နည်းပညာအခက်အခဲကြောင့် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 လွှတ်တင်မယ့်ရက် ထပ်ရွှေ့

Arianespace စခန်းကနေ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတစ်စင်း ဓာတ်ပုံ မူပိုင် ARIANSPACE WEBSITE
Image caption Arianespace စခန်းကနေ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတစ်စင်း

အာကာသထဲလွှတ်တင်မယ့် မြန်မာ ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat -2 ဟာ အတူလိုက်ပါမယ့် ဂြိုဟ်တုရဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် လွှတ်တင်မယ့်ရက်ကို သြဂုတ်လ ၇ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနက ဘီဘီစီကို ပြောပါတယ်။

"ဒုံးပျံထဲ Myanmar Sat -2 နဲ့ အတူလိုက်ပါမယ့် ဥရောပဂြိုဟ်တု EDRS-C (European Data Relay System ) ကို နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးနေရလို့ ရက်ထပ်ရွှေ့လိုက်ရတာပါ၊ ခုတော့ ပြီးစီးသလောက် ဖြစ်နေပါပြီ" လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။

တကယ်တော့ Myanmar Sat -2 ကို ဇူလိုင် ၂၅ ရက်နေ့က လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဇူလိုင်လ ၁၀ ရက်နေ့က လွှတ်တင်မယ့် အာရပ်စော်ဘွားများနိုင်ငံရဲ့ ဂြိုဟ်တုက ပျက်ကျခဲ့လို့ သြဂုတ် ၃ ရက်နေ့မှာ လွှတ်တင်ဖို့ ရွှေ့ဆိုင်းခဲ့ပါတယ်။

အခုလည်း နည်းပညာအခက်အခဲကြောင့် လွှတ်တင်မယ့်ရက် ထပ်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

"ဒီတခါတော့ Intelsat ကနေ အတည်ပြုစာ ရထားပါပြီ၊ ရာသီဥတုကြောင့် ရွှေ့ပြောင်းတာမျိုး မဖြစ်ရင် မြန်မာစံတော်ချိန် သြဂုတ်လ ၇ ရက်နေ့ မနက် ၂ နာရီ၊ ဂိုင်ယားနား စံတော်ချိန် သြဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီမှာ လွှတ်တင်မှာပါ" လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။

ဂြိုဟ်တုလွှတ်တင်မယ့် ပုံရိပ်တွေကိုလည်း ဖေ့စ်ဘွတ် တွစ်တာ စတဲ့ ဆိုရှယ်မီဒီယာတွေကို တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်သလို လွှတ်တင်မယ့် သြဂုတ်လ ၇ ရက်နေ့ ည ၁၂ နာရီ ကျရင်လည်း နေပြည်တော်က ကမ်ပက်စကီးဟိုတယ်မှာ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ အခမ်းအနားလုပ် တိုက်ရိုက်စောင့်ကြည့်တာတွေ လုပ်ဖို့ရှိနေပါတယ်။

"ည ၁ နာရီမှာ အခမ်းအနားစမယ်၊ လွှတ်တင်မယ့် ည ၂ နာရီအချိန်အထိ တိုက်ရိုက်ထုတ်လွှင့်တာတွေ လုပ်မယ်၊ ဂြိုဟ်တုထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ တက်ရောက်ပါ့မယ်" လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption Myanmar Sat-2ကို သြဂုတ်လ ၇ ရက်နေ့မှာ လွှတ်တင်မယ်

Myanmar Sat -2 ကို တောင်အမေရိကတိုက်ထဲက အီကွေတာနဲ့ တည့်တည့်ကျတဲ့ ဂိုင်ယားနားနိုင်ငံ (Guyana)၊ ကော်ရိုး (Kourou) ကမ်းခြေမြို့လေးက Arianespace ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ ကီလိုမီတာအမြင့် ၃ သောင်း ၆ ထောင်ကို လွှတ်တင်မှာ ဖြစ်ပါတယ်။

Myanmar Sat-2 အတွက် International Telecommunications Satellite Organization က လွှတ်တင်မယ့် Intelsat 39 ဂြိုဟ်တုကို မြန်မာနိုင်ငံက တစိတ်တပိုင်း ဝယ်ယူတာမို့ မြန်မာဘက်က အချိုးကျ ပိုင်ဆိုင်မှုပဲ ရမှာဖြစ်ပေမယ့် ဂြိုဟ်တုသက်တမ်းအပြည့် ၁၅ နှစ်အထိ ပိုင်ဆိုင်အသုံးပြုနိုင်မှာပါ။

ဒီဆက်သွယ်ရေးဂြိုဟ်တုဟာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အဆက်အသွယ် ပိုကောင်းလာဖို့ ရည်ရွယ်ပြီး နည်းပညာပိုင်းလည်း အဆင့်မြှင့်ထားတယ်လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ပြောထားပါတယ်။