ရခိုင်ပြည်နယ် ကျောက်တော်မှာ နေအိမ်ခြံဝင်းထဲ လက်နက်ကြီးကျည်ကျလို့ အမျိုးသမီး တစ်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ် ကန်ရှည်ပြင်ကျေးရွာအနီး ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ ဓာတ်ပုံ မူပိုင် MYINT LWIN / BBC BURMESE
Image caption ကျောက်တော်မြို့နယ် ကန်ရှည်ပြင်ကျေးရွာအနီး ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကန်ရှည်ပြင်ကျေးရွာအနီး ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ရာမှာ လက်နက်ကြီးကျည်တစ်လုံး လိပ်မကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် အမျိုးသမီးတစ်ဦးရဲ့ တင်ပါးမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ထိမှန်သွားသူဟာ ကျောက်တော်မြို့နယ် လိပ်မကျေးရွာက မမြတ်မြတ်သွယ် ၂၃ နှစ်ဖြစ်ပြီး နေအိမ်အတွင်း ထမင်းချက် နေစဉ် ခြံဝင်းတစ်ခုတည်းမှာရှိတဲ့ နောက်ထပ်အိမ်တစ်ဆောင်ကို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့ရာကနေ ကျည်စလာရောက် ထိမှန်ခဲ့တာဖြစ်ပြီး မြန်မာ့တပ်မတော်စစ်ကြောင်း ဘက်ကပစ်ခတ်တဲ့ ကျည်ဖြစ်တယ်လို့လည်း ကာယကံရှင်မိသားစုကပြောပါတယ်။

"မနေ့ကမနက်ပိုင်းမှာ ကျွန်တော်က လယ်ထဲမှာ ကန်သင်းဆည်နေတာပါ။ ပစ်ခတ်သံတွေကို တော့ ကြားတယ်။ စစ်ကြောင်း တွေလဲသွားနေတယ်။ ဒါကြောင့် ကျွန်တော်လဲ ရွာကိုမပြန်ရဲဘဲ။ လယ်တဲမှာပဲ နေလိုက်တယ်။ သမီးဆီကနေဖုန်းဆက်လာ တယ်။ သူ့တင်ပါးမှာ ဘာထိမှန်းမသိဘူး။ ထုံကျဉ်နေတယ်။ ဆိုတော့အိမ်ကိုပြန်လာလိုက်တော့ သမီးရဲ့တင်ပါးမှာ လက်နက်ကြီးကျည်စထိမှန်နေတာဖြစ်ပါတယ်။"လို့ မမြတ်မြတ်သွယ်ရဲ့အဖေ ဦးအောင်လှစိုးကပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ ဦးအောင်လှစိုးရဲ့နေအိမ်နဲ့ ခြံဝင်းတစ်ခုတည်းမှာရှိနေတဲ့ သူ့ရဲ့ယောက္ခမ နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်တွေလည်းပျက်စီးသွားပြီး သူ့ရဲ့နေအိမ်မှာလည်း ဘုရား ကျောင်းတွေ၊ ခေါင်မိုတွေပျက်စီးသွားခဲ့ကြောင်း ဦးအောင်လှစိုး ကပြောပါတယ်။

ဒါ့အပြင် ဒီပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှာလဲ ပြတင်းမှန်တွေနဲ့ ဘုံပိတ်တွေ ထိခိုက် ပျက်စီး ခဲ့ရပြီး ကျေးရွာအတွင်းက နွားတွေလဲ ကျည်စထိမှန်မှုကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။

"ကျွန်တော်သမီးကိုတော့ မနေ့ကညနေပိုင်းမှာ ကျောက်တော်ဆေးရုံကိုပို့ခဲ့ပါတယ်။ အခုမနက်ပိုင်းမှာ သူ့ဒဏ်ရာကို ဓါတ်မှန်ရိုက်ထားပါတယ်။ အဖြေတော့မသိရသေးဘူး။ ဒဏ်ရာအခြေအနေကတော့ လောလောဆယ် သက်သာတဲ့သဘောတော့ရှိနေပါတယ်။"လို့ ဦးအောင်လှစိုးကပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ်မှာ အစည်းအဝေးလုပ်နေတဲ့အတွက် ဖြေကြားပေးဖို့ မအားသေးဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော်စစ်ကြောင်းဟာ ဇူလိုင် ၃၀ရက်နေ့မနက်ပိုင်းမှာ ဒေါင်းတောင်ယိုးကျေးရွာကနေ စိန်ခြုံ ကျေးရွာဘက်ကို သွားခဲ့တာဖြစ်ပြီး စစ်ကြောင်းသွားလာရင်း ပစ်ခတ်မှုတွေပြုလုပ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက မြောက်ဦးမြို့နယ် မြောက်ဘက် သုံးမိုင်ခန့်အကွာ အဘောင်တော်ကျုံးရှိတဲ့ အုပ်ဖိုကန်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ် လို့လည်းသိရပါတယ်။

အခုလိုလက်နက်ကြီးကျည်တွေ ရွာထဲမှာကျရောက်ပေါက်ကွဲမှုတွေရှိလာတာကြောင့် ကျေးရွာသားအချို့ ဟာ ဇူလိုင် ၃၀ရက်နေ့မနက်ပိုင်းက အနီးအနားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ကျေးရွာအနီးမှာ အခုလိုမျိုးဆက်လက်ဖြစ်ပွားလာမှကိုစိုးရိမ်နေကြ တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။