အိန္ဒိယကနေ မြန်မာ ရေငုပ်သင်္ဘော ဒီနှစ်အတွင်း ရမယ်

Vizag မှာ ဒီသင်္ဘောကို အဆင့်မြှင့်တင်နေပြီး ဒီနှစ် မကုန်ခင်မှာ ပြီးဆုံးမယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။ ဓာတ်ပုံ မူပိုင် EPA
Image caption Vizag မှာ ဒီသင်္ဘောကို အဆင့်မြှင့်တင်နေပြီး ဒီနှစ် မကုန်ခင်မှာ ပြီးဆုံးမယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။

အိန္ဒိယနိုင်ငံက ပထမဆုံးအနေနဲ့ ရေငုပ်သင်္ဘောတစီးကို မြန်မာနိုင်ငံကို ဒီနှစ် အတွင်းမှာ လွဲပြောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာကို ပေးမယ့် INS Sindhuvir လို့အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောကို အိန္ဒိယက ရုရှားထံကနေ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းက ဝယ်ယူခဲ့တာလည်း ဖြစ်ပါ တယ်။

လက်ရှိမှာတော့ Vizag မှာ ဒီသင်္ဘောကို ဟိန္ဒူစတန် သင်္ဘောကျင်း လီမိတက်က အဆင့်မြှင့်တင်နေပြီး ဒီနှစ် မကုန်ခင်မှာ ပြီးဆုံးမယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။

ဒီရေငုပ်သင်္ဘောကို ဘယ်လောက်နဲ့ တပ်မတော်က ဝယ်ယူခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အိန္ဒိယက မြန်မာကို ရေငုပ်သင်္ဘော ပေးမယ့်အပေါ် သင့်တော်တဲ့ အချိန်မှာ သတင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ရေငုပ်သင်္ဘောတစီးကို တာဝန်ယူဖို့လည်း လေ့ကျင်မှု တွေအများကြီး လိုတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

'လေ့ကျင်မှုတွေကို အရင်ဦးဆုံးစလုပ်မှာ ဖြစ်တယ်၊ ဘယ်နိုင်ငံမှာ မဆို ရေငုပ် သင်္ဘော တစီး စတင်ဝယ်လိုက်ပြီဆိုရင် ဘယ်သူမှတော့ အသစ်မဝယ်ဘူး၊ အသစ်ဝယ်တယ်ဆိုတာ တော်တော်ရှားပါတယ်၊ သင်တန်းရပြီးသားကတော့ အသစ်ဝယ်တာပေါ့၊ အဟောင်းပဲယူယူ အသစ်ပဲယူယူ ဘယ်သူမှတော့ အလကား မပေးပါဘူး' လို့ သူက ပြောပါတယ်။

တပ်မတော်ရေအတွက် ရေပေါ်၊ ရေအောက်နဲ့ ရေကနေမြေပေါ် စစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေး သုံးမျိုးရှိရာမှာ ရေအောက် စစ်ဆင်ရေးက အရေးပါတဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းပြပါတယ်။

'ရေငုပ်သင်္ဘောတစီးပိုင်ဆိုင်ခြင်းဟာ ကိုယ့်ရဲ့ ရေပြင်ပိုင်နက်ကို အာမခံချက် ရရှိစေပါတယ်၊ နောက်တခုက မြန်မာနိုင်ငံသည် ပင်လယ် ကမ်းစပ်နဲ့ထိနေတဲ့ နိုင်ငံဖြစ်တယ်၊ နိုင်ငံတော်စီးပွားရေး လုပ်ငန်းတွေ သယံဇာတတွေ အများကြီး ရှိပါတယ်၊ ဒါတွေကို ကာကွယ်နိုင်ဖို့က ရေပေါ်ကာကွယ်ရေးတွင် မကဘူး ရေအောက် ကာကွယ်ရေးတွေလည်း ရှိရမှာ ဖြစ်တယ်'လို့ သူက ပြောပါတယ်။

ရေငုပ်သင်္ဘော ပိုင်ဆိုင်သွားပါက ဟန့်တားနိုင်တဲ့ စွမ်းအင်မှာ တပ်မတော်အနေနဲ့ ပိုမို တိုးတက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ရေငုပ်သင်္ဘောတစီးကို ပိုင်ဆိုင်ဖို့ အရင်ကတည်းက အိမ်မက် မက်ခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SENIOR GENERAL MIN AUNG HLAING
Image caption ရုရှား ဒါမှမဟုတ်ရင် တရုတ်နိုင်ငံကနေ ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

ဒီအတွက်လည်း ရုရှား ဒါမှမဟုတ်ရင် တရုတ်နိုင်ငံကနေ ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာ တိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်နေမှု အခြေအနေတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေ သွားရောက် ကြည့်ရှုခဲ့ပြီးတဲ့နောက် တပ်မတော်က ရေငုပ်သင်္ဘော တစီးကို မကြာခင် ဝယ်ယူနိုင် မယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်ခဲ့ပါတယ်။

ဇူလိုင်လ အစောပိုင်းမှာ အိန္ဒိယ အစိုးရထံကနေ ဒေါ်လာ ၃၈ သန်းတန် ရေငုပ်သင်္ဘောဖျက် တော်ပီဒို ဒုံး လက်နက်တွေကို မြန်မာ ရေတပ်က လက်ခံရရှိခဲ့ပါတယ်။

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာလည်း အိန္ဒိယနိုင်ငံ ရောက်ရှိ နေပြီး အိန္ဒိယ ဝန်ကြီးချုပ် အပါအဝင် အိန္ဒိယ ကြည်းတပ်၊ ရေတပ်ဦးစီးချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါ တယ်။

ဇူလိုင် ၂၉ ရက်u မြန်မာနဲ့အိန္ဒိယနိုင်ငံအကြား စစ်ရေးအရ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီမှုတခု လက်မှတ်ရေး ထိုးခဲ့တယ်လို့လည်း ဆိုပါတယ်။