မဘသအမည်ပြောင်းအဖွဲ့ ကို အစိုးရ ဘယ်လို အရေးယူမှာလဲ

အင်းစိန်ရွာမကျောင်း ဆရာတော် ရောက်မလာတဲ့အတွက် သံဃာ့အဖွဲ့အစည်းဥပဒေ နဲ့ ဆက် အရေးယူဖို့ မဟနက ဇူလိုင်လ ၂၉ ရက် မှာဆုံးဖြတ်
Image caption အင်းစိန်ရွာမကျောင်း ဆရာတော် ရောက်မလာတဲ့အတွက် သံဃာ့အဖွဲ့အစည်းဥပဒေ နဲ့ဆက် အရေးယူဖို့ မဟနက ဇူလိုင်လ ၂၉ ရက် မှာဆုံးဖြတ်

မဘသအမည်ပြောင်းအဖွဲ့ ကို နိုင်ငံတော်သံဃမဟာနာယက မဟနက ဓမ္မစက် ကုန်ပြီလို့ပြောလိုက်ပါတယ်။

မဟန ဆီမှာ ဆုံးမသြဝါဒခံယူဖို့ ခေါ်ယူထားတဲ့ အင်းစိန်ရွာမကျောင်း ဆရာတော်အရှင် တိလောကာဘိဝံသ ရောက်မလာတဲ့အတွက် သံဃာ့အဖွဲ့အစည်းဥပဒေ၊ လူပုဂ္ဂိုလ်ဆိုင်ရာဥပဒေနဲ့ ဆက် အရေးယူဖို့ မဟနက ဇူလိုင်လ ၂၉ ရက် နေ့မှာ ထပ်မံဆုံးဖြတ် လိုက်ပြီး အစိုးရ သာသနာရေး ဝန်ကြီးဌာန ဘက်ကို လွှဲပါတယ် ။

"အစိုးရဘက် ကတော့ မဟန ဆုံးဖြတ်တဲ့ အတိုင်းဆောင်ရွက်မှာပါ၊အစည်းအဝေးဆုံးဖြတ်ချက် ကဇူလိုင်လ ၂၉ ရက် ကထွက်လာတာဆိုတော့ ဘယ်လိုအရေးယူမယ်ဆိုတာကို အထက်ကို တင်ပြ ပြီးဆုံးဖြတ်သွားဖို့ရှိပါတယ် "လို့ သာသနာရေး နဲ့ ယဉ်ကျေးမှု ကြီးဌာန ဒုတိယ အမြဲတန်း အတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော်သံဃမဟာနာယ ကတော့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ ပတ်သက်လို့ ၂၀၁၈ခုနှစ် ဇူလိုင်လကတည်းက အဲဒီအဖွဲ့ကို တရားမဝင် အဖွဲ့အဖြစ် ဆုံးဖြတ်ထားပြီး၊ အဖွဲ့ဝင်အားလုံးလည်း အဖွဲ့နာမည်ကိုသုံးပြီး ဘာကိစ္စကိုမှမလုပ်ဖို့ကို မဟနက တားထားပါတယ် ။

Image caption ဇွန်လ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့ မှာ ရန်ကုန်မြို့မှာ မဘသ အမည်ပြောင်း အဖွဲ့က နှစ်ပတ်လည်ညီလာခံ ကျင်းပခဲ့ပါတယ်။

သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀

ဒါ့အပြင် မြန်မာပြည် အနှံ့က ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ နဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် သံဃာဆိုပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ နဲ့အရေး ယူပြီး၊ လူပုဂ္ဂိုလ်ဆိုရင်လည်း လူပုဂ္ဂိုလ်ဆိုင်ရာဥပဒေနဲ့ အရေးယူဖို့၂၀၁၈ တည်းက ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ ဆိုတာ ကစစ်အစိုးရလက်ထက် က သံဃာ့အဖွဲ့အစည်း တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ကို သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ နဲ့အရေး ယူဖို့ မဟန က မနှစ်ကတည်းက ထုတ်ပြန်ပြီးဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့ မှာ ရန်ကုန်မြို့မှာ အဲဒီ မဘသ အမည်ပြောင်း အဖွဲ့က နှစ်ပတ်လည်ညီလာခံ ကျင်းပခဲ့ပါတယ် ။ဒီလိုကျင်းပခဲ့တာနဲ့ ပက်သက်လို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဌ အင်းစိန်ရွာမဆရာတော် နဲ့ ဒုဥက္ကဌ မော်ကျွန်းဆရာတော်တို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဇူလိုင်၂၈ ရက်နေ့စွဲနဲ့ ပင့်လျှောက်ထားခဲ့ပါတယ်။

ဇူလိုင်၂၉ ရက် ပင့်ဖိတ်တဲ့နေရာကို ရွာမဆရာတော် ရောက်မလာလို့ မဟန က နောက်ဆုံးအကြိမ် သြဝါဒ ပေးမယ့် အစီစဉ် ကို မလုပ်တော့ဘဲ ဓမ္မစက် ကုန်ပြီလို့ပြောလိုက်တာဖြစ်ပါတယ်။

Image caption မဘသ အမည်ပြောင်းအဖွဲ့ညီလာခံဟာ အစိုးရဘက် ကို ပြင်းပြင်းထန်ထန် ဝေဖန် သလို လက်ရှိအစိုးရကိုရတဲ့နည်းနဲ့ဆန့်ကျင် ကြဖို့ လှုံ့ဆော်မှုတွေ ရှိ ခဲ့။

ဓမ္မစက် ကုန်ရင် ဘာတွေလုပ်နိုင်လဲ

ဓမ္မစက်ကုန်ရင်တော့ သာသနာရေးဘက် က သံဃာ့ အဖွဲ့စည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူဖို့ လူပုဂ္ဂိုလ် ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥ ပဒေတွေနဲ့ အရေးယူလို့ ရပါတယ်။

သံဃာ့အဖွဲ့အစည်း ဆိုင်ရာ ၂၀/၉၀ ကတော့ အနည်းဆုံး ထာင် ဒဏ်၆ လ ကနေ ၃ နှစ် အထိ အရေးယူလို့ရ ပါတယ် ။

"နိုင်ငံတော် တည်ဆောက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အဓိကထားရတာဖြစ်လို့ ကျွန်တော် တို့သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်မှာပါ။မဟန ဘက်က သဘောထားကို အထက်ကို ဆက်တင်မှာဖြစ်လို့ ဘယ်လို သိမ်သိမ်မွေ့မွေ့နဲ့နဲ့ကိုင်တွယ် မလဲ ဆိုတာ ကလည်း အခုနေ ပြောဖို့ အင်မတန် ခက်ပါတယ် "လို့လည်း ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မဘသ အမည်ပြောင်းအဖွဲ့ညီလာခံဟာ အစိုးရဘက် ကို ပြင်းပြင်းထန်ထန် ဝေဖန်သလို လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ဆန့်ကျင် ကြဖို့ လှုံ့ဆော်မှုတွေ ရှိ ခဲ့ပါတယ် ။

အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပတဲ့ ညီလာခံကို သံဃာ တထောင်ကျော် တက်ရောက် ခဲ့ပြီး ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ထားတာ အစိုးရက ဥပဒေမဲ့ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က ထုတ်ပြန်ခဲ့ပါတယ်။

"တကယ်အရေးမယူသေးလို့ အခုထက်ထိတော့ သူတို့ကို အရေးမယူဘူး ထင်နေတယ် ထင်ပါတယ်။ အခုတစ်ခါတော့ အရေးယူလိမ့်မယ်" လို့ မဟနအဖွဲ့က ဆရာတော်တပါးက ပြောထားပါတယ် ။

ဥပဒေအတိုင်းအရေးယူမှာလား

တရားမဝင် အသင်းအဖွဲ့တစ်ခုက အများပြည်သူရွေးချယ်တင်မြှောက်ထား တဲ့ ဒီမိုကရေစီအစိုးရကို ဖျက်လိုဖျက်ဆီးဆောင်ရွက်ရန်ဖို့ စိန်ခေါ်တာဟာ တားဆီး ကာကွယ်ဖို့လိုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနကဇွန်လတွင်းကထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် ဝရမ်းပြေးကြေညာခြင်းခံထား ရတဲ့ ဦးဝီရသူကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက သူရဲကောင်းလို့ သဘောသတ်မှတ်ထုတ်ပြန်တာတွေရှိပါတယ်။

သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဘက် က ဒုတိယ အမြဲတန်းအတွင်းဝန် အပြောအရ ဆိုရင့်တော့ ဘာသာရေး ကိစ္စ ဖြစ်လို့အထက်ကို တင်ပြပြီး သိမ်သိမ်မွေ့ မွေ့ ကိုင်မယ့်သဘောရှိပါတယ် ။

ဒီတော့ မဟန ကပြောတဲ့ ဥပဒေ ၂၀ /၉၀ အတိုင်းအရေးယူမှာလား။

ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းကတော့" ဒီဥပဒေတွေနဲ့ အရေးယူမယ် အရေးမယူဘူး လားဆိုတာက တော့ အထက် ကဆုံးဖြတ်မှာပါ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ ပြောဖို့ ကစောပါသေးတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ