ကွတ်ခိုင်မှာ ကျပ်ငွေ ၁၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မူးယစ်ဆေးချက်တဲ့ စက်ရုံ ၆ ရုံကနေ ရှာဖွေတွေ့ရှိ

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အိုက်စ် ၇၅ဝ ကီလိုကို ရှာဖွေတွေ့ရှိခဲ့

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ကွင်းဆက်သတင်းများအရ ဇူလိုင် ၂၅ ရက်ကနေ ၂၈ရက်နေ့ အထိ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေဖမ်းဆီးမှုအရ မူးယစ်ဆေးဝါးချက် လုပ်နေ တဲ့ စက်ရုံ ၆ နေရာမှာ ကျပ်ငွေတန်ဖိုး ၁၆ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်း ဆီး ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ဘီဘီစီကိုပြောပါတယ်။

အခုဖမ်းဆီးမိမှုဟာ ဇူလိုင် ၂၁ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့နယ်၊ နမ့်အွန် ကျေးရွာက ဦးကျောက်တဲ့ယုန်ရဲ့နေအိမ်နဲ့ ဂိုဒေါင်ကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာကတဆင့် ဆက်စပ် ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

''တပ်ကနယ်မြေရှင်းလင်းရဲ့မိတာပေါ့။ ရဲကတော့ ဝိုင်းပြီးတော့ ထိန်းပေး ပူးပေါင်းပေးတာပေါ့။ မိတဲ့ ပစ္စည်း တွေက လောလောဆယ်တော့ တောထဲကနေ ထုတ်တုံးပဲ။ အတိအကျတော့ မသိသေးဘူး။ တွေ့တဲ့မူးယစ် ဆေးဝါး ကတော့ အကြမ်းဖျင်းတော့ ၁၆ ဘီလီယံဖိုးလောက်ရှိတယ်''လို့ ရဲမှူးချုပ်ဇော်ခင်အောင်က ပြောပါ တယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ၆ နေရာ ရှာဖွေတွေ့ရှိခဲ့

၄ရက်ကြာ ရှာဖွေဖမ်းဆီးမှုအရ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေအပြင် ပန်းရောင် ဆေးပြား (WY+88) အရော အပြား၉ဝဝဝ ၊ စုစုပေါင်းဒေသ တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အိုက်စ် ၇၅ဝ ကီလိုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန် ထားပါတယ်။

' ' မူးယစ်ဆေးချက်တဲ့ လူနေတဲ့ တဲချည်းပဲ အလုံး ၉၀ ကျော် ၁၀၀ နီးပါးရှိတယ်။ စက်ရုံနေရာက ၆နေရာ ထိရှိတာ။ ဒါနဲ့ပတ်သက်ပြီး လောလောဆယ်တော့ တပ်ကအမှုဖွင့်တာဘာညာမရှိ သေးဘူး။ အသေးစိတ် တော့ ပြောလို့မရသေးဘူး ''လို့ ရှာဖွေတွေ့ရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ရဲမှူးချုပ်ဇော်ခင် အောင်က ပြောပြ ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကွတ်ခိုင်မြို့မ ရဲစခန်း ကို ပို့ဆောင်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မ တော် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။