ဝတောင်ပိုင်းမှာ ဝတပ်သားတွေအပါအဝင် လူ ၂၀ အဆိပ်သင့်

လယ်သမားတွေ ဖြန်းတဲ့ မြက်ဖျန်းဆေးပါတဲ့ရေကိုသောက်မိကြတာလို့ပြော ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လယ်သမားတွေသုံးတဲ့ မြက်ဖျန်းဆေးပါတဲ့ရေကိုသောက်မိကြတာလို့ပြော

တောင်ကျရေနဲ့ အတူ မြက်ဖျန်းဆေးရေပါနေတဲ့ ခမ်းပါစမ်းချောင်းက ရေတွေကို သောက်မိလို့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းလောက်က ရှမ်းပြည်နယ် ဝ ဒေသတောင်ပိုင်း ခမ်းပါမြို့နယ်ထဲမှာ ဝတပ်သားတွေအပါအဝင် စုစုပေါင်း လူ အယောက် ၂၀ လောက် အဆိပ်သင့်ခဲ့ပါတယ်။

အဲဒီလို အဆိပ်သင့်ခဲ့တဲ့သူတွေကို ထိုင်းနိုင်ငံဘက်မှာ ဆေးကုသမှုပေးခဲ့ပြီး အဲဒီလူတွေထဲက ၁၀ယောက်က သက်သာလို့ ပြန်ရောက်နေပြီလို့ ဝတပ်ဖွဲ့က ပြောခွင့်ရ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။

"ဝပြည်နယ်တောင်ပိုင်း ခမ်းပါမြို့နယ်မှာ ဖြစ်တာ။ အစာအဆိပ်သင့်တာ မဟုတ်ပါဘူး။ မြက်ဖျန်းဆေးတွေ ရေနဲ့ရောပါပြီးမှ သူတို့ သောက်မိတယ်ထင်တယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေပါပဲ။ ဖြစ်တာက မနေ့က နေ့လယ် ဖြစ်တာ။ ဖြစ်ဖြစ်ချင်း ယိုးဒယား ဘက်ကမ်းမှာ သွားကုတယ်။ ၁၀ ယောက်တောင် ပြန်လာပြီ။ ကျန်တဲ့ ၁၀ ယောက် မနက်ဖြန် ပြန်လာမယ်"

အခုလို ဖြစ်ခဲ့တဲ့နေရာတလျောက်ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က တပ်သားတွေအများစုနေထိုင် တဲ့နေရာတွေဖြစ်လို့ ရေသောက်မိပြီး အဆိပ်သင့်တဲ့သူတွေ အများစုကတော့ ဝ တပ်သားတွေ ဖြစ်တယ်လို့ ဝဒေသ တောင်ပိုင်း ဆက်ဆံရေးမှူး ဦးစံလောက်က ဘီဘီစီကိုပြောပါတယ်။

လယ်သမားတွေ ဖျန်းတဲ့ မြက်ဖျန်းဆေးပါတဲ့ရေကို ရဲဘော်တွေ မသိလို့ သောက်မိရာက အဆိပ်သင့်တာလို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ထိုင်းနဲ့မြန်မာ နယ်စပ်က ရော်ဘာစိုက်ခင်း တစ်ခု

အခုအသုံးပြုကြတဲ့ မြက်ဖျန်းဆေးတွေကို ဝတောင်ပိုင်းမှာ ပုံမှန်သုံးစွဲနေကြတဲ့ ဆေးတွေဖြစ်ပြီး အဲဒီဆေးတွေက မိုးရေနဲ့အတူ သောက်သုံးရေအဖြစ်သုံးနေတဲ့ ရေထဲကိုပါသွားရာက အခုလိုဖြစ်တာလို့ ဦးစံလောက်က ရှင်းပြပါတယ်။

ဒီလို အဆိပ်သင့်တာ ဖြစ်ခဲ့ပေမဲ့ ဆေးဖျန်းတဲ့သူတွေကို ဝ တပ်ဖွဲ့ကနေပြီး စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ မရှိဘူးလို့ သူကဆိုပါတယ်။

အခုလိုအဆိပ်သင့်တာအပါအဝင် ဒေသခံ အများစုထိခိုက်မှုဖြစ်ခဲ့တာဟာ ဝဒေသမှာ အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အခုဖြစ်ရပ်မှာတော့ လူအသေအပျောက်မရှိခဲ့ပါဘူး။

မတ်လအတွင်းကဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းက သိုလှောင်ထားတဲ့ ဂက်စ်အိုးတွေ ပေါက်ကွဲမှုမှာတော့ လူ ၁၆ဦးအထိသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ မတော်တဆမှုလို့ သတ်မှတ်ခဲ့ပြီး အရေးယူတာတွေမလုပ်ခဲ့ပါဘူး။