့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အောင်မြင်မယ်လို့ မျှော်လင့်ချက် မထားဘူးလို့လည်း ဘီဘီစီကိုမှတ်ချက်ပြုပြောဆိုထားပါတယ်။